15 Nov, 2021 | No Comments
Keratosis follicularis
Keratosis follicularis ဆိုတာ မွှေးညင်းပေါက်ပိတ်ဆို့ရာကဖြစ်တဲ့ ကြာဆူးဆန်ဆန် နီညိုရောင်အဖုလေးတွေဖြစ်ပါတယ်။ အရေပြားက စူထွက်နေတဲ့ ဝတ်ဆံလေးတွေကို keratosis ခေါ်ပါတယ်။ follicularis ဆိုတာ မွှေးညင်းပေါက် ပိတ်ဆို့ရာက ဖြစ်ရတာ။ စူထွက်တဲ့ အသားမာဖုပေါ်မှာ မဲညစ်ညစ် ဝါကျင့်ကျင့် keratin ဖယောင်းဖတ်တွေ ကပ်နေတာကို keratosis follicularis ခေါ်ပါတယ်။ နောက်ပိုင်းမှာ Darier disease လို့ပဲ သုံးနှုန်းကြတော့တယ်။
ATP2A2 gene မျိုးဗီဇပြောင်းလဲမှုနဲ့ အဓိကသက်ဆိုင်တယ်။ မိဘတစ်ဦးဦးဆီက အဆိုပါမျိုးဗီဇ အမွေဆက်ခံလို့ ဖြစ်ပါတယ်။ အရေပြားဆဲလ်တွေကြား ကော်လိုကပ်ပေးနိုင်တဲ့ desmosome ပုံစံပျက်သွားရာက keratinocyte ပွားများမှုကို မထိန်းချုပ်နိုင်တော့ဘူး။ ဒီဆဲလ်ပွားများမှုဟာ အရေပြားထိခိုက်တဲ့အခါ ပိုဖြစ်လာပါတယ်။ အဆီပြန်တဲ့နေရာတွေနဲ့ အရေပြားပွတ်တိုက်မှုများတဲ့နေရာတွေမှာ အဓိကတွေ့ရတယ်။ အချိန်ကြာတာနဲ့အမျှ ကရာတင်တွေ ပိုများလာပြီး ဖယောင်းချပ်လို စေးကပ်တဲ့ အဖတ်လေးတွေ အလွှာလိုက် ကပ်လာပါတယ်။ အထူးသဖြင့် ဒီဖယောင်းချပ်လေးတွေကို နဖူး၊ နှာခေါင်း၊ ဂျိုင်း၊ ပေါင်ခြံ၊ ဂုတ်၊ လည်ပင်း၊ ရင်ဘတ် စတဲ့နေရာတွေမှာ အဓိကတွေ့ရတယ်။
Keratosis follicularis ဖြစ်တဲ့ အရေပြားက ကြမ်းရှခြောက်သွေ့ပြီး အသားဖုလေးတွေ ထနေမယ်။ တခါတရံ အညိုရောင် အဝါရောင်အဖတ်လေးတွေကပ်နေတတ်တယ်။ ပုံစံက seborrheic dermatitis နဲ့ ဆင်တူတယ်။ ယားယံတာ၊ စပ်တာ၊ အရည်ကြည်ဖုထတာ ရှိနိုင်တယ်။ ခြေသည်းလက်သည်းမှာ အင်္ဂလိပ်အက္ခရာ V (ဗွီပုံစံ) အဖြူရောင် အထစ်ရာမျိုး အစင်းကြောင်းတွေ ရှိတတ်တယ်။ ပါးစပ်အတွင်းပိုင်းမှာ အဖုတွေဖြစ်လာတယ်။ မျက်လုံး ခြောက်သွေ့တာရှိနိုင်တယ်။ လက်ဖဝါး၊ခြေဖဝါးမှာ ဖြစ်ရင် အဖြူရောင်အချိုင့်ပေါက်လေးတွေ၊ အဝါရောင်အဖတ်လေး(Punctate keratosis)တွေ မြင်ရတက်တယ်။ ခြေဖမိုး၊လက်ဖမိုးတွေမှာ ကြွက်နို့ဆန်ဆန် အသားရောင် အဖုတွေထွက်လာတာကို acrokeratosis verruciformis ခေါ်ပါတယ်။ နေရောင်ထိတာ၊ ချွေးထွက်များတာ၊ အဆီပြန်တာ၊ ဗက်တီးရီးယားပိုးဝင်တာ၊ ရေယုန်ဖြစ်တာ၊ စတီးရွိုက်လိမ်းဆေးသုံးတာတွေက မီးလောင်ရာလေပင့် ဒီရောဂါကို ပိုဆိုးစေတယ်။
ကုသနည်း
သိပ်မဆိုးတဲ့ရောဂါမှာ အစိုဓာတ်ထိန်းဆေးနဲ့ နေလောင်ကာလိမ်းဆေး အဓိကပေးရတယ်။ အသားခြောက်တာအတွက် lactic acid (သို့) urea လို လိမ်းဆေးပေးနိုင်တယ်။ ရောင်ရမ်းခြင်းကို လျှော့ချဖို့ စတီးရွိုက်လိမ်းဆေးတွေ သုံးနိုင်တယ်။ Retinoid လိမ်းဆေးနဲ့ Dermabrasion နည်းတွေက လိုသလို အသုံးပြုနိုင်တယ်။ တခါတရံ 5-fluorouracil လိမ်းဆေးတွေက အကျိုးရှိတာတွေ့ရတယ်။ ဆိုးရွားပြင်းထန်တဲ့အဆင့်မှာ acitretin, isotretinoin, cyclosporin လိုသောက်ဆေးတွေ ပေးနိုင်တယ်။
ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်
Write Reviews
Leave a Comment
No Comments & Reviews