13 Nov, 2021 | No Comments
Acne fulminans
Acne fulminans (ပေါက်ပေါက်ဆုပ် ဝက်ခြံ)ဆိုတာ ဝက်ခြံအလုံးအကျိတ်နဲ့ ပြည်တည်နာတွေ ခန္ဓာကိုယ်အနှံ့ ရုတ်ခြည်းဆိုသလို ထွက်ပေါ်လာတဲ့ ဆိုးရွားတဲ့အရေပြားရောဂါ အခြေအနေတစ်ရပ်ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အရေပြား ဝက်ခြံအကျိတ်တွေသာမက ဖျားနာတာ၊ အားအင်ကုန်ခန်းတာ၊ အရိုးတွေနာကျင်တာ၊ အဆစ်အမြစ်ကိုက်ခဲတာ စတဲ့ လက္ခဏာတွေနဲ့ တွဲဖြစ်လေ့ရှိတယ်။ ဝက်ခြံကုတဲ့ ပိုးသတ်ဆေးတွေနဲ့ မသက်သာတာ များတယ်။ ဝက်ခြံကုသဖို့သာမက ခန္ဓာကိုယ်ရောင်ရမ်းမှုကို လျှော့ချပေးဖို့လည်း လိုအပ်တယ်။
Acne fulminans ဟာ acne conglobata နဲ့ ဆင်တူတာကြောင့် မှားယွင်းတတ်ပါတယ်။ Acne fulminans က ဝက်ခြံပြည်ကျိတ်တွေ ခန္ဓာကိုယ်အနှံ့ ရုတ်တရက် ဖြစ်ပေါ်လာလေ့ရှိပါတယ်။ Acne conglobata မှာတော့ ဆိုးရွားလာတဲ့ ဝက်ခြံအလုံးကျိတ်တွေ၊ ပြည်တည်နာတွေ အရေပြားမှာ ဖြည်းဖြည်းချင်း ဖြစ်ပေါ်လေ့ရှိပြီး နောက်ဆက်တွဲ အမာရွတ်ကို ကျန်တတ်တယ်။
ဆိုးရွားပြင်းထန် ဖာမီနန်ဝက်ခြံ
Acne fulminans (ပြင်းထန် ပေါက်ပေါက်ဆုပ်ဝက်ခြံ)က testosterone ပမာဏ ရုတ်ခြည်းမြင့်တက်လာလို့ ဖြစ်ပါတယ်။ isotretinoin လို ဝက်ခြံသောက်ဆေးတွေ ဖြတ်ပြီး ပြန်ကန်ထွက်လာတာလည်း ရှိနိုင်တယ်။ Anabolic steroids ထိုးဆေးတွေကြောင့် အဆီထုတ်လုပ်မှု (sebum production)လွန်ကဲရာကနေ Cutibacterium Acnes (P. acnes) ဝက်ခြံဗက်တီးရီးယားပိုးတွေ ပွားများလာစေတယ်။ တချို့သီအိုရီတွေအရ ဝက်ခြံဗက်တီးရီးယားပွားများမှုကို ခန္ဓာကိုယ်ခုခံအားက အလွန်အမင်းတုံ့ပြန်ရာက ထိန်းမနိုင်သိမ်းမရဘဲ ဝက်ခြံအလုံးအကျိတ်တွေ၊ပြည်တည်နာတွေ ပွားလာတယ် ဆိုကြတယ်။ ဒီရောဂါဟာ autoimmune နဲ့ ဆက်စပ်တယ်လို့ ယူဆထားကြတယ်။
Acne fulminans (ပေါက်ပေါက်ဆုပ်ဝက်ခြံ) ဟာ အဖြစ်နည်းပေမယ့် ဆိုးရွားလှတဲ့ ဝက်ခြံအမျိုးအစားထဲပါပါတယ်။ ဟော်မုန်းပြောင်းလဲစ အရွယ် အသက် ၁၃-၂၁နှစ်တွေမှာတွေ့ရတယ်။ ယောကျာ်းလေးတွေမှာ အဓိကတွေ့ရပြီး ကြွက်သားထုထည်တည်တောက်တဲ့ထိုးဆေး ထိုးထားသူတွေ ပိုအဖြစ်များတယ်။ ဝက်ခြံကျိတ်တွေသာမက ဝက်ခြံအနာတွေလည်း တွဲတွေ့ရတယ်။ ပေါက်ပေါက်ဆုပ်လို ဝက်ခြံအနာတွေ အဆုပ်လိုက် ရှိနေတတ်တယ်။ ဒီအနာတွေ ပေါက်သွားတဲ့အခါ ရုပ်ဆိုးတဲ့ အနာချပ်တွေဖြစ်ပေါ်လာတယ်။ ရောင်ရမ်းဓာတ်တွေ ခန္ဓာကိုယ်အနှံ့တက်နေတတ်ပြီး ဖျားတာ၊အဆစ်မြစ်နာကျင်ကိုက်ခဲတာတွေ ပေါ်ပေါက်လာတယ်။ erythema nodosum လိုအဖုကျိတ်တွေ ခြေထောက်မှာတွေ့ရတတ်တယ်။ သရက်ရွက်ကြီးတာမျိုး ရှိတတ်တယ်။ အရိုးအဆစ်ပေါင်းစုံနာကျင်ကိုက်ခဲလာတယ်။ ဒီဝက်ခြံဖြစ်ရင် သွေးစစ်ဖို့ လိုအပ်ပါတယ်။ သွေးနီဥ၊ သွေးဖြူဥ၊ ရောင်ရမ်းဓာတ်၊ အသည်း၊ကျောက်ကပ်နဲ့ ဟော်မုန်းတွေ စစ်သင့်တယ်။ အဆစ်ရောင်တာအတွက် X-rays ဓာတ်မှန်တွေ ဖြစ်တဲ့နေရာပေါ်မူတည်ပြီး ရိုက်သင့်တယ်။
ကုသနည်း
ယေဘုယျအားဖြင့် အရောင်ကျစေတဲ့ corticosteroids သောက်ဆေးနဲ့ isotretinoin သောက်ဆေးတွေ ပူးတွဲပေးရတယ်။ Oral prednisolone 60mg/kg/day ကို အနည်းဆုံး ၂-၄ပတ်ကြာ ဆက်တိုက်ပေးရတယ်။ ပြီးရင် ဖြည်းဖြည်းချင်းလျှော့သွားရတယ်။ အဆီဂလင်းအတွက် isotretinoin သောက်ဆေးကို ပုံမှန်ပေးတာထက် တိုးပေးပြီး 0.1 mg/kg/day နှုန်းနဲ့ တွက်ချက်ရတယ်။ တခါတရံ prednisone ကို dapsone (သို့) cyclosporine သောက်ဆေးတွေနဲ့ တွဲဖက်ပေးရတယ်။ acne fulminans မှာ သောက်ဆေးတွေကို အဓိကပေးရပေမယ့် လိုအပ်ရင် တခြား steroid လိမ်းဆေး၊ ဝက်ခြံလိမ်းဆေးနဲ့ ပိုးသတ်ဆေးတွေ တွဲဖက်အသုံးပြုနိုင်ပါတယ်။ ဆေးမတိုးတဲ့ ဝက်ခြံကျိတ်တွေအတွက် etanercept နဲ့ infliximab လို ဆေးတွေ လိုအပ်နိုင်တယ်။ ဘေးထွက်ဆိုးကျိုးကလည်း များပါတယ်။ ဒီလို ဆိုးရွားတဲ့ ဖာမီနန် ဝက်ခြံအမျိုးအစားဖြစ်ရင် နားလည်တတ်ကျွမ်းတဲ့ အရေပြားဆရာဝန်နဲ့ ပြသပြီး ကုသမှု အမြန်ဆုံးခံယူသင့်ပါတယ်။
ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်
Write Reviews
Leave a Comment
No Comments & Reviews