5 Nov, 2021 | No Comments
Sebaceous nevus
Sebaceous nevus (မွေးရာပါ အဆီလုံးမှဲ့)တွေဟာ ဦးရေပြားမှာတွေ့ရတဲ့ မွေးရာပါမှဲ့တွေဖြစ်ပါတယ်။ မွေးကင်းစ ကလေးငယ်တွေရဲ့ ၀.၃%မှာ တွေ့ရတယ်။ ကျား၊မ အရွယ်မရွေးဖြစ်နိုင်တယ်။ အဆီလုံးမှဲ့တွေဟာ အပေါ်ယံအရေပြားဆဲလ်၊ အဆီအိတ်၊ မွှေးညင်းပေါက်၊ ချွေးဂလင်းနဲ့ တွယ်ဆက်တစ်ရှူးတွေ စုရုံးဖွဲ့စည်းထားပါတယ်။ တနည်းအားဖြင့် အရေပြားအပေါ်ယံဆဲလ်အားလုံးပါဝင်နေပါတယ်။ အဆီလုံးမှဲ့ခြောက်တွေဟာ မွှေးညှင်းကျိတ်တစ်မျိုး ဖြစ်ပြီး epidermal nevus (အပေါ်ယံဆဲလ်မှဲ့) အမျိုးအစားထဲမှာပါဝင်ပါတယ်။ Nevus sebaceous လည်း ခေါ်ကြတယ်။
ဘာ့ကြောင့်ဖြစ်လဲ
ကိုယ်ဝန်ဆောင် သန္ဓေသားဘဝမှာ ectoderm ဖြစ်တည်မှု ချို့ယွင်းချက်ကြောင့် ဒီလို အရေပြားအဆီလုံးမှဲ့တွေ ဖြစ်ပေါ်လာပါတယ်။ ဆဲလ်ကြီးထွားမှုဖြစ်စဉ် RAS/MAP kinase pathway မှာ ချို့ယွင်းချက်တစုံတရာက ဆဲလ်ကွဲပွားမှု ထိခိုက်ပြီး ပုံမှန်မဟုတ်တဲ့အဆီလုံးတွေ ဖြစ်ပေါ်လာပါတယ်။
မွေးကင်းစအရွယ် ကလေးဦးခေါင်းမှာ ခပ်ဝါဝါအကွက်အဖြစ် စတင်မြင်တွေ့ရတယ်။ တဖြည်းဖြည်း အရွယ်ရောက်လာတဲ့အခါ အကွက်က ဆံပင်မပေါက်ဘဲ အဆီကျိတ်မှဲ့တွေဖြစ်လာပါတယ်။ ဦးရေပြား၊ မျက်နှာ၊လည်ပင်းနဲ့ နားနောက်ဖက်တွေမှာ ဖြစ်တတ်ပါတယ်။ တချို့အဆီလုံးမှဲ့တွေဟာ မျက်နှာပြင်ညီညာပြီး တချို့မှာတော့ အကျိတ်အဖုအထစ်(verruciform)တွေအဖြစ် မြင်တွေ့ရတယ်။ ခန္ဓာကိုယ်မှာဖြစ်ရင် Blaschko lines တစ်လျှောက်ဖြစ်တတ်ပါတယ်။
Sebaceous nevus အဆီလုံးမှဲ့ကျိတ်တွေဟာ ကင်ဆာအဖြစ်ပြောင်းလဲတာရှားတယ်။ သို့သော် basal cell carcinoma ကင်ဆာဖြစ်နိုင်ချေတော့ရှိတယ်။ ဒီလိုကင်ဆာဖြစ်နိုင်ချေဟာ အရွယ်ရောက်မှဖြစ်ပေါ်လာလို့ ဖြတ်ထုတ်ကုသရင် အချိန်မှီပါတယ်။ Sebaceous nevus မှာ အကျိတ်တွေ တဖြည်းဖြည်းကြီးထွားလာတာ၊ပြောင်းလဲလာတာ၊ နာကျင်ကိုက်ခဲတာမျိုးဖြစ်တဲ့အခါ ခွဲစိတ်ကုသနိုင်သလို အသားစယူစစ်ဆေးနိုင်ပါတယ်။ များသောအားဖြင့် အရွယ်ရောက်မှဖြစ်လို့ ယေဘုယျအားဖြင့် ကလေးငယ်တွေမှာ ခွဲစိတ်ကုသဖို့ မလိုအပ်ပါဘူး။ အရေပြားလွာတစ်ခုလုံးခွဲထုတ်ရတာမို့ အမာရွတ်ကျန်တာမျိုးရှိပါတယ်။ ပုံမှန်အားဖြင့် ဖြတ်ထုတ်တဲ့နည်းကို အသုံးပြုပြီး topical 1% sirolimus လိမ်းဆေးတွေက အဆီဖုမှဲ့တွေကို ချပ်သွားစေပါတယ်။
Sebaceous nevus ဟာ မျိုးရိုးကြောင့်မဟုတ်ဘဲ တခြားမွေးရာပါရောဂါတွေဖြစ်တဲ့ epidermal nevus syndrome နဲ့ Schimmelpenning-Feuerstein-Mims (SFM) syndrome တွေနဲ့ ဆက်စပ်နေတတ်ပါတယ်။ အကယ်၍ Nevus sebaceous syndrome နဲ့တွဲဖြစ်တဲ့အခါ ဦးခေါင်းခွံနဲ့ မျက်လုံးအိမ်အတွင်းမှာ တခြားအလုံးကျိတ်တွေလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုအကျိတ်တွေဖြစ်တဲ့အခါ ကိုယ်တခြမ်းလေဖြတ်တာ၊ တက်တာ၊ ကြီးထွားမှုနှေးကွေးတာမျိုးဖြစ်တတ်တယ်။ များသောအားဖြင့် Nevus sebaceous အကျိတ်အများစုဟာ လူကို ပြဿနာမပေးပါဘူး။ ဦးရေပြားမှာဖြစ်ရင် ပြောင်းလဲမှုတစုံတရာမရှိဘဲ လူ့သက်တမ်းစေ့နေနိုင်ပါတယ်။ အလုံးအကျိတ်ကြီးထွားလာတာ၊ ကင်ဆာကျိတ်အဖြစ်ပြောင်းလဲလာမှသာ ခွဲစိတ်ကုသဖို့ လိုပါတယ်။
ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်
အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။
If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.
Write Reviews
Leave a Comment
No Comments & Reviews