4 Dec, 2021 | No Comments
Taw Win Pann
တော်ဝင်ပန်းသို့…
(အပိုင်း ၇)
(၁၁)
“မေမေ လုံးဝသဘောမတူဘူးသား”
မေမေခါးခါးသီသီးငြင်းမည်ဟု အစကတည်းက ကြိုတွက်ပြီးသားပါ။ ဖေဖေကတော့ ဘာမှမပြော၊ တရားသမားပီပီ ပြုံး၍သာနေသည်။ မေမေကတော့ စီးပွားရေးသမားဖြစ်၍ စီးပွားဆန်ဆန်တွက်သည်။ သည်ကောင်မလေးကိုလက်ထပ်လိုက်လို့ သူ့ဖက်က ဘာမှတိုးတက်စရာမရှိ။ ခင်ခင်တို့ သမီးနှင့် လက်ထပ်လိုက်ပါက ဆယ်သက်မဟုတ်တသံသရာလုံး စားကုန်ဖွယ်မရှိသည့် စညိးစိမ်ဥစ္စာကို ရမည်။ ဒါကမေမေ့ဖက်ကအမြင်။ တကယ်ဆိုသူတို့ကိုယ်တိုင်ကလည်း စားနိုင်သောက်နိုင်ထဲကပါ။
အမှန်တော့ ကောင်မလေးက ရုပ်ရည်လည်း ချောမောပါသည်။ ပညာလည်း တတ်ပါသည်။ နိုင်ငံခြားမှာ စီပွားရေးပါရဂူဘွဲ့ကို လောလောလတ်လတ်ရပြီး ပြန်ရောက်တာသိပ်မကြာသေး။ လူကြီးချင်းကလည်း ငယ်ငယ်ကတည်းကသိခဲ့သည်မို့ ပေးစားချင်တာ မဆန်း။ ကောင်မလေးဖက်ကလည်း မေမေတို့သဘောဟုသာ ပြောထားပီး မီးစိမ်းပြသည်။ နောက်ပြီး ဟိုဖက်ကလည်း သူ့ကို စိတ်ဝင်စားသော အရိပ်အရောင်တွေ မြင်ရပါသည်။
ပြဿနာက သူ။
ညီမတယောက်အနေနှင့် သဘောထားလို့ရပေမယ့် အိမ်ထောင်ဖက်အနေနဲ့ ဘယ်လိုမှ စိတ်ဝင်စားလို့မရ။ အခုလည်း နှင်းပန်းနှင့် မေတ္တာမျှနေတာပြောတာ မေမေဖက်က ဘယ်လိုမှသဘောမတူ။
“အစကတည်းက ဒိလိုဖြစ်မယ်ကြိုသိထားလို့ မထောက်ပံ့ပါနဲ့ ပြောထားရဲ့နဲ့။ သားအဖနှစ်ယောက်လုံးအတိုင်အဖောက်ညီညီနဲ့ လူ့တယောက်ဘဝကို ကယ်တင်ပေးတာ ကုသိုလ်ရပါတယ်တဲ့ဆို၊ကဲ အဖေကြီး အခုတော့ရှင်ဘယ်လိုလုပ်မယ်စိတ်ကူးလဲ”
ဖေဖေ့ကို တိုင်တည်လိုက်တော့ ဖေဖေက ခေါင်းကုတ်သည်။
“ဟ ယူမှာက ငါမဟုတ်ဘူးလေကွာ၊သားစိတ်တိုင်းကျပဲ ကောင်းပါတယ်ကွာ၊ပြီးတော့ ကောင်မလေးကလည်း ဥစ္စာမချမ်းသာတာကလွဲရင် ကျန်တာ အကုန်ပြည့်စုံနေတာပဲ၊ရုပ်ရည်ကလည်း အပြစ်ပြောစရာမရှိဘူး။ တကယ်ဆိုငယ်ငယ်က အမည်းစက်ထင်ခဲ့တဲ့ ပြစ်ချက်က တခုတည်းပဲ ရှိတာပါကွာ”
မေမေက မျက်လုံးပြူးကြီးနှင့် ဖေဖေကို ကြည့်သည်။
“ဘာပြောတယ်၊ပြစ်ချက်တခုတည်းဟုတ်လား၊အဲဒီပြစ်ချက်ကြောင့်ပဲ သူနဲ့ သဘောမတူနိုင်တာရှင့်သိရဲ့လား။ ဒီအကြောင်းတွေ ဘေးကသိသွားရင် မိတ်ဆွေတွေ ကို ဘယ်လိုမျက်နှာပြမလဲ။ ရှင်တို့သားအဖက လိုက်လည်းလိုက်တယ်၊မပြောလိုက်ချင်ဘူး”
“မေမေရယ် အမှားလေးတခု လုပ်ဖူးရုံနဲ့တော့ သားတို့ချစ်ချင်းကို မခွဲပါနဲ့၊ တကယ်ဆို အဲဒီအရွယ်ဆိုတာမျိုးကဘာမှသိတတ်သေးတာလဲမဟုတ်ဘူး၊ နောက်ပြီး သူကိုယ်တိုင်ကလည်း လုပ်ချင်လွန်းလို့မှ မဟုတ်တာ၊အခြေအနေအရ ခဏပဲလုပ်ခဲ့ရတာ၊မိသားစုအတွက် လုပ်ခဲ့ရတာ၊အခု သူဘယ်လိုနေတယ်ဆိုတာ မေမေလည်း ကြားမှာပါ”
တကယ်တော့ မေမေလည်း သူ့သတင်းတွေ ကြားသင့်သလောက် ကြားပါသည်။ ကျောင်းမှာ နာမည်ကြီး၊စာတော်၊ဥာဏ်ထက်၊ချစ်စရာကောင်းတာ အကုန်လုံးသိသည်။ ယောကျာ်းလေးတွေနဲ့ ရှုပ်ရှုပ်ရှက်ရှက် မရှိတာလဲ သိသည်။
ဒါပေမယ့် လက်ထပ်ဖို့ထိတော့ သူ့ဖက်ကသဘောမတူချင်။ သားဖြစ်သူကို ခြောက်ပစ်ကင်း သဲလဲစင် မိန်းကလေးတယောက်နဲ့ပဲဖြစိစေချင်တဲ့ မိခင်တိုင်းရဲ့ မေတ္တာမဟုတ်လား။ ပိုဆိုးတာက သူ့သူငယ်ချင်းနှင့် စကားတွေ ကျွံခဲ့တာပါ။ တရက်ကတောင် သူတို့ချင်း မင်္ဂလာရက်တောင် ကျိတ်ပြီး သတ်မှတ်ပြီးပြီ။ ဖေဖေကတော့ သူ့ဖက်က။ဖြည်းဖြည်းချင်း စည်းရုံးကြည့်တာပေါ့ဟု အားပေးသည်။
မေမေကတော့ ခပ်ပြတ်ပြတ်သမားမို့ ရာဇသံပေးသည်။
“အေး မေမေတို့သဘောတူတဲ့သူနဲ့ လက်မထပ်လို့ကတော့ အမွေပြတ်ပဲနော် ကြားလား”
ဖေဖေကော သူပါ တယောက်မျက်နှာ တယောက်ကြည့်ရင်း ခေါင်းငုံ့လိုက်ကြသည်။ ဟူး …. မလွယ်ပါလားနှင်းပန်းရယ်။
(၁၂)
အိမ်ကသဘောမတူတဲ့အကြောင်း သူငယ်ချင်းတင်ထွတ်ကို ပြောတော့ ထုံးစံအတိုငိး ခေါင်းကုတ်ပြီး ညည်းသည်။
“မင်းတို့ဟာကလည်း မဟုတ်သေးပါဘူးကွာ၊ဟုတ်မလိုနဲ့ လိမ်ဖယ်လိမ်ဖယ် ဖြစ်နေတာ”
“အချစ်စစ်တို့ရဲ့ လမ်းက ဘယ်တုန်းကဖြောင့်ဖြူးဘူးလို့လဲ”
ဖုန်းမော် ခပ်တည်တည်နှင့်ပြောတော့ တင်ထွတ်က မျက်လုံးပြူးကြီးနှင့် ကြည့်သည်။
“ဟေ့ကောင် အဲဒါငါ့စကားလေကွာ”
ဒေါက်တာဖုန်းမော်က ဟက်ကနဲ တချက်ရယ်သည်။
“ဟုတ်တယ်လေ၊တခါတရံမို့ မင်းစကားသုံးကြည့်တာ”
(၁၃)
ဖေဖော်ဝါရီ (၂၁)ရက်နေ့။ သူမချစ်သောမိန်းမတယောက်နှင့် လက်ထပ်ရမယ့်နေ့ကို မေမေတို့က ဇွတ်သတ်မှတ်လိုက်ကြသည်။
လက်ထပ်ရက်သတ်မှတ်လိုက်သည့် အကြောင်း ပန်းကိုပြောတော့ ပန်းက ငိုသည်။
“ညီမအစကတည်းက ထင်ပြီးသားပါအစ်ကိုရယ်၊ပန်းကြောင့် အစ်ကိုကော၊အန်တီရော စိတ်ဆငိးရဲတာမဖြစ်ချင်ဘူး”
ဖုန်းမော်က ပန်း၏ခေါင်းလေးကို ရင်ခွင်ထဲထည့်လိုက်ပြီး နှစ်သိမ့်စကားဆိုသည်။
“တလလောက်လိုပါသေးတယ်ကွာ၊အစ်ကိုကြည့်စီစဉ်ပါအုံးမယ်၊နောက်ဆုံး ဘယ်လိုမှ မရရင်လည်း ခိုးပြေးမယ်ကွာ”
နှင်းပန်း ခေါင်းလေးမော့လာပြီး ခေါင်းခါသည်။
“ဟင့်အင်း၊ပန်းလက်မခံနိုင်ဘူးအစ်ကို၊အစ်ကိုက ဘဝမှာ အမြဲသိက္ခာရှိရှိနေခဲ့သူပါ၊အဲလို လုပ်လိုက်ရင် အစ်ကိုရော၊အစ်ကို့မိဘတွေရဲ့ သိက္ခာတွေ ရေစုံမျောကုန်မှာပေါ့၊နောက်ပြီး အစ်ကို့ကို မိဘစကားနားထောင်တဲ့ သားတယောက်အဖြစ်ပဲ ပန်းမြင်ချင်တယ်”
“ပန်းရယ် အဲဒါတွေက အခုချိန်မှာ အရေးကြီးသေးလို့လားကွယ်”
ပန်းကခေါင်းကို တွင်တွင်ခါရင်း ရှိုက်ငိုသည်။
“ဟင့်အင်း၊မပြောပါနဲ့တော့အစ်ကိုရယ်၊ပန်းတောင်းပန်ပါတယ်။ ပန်းကြောင့် အစ်ကို့ဘဝမှာ အမည်းစက်တခု ဖြစ်ခဲ့ရင် ကိုယ့်ကိုယ်ကို ခွင့်လွှတ်နိုင်မှာမဟုတ်ဘူး၊တကယ်တော့ ပန်းဘဝမှာ အစ်ကိုနဲ့ချစ်ခဲ့ဖူးတယ်ဆိုတာလေးတခုတည်းနဲ့ ရှင်သန်လို့ရနေပါပြီအစ်ကိုရယ် “
“ဪ..ပန်းရယ်”
နှင်းပန်းကိုယ်လုံးလေးကို တင်းကျပ်စွာ ထွေးပွေ့မိလိုက်သည်။ ပန်းကတော့ သူ့ရင်ခွင်ထဲတွင် ရှိုက်ငိုနေဆဲ။
အပိုင်း (၈) ဆက်ရန်…
https://drayeminhtoo.com/taw-win-pann-8/
Author – Dr. Aye Min Htoo
Genre – Novella
Write Reviews
Leave a Comment
No Comments & Reviews