4 Dec, 2021 | No Comments
Taw Win Pann
တော်ဝင်ပန်းသို့…
(အပိုင်း ၈)
(၁၄)
လက်ထပ်ဖို့ နှစ်ပတ်လောက်သာ လိုတော့သည်။ အိမ်တွင် တယောက်တည်းအကြံအိုက်နေခိုက် သူငယ်ချင်းတင်ထွတ်က အပြေးအလွှားရောက်ချလာသည်။
“ဟေ့ကောင် မင်းနှင်းပန်းမရှိတော့ဘူးကွ”
ရုတ်တရက်ကြားလိုက်ရသော စကားကြောင့် ခေါင်းတခုလုံး အုံးခနဲဖြစ်သွားသည်။
“ဘာ…ဘယ်လို၊တမြန်နေ့ကတောင် ဖုန်းရသေးတာပဲ။မင်းဟာက သေချာလို့လားကွာ”
“သေချာတယ်ကွ၊သူတို့အဆောင်မှာနေတဲ့ ငါ့ညီမဝမ်းကွဲပြောတာပဲ။မနေ့က ညနေဖက် အထုပ်အပိုးတွေပြင်ပြီးအိမ်ပြန်တော့မယ်ဆိုပြီး ထွက်သွားတာတဲ့၊အခုဆိုရင် သူ့မိဘတွေဆီတောင် ရောက်ပြီလားမသိဘူး”
“ဒုက္ခပါပဲ၊ဘာတွေလျှောက်လုပ်နေတာလဲပန်းရယ်”
“ဒါနဲ့မင်းဘာလုပ်မယ်စိတ်ကူးထားလဲ ဖုန်းမော်”
“ငါလည်း ဘာဆက်လုပ်ရမှန်းမသိဘူးကွာ”
“နေဦး မင်းဆီမှာ သူ့မိဘတွေ ဖုန်းနံပါတ်ရှိတယ်မဟုတ်လား၊သူတို့ဆီ ဆက်မေးကြည့်ရင်ကော”
ဟုတ်သားပဲ။တခါက သူ့မိဘတွေ ဖုန်းနံပါတ်ပေးထားဖူးတာ သတိရသွားသည်။ စောစောက ထူပူနေသဖြင့် မစဉ်းစားမိ။ စာအုပ်ကောက်လှန်ပြီး ရှာလိုက်တော့ လိပ်စာ အလွယ်တကူတွေ့သည်။
ပန်းမိဘတွေဆီဖုန်းဆက်ကြည့်လိုက်တော့ ဒီကို မလာဘူးတဲ့။ သေရော၊ ကွင်းစပြတ်ပြီထင်တယ်။ ဒါပေမယ့်မန္တလေးမှာ သူ့ဦးလေးတွေရှိသေးတယ်၊အဲဒီများသွားလား မသိဘူးဆိုတော့ လိပ်စာတောင်းရပြန်သည်။ လိပ်စာရလို့ ဖုန်းဆက်ကြည့်တော့ဖုန်းပိတ်ထားသည်တဲ့။ မဖြစ်ဘူး။လိပ်စာသိမှတော့ဖြစ်တဲ့နည်းနဲ့ လိုက်သွားရမှာပဲ။
ထုံးစံအတိုင်း သူငယ်ချင်း တင်ထွတ်ကိုပဲ လိုက်ပို့ပေးဖို့ အကူညီတောင်းရသည်။ သူငယ်ချင်းဖြစ်သူကလည်း ဒါမျိုးကူညီဖို့အသင့်။ လိုက်ပို့ပါမည်ကတိပေးသည်။
“ဘယ်အချိန်သွားမှာလဲ”
“ငါတော့အခုပဲ လိုက်သွားချင်တယ်ကွာ၊တော်ကြာမမှီလိုက်ပဲ ဖြစ်နေဦးမယ်”
သူငယ်ချင်းနှစ်ယောက် ညတွင်းချင်း မန္တလေးကို လိုက်သွားကြသည်။
(၁၅)
အသည်းပုံနာရီလေး၊ဒီနာရီလေးက အစ်က်ိုပေးထားတဲ့ပစ္စည်းလေးမို့ သူတန်ဖိုးထားသည်။အစ်ကို့ကိုယ်ပွားဆိုလည်း မမှားဘူး။ တရက်တရက် ဒီပစ္စည်းလေးကို ထုတ်ကြည့်ရင်း အစ်ကို့ကို လွမ်းခဲ့ရတာ အစ်ကိုမှ သိပါလေစ။ပျောက်သောသူ ကြာရင်မေ့ဆိုသလို အိမ်ထောင်ကျပြီး သူ့ကို မေ့သွားမှာပါဟု ဖြေတွေးရသည်။ သူကတော့ ဒီတသက်ဘယ်တော့မှ မမေ့နိုင်တာ အသေအချာပါ။
တကယ်တော့ ဒီနေရာကို သူရှောင်လာတာ သုံးရက်လောက်ရှိပြီ။ သူ့အချစ်ဆုံးသူငယ်ချင်း အိအိကလွဲလို့ တခြားဘယ်သူ့ကိုမှအသိမပေးခဲ့။ နောက်ဆုံး အိမ်ကိုတောင် ဖုန်းမဆက်ခဲ့။ အစ်ကိုသိလို့ လိုက်လာရင် သူလုပ်သမျှသဲထဲရေသွန်ဖြစ်မှာစိုးလို့၊အစ်ကိုတို့ မင်္ဂလာဆောင်ပြီး မှပဲ ပြန်သွားတော့မည်ဟု ဆုံးဖြတ်လိုက်သည်။
တွေးရင်း အစ်ကိုမျက်နှာလေးကို ပြန်မြင်လာသည်။ အစ်ကိုကောအခု ဘာတွေလုပ်နေမလဲ။ညီမကိုများလိုက်ရှာနေမလား။
အကျိုးအကြောင်းသိချင်တာနဲ့ သူငယ်ချင်းပေးထားသော ဖုန်းဖွင့်ပြီး အိအိကို ဖုန်းဆက်ကြည့်သည်။
“ဟဲလို အိအိလား”
“ဟယ်..နှင်းပန်း၊အတော်ပဲ နင်ဆက်တာ၊နင်အခုဘယ်မှာလဲ၊ငါ နင့်ဆီကို ဖုန်းဆက်လို့လည်း မရလို့ အခုပဲလူကိုယ်တိုင် လာတော့မလို့”
“ဘာလို့လာမှာလဲ”
“နင်ဟိုကိစ္စမသိသေးဘူးလား”
“ဘာကိစ္စလဲ”
“နင့်အစ်က်ိုနဲ့ဒေါက်တာ တင်ထွတ်တို့ နင်ရှိမယ်ထင်ပြီး မန္တလေးကို ညတွင်းချင်းလိုက်သွားတာလေ၊အမြန်လမ်းမှာကားမှောက်လို့တဲ့ နှစ်ယောက်လုံး အရေးပေါ်ဌာနမှာ”
“ဘာ”
ကမ္ဘာလောကကြီးတခုလုံး အိုးထိန်းစက်လို လည်သွားသည်။ မိုက်ခနဲဖြစ်သွားပြီး မျက်လုံးတွေပြာလာသည်။ လူတကိုယ်လုံး ကတုန်ကယင်သွားပြီး ဆောက်တည်ရာမရတော့။ အစ်ကိုဘာဖြစ်သွားသေးလဲ၊ညီမကြောင့် အစ်ကို အခုလိုဖြစ်ရတာ၊အစ်ကိုတခုခုဖြစ်ရင် ညီမကိုယ်ညီမ ခွင့်မလွတ်ဘူး။ အစ်ကို ဘာမှမဖြစ်ပါစေနဲ့ ဘုရား။
အပိုင်း (၉) ဆက်ရန်…
https://drayeminhtoo.com/taw-win-pann-9/
Author – Dr. Aye Min Htoo
Genre – Novella
Write Reviews
Leave a Comment
No Comments & Reviews