Open 9:00-12:00 AM
+95 92051590

Acne conglobata

13 Nov, 2021 | No Comments

Acne conglobata

Acne conglobata ဆိုတာ ကြီးမားတဲ့ ဝက်ခြံကျိတ်တွေ ဖြစ်တာမို့ ဂေါ်ဇီလာဝက်ခြံအဖြစ် တင်စားကြတယ်။ ဝက်ခြံအမျိုးအစားတွေထဲမှာ အဆိုးဆုံးအဆင့် ဝက်ခြံဖြစ်ပြီး ပျောက်ကင်းဖို့ အချိန်ယူတယ်။ သမားရိုးကျဝက်ခြံပျောက်ဆေးတွေနဲ့ မနိုင်တာများတယ်။ ဝက်ခြံဖြစ်စေတဲ့ P. acnes ကို ခုခံအားစနစ်က လွန်ကဲစွာ တုံ့ပြန်မှုကြောင့် ရောင်ရမ်းဝက်ခြံ အလုံးအကျိတ်တွေ မျက်နှာအနှံ့ထွက်လာပါတယ်။ မျက်နှာတစ်ပြင်လုံး အဖုကျိတ်တွေ တွေ့ရပြီး ကျောပြင်၊ ဂျိုင်း၊ ရင်ဘတ်၊ နောက်စေ့ စတဲ့နေရာတွေမှာလည်း ဖြစ်ကြပါတယ်။ ပြည်အိတ်လို အဖုတွေ နေရာအနှံ့တွေ့ရတယ်။

Acne conglobata (ဂေါ်ဇီလာဝက်ခြံ)ဆိုတာ အဆီဂလင်းပိတ်ဆို့မှုကြောင့် အလုံးအကျိတ်တွေ ဖြစ်လာတာပါ။ အဆိုပါအကျိတ်တွေဟာ Cutibacterium acnes ဝက်ခြံပိုးဝင်လာတဲ့အခါ ရောင်ရမ်းလာပါတယ်။ ရောင်ရမ်းတဲ့အလုံးကျိတ်တွေက ဆက်လက်ကြီးထွားပြီး တစ်ခုနဲ့တစ်ခု မြောင်းသဖွယ်ဆက်သွယ်မိတဲ့အခါ ရုပ်ဆိုးတဲ့အလုံးအကျိတ်တွေ ဖြစ်ပေါ်လာပါတယ်။ ဆိုးရွားပြင်းထန်တဲ့ ဝက်ခြံအလုံးအကျိတ်တွေ ပြည်တည်နာအဖြစ် ပြောင်းလဲပြီး ရင့်လာတဲ့အခါ ပေါက်ထွက်သွားတတ်ပါတယ်။ အရေပြားအောက်လွှာ ရောင်ရမ်းမှုက နာတာရှည်ဖြစ်လို့ အမာရွတ်ကျန်ရစ်တာများတယ်။

ဂေါ်ဇီလာဝက်ခြံဟာ အမျိုးသားဟော်မုန်းလွန်ကဲမှုနဲ့ ဆက်စပ်နေပါတယ်။ သိုင်းရွိုက်ဆေး၊ ဟော်မုန်းထိုးဆေး(anabolic hormones)တွေက ဒီဝက်ခြံနဲ့ ဆက်စပ်နေပါတယ်။ အတွေ့အကြုံအရ ဂဟေဆော်တဲ့လူနာတွေမှာ မကြာခဏဆိုသလို တွေ့ရတယ်။ ဂေါ်ဇီလာဝက်ခြံဟာ ဆိုးရွားတဲ့ဝက်ခြံတစ်မျိုးဖြစ်လို့ အရေပြားဆရာဝန်နဲ့ စနစ်တကျ ကုသမှုခံယူသင့်တယ်။ 

Acne conglobata မှာ လိမ်းဆေးထက် သောက်ဆေးတွေက ပိုထိရောက်တယ်။ အရောင်ကျစေတဲ့ corticosteroids သောက်ဆေးနဲ့ isotretinoin သောက်ဆေးတွေ ပူးတွဲပေးရတယ်။ Oral prednisolone 60mg/kg/day ကို အနည်းဆုံး ၂-၄ပတ်ကြာ ဆက်တိုက်ပေးရတယ်။ ပြီးရင် ဖြည်းဖြည်းချင်းလျှော့သွားရတယ်။ အဆီဂလင်းအတွက် isotretinoin သောက်ဆေးကို ပုံမှန်ပေးတာထက် တိုးပေးပြီး 0.1 mg/kg/day နှုန်းနဲ့ တွက်ချက်ရတယ်။ တခါတရံ colchicine (သို့) dapsone (သို့) cyclosporine သောက်ဆေးတွေနဲ့ တွဲဖက်ပေးရတယ်။ ပြည်တည်နာအတွက် erythromycin, clindamycin, doxycycline, minocycline, coamoxyclav, rifampicin စတဲ့ ပိုးသတ်ဆေးတွေ လိုနိုင်တယ်။ သောက်ဆေးသာမက လိုအပ်ရင် တခြားဝက်ခြံလိမ်းဆေးတွေနဲ့ တွဲဖက်အသုံးပြုနိုင်ပါတယ်။ ဆေးမတိုးတဲ့ ဝက်ခြံကျိတ်တွေအတွက် etanercept နဲ့ infliximab လို ဆေးတွေ လိုအပ်နိုင်တယ်။ 

ဆိုးရွားတဲ့ ဂေါ်ဇီလာ ဝက်ခြံအမျိုးအစားဖြစ်ရင် နားလည်တတ်ကျွမ်းတဲ့ အရေပြားဆရာဝန်နဲ့ ပြသပြီး ကုသမှု အမြန်ဆုံးခံယူသင့်ပါတယ်။ ပုံမှန်အားဖြင့် သောက်ဆေး၊လိမ်းဆေး ၄-၆လထိ ပေးမှပျောက်ကင်းနိုင်တယ်။ အမာရွတ်ကတော့ ရောဂါဖြစ်တဲ့ပေါ်မူတည်ပြီး ကျန်ရစ်နိုင်ပါတယ်။ 

If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ(သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။

Write Reviews

Leave a Comment

No Comments & Reviews