4 Dec, 2021 | No Comments
Taw Win Pann
တော်ဝင်ပန်းသို့…. (အပိုင်း ၅)
(၇)
“ရော့ ဒီမှာ နင့်ပစ္စည်းနင်ပြန်ယူ”
စည်သူ မင်းမောင်က သူမွေးနေ့လက်ဆောင်ပေးထားသော i phone 5ကို မယူသေးပဲ “ဘယ်လိုဖြစ်တာလဲ နှင်းရယ်”ဟု ညည်းညူသည်။
တကယ်တော့ စည်သူမင်းမောင်ဆိုတာ နှင်းပန်းတို့နဲ့ အတန်းတူ ဆရာဝန်တယောက်ပါ။ နှင်းပန်းကို ပထမနှစ်ကတည်းက ဇွဲရှိရှိ ကြိုးစားခဲ့သူတယောက်။ အခုချိန်ထိလည်း သူမအချစ်ကို ရဖို့ တစိုက်မတ်မတ်ကြိုးစားနေသူ။ဟိုနေ့ကတော့ ဆေးခန်းထိဖုန်းလက်ဆောင်လာပေးသည်။ အခု နှင်းပန်းက သူပေးခဲ့သော ဖုန်းကိုလက်မခံပဲပြန်လာပေးနေခြင်းဖြစ်သည်။
“နင့်ကို အစကတည်းက ပြောပြီးသားပဲ၊လက်ဆောင်ပစ္စည်းတွေ ခဏခဏမပို့ပါနဲ့၊ ငါမယူဘူးဆိုတာကို၊အခုဟာကပိုဆိုးတယ်။ ဆရာ့ရှေ့မှာ လက်ဆောင်လာပေးတော့ ဆရာဘယ်လိုထင်သွားမလဲ”
“နေပါဦး နှင်းရယ်၊ဆရာရှေ့မှာ လက်ဆောင်ပေးတာနဲ့ပဲအဲလောက် တူးတူးခါးခါးဖြစ်စရာလား။ ပြီးတော့ နှင်းကရော တိုက်ရိုက်ပေးရင် ယူလို့လား၊ အဲဒီနေ့ကဆေးရုံမှာမှန်းသိလို့ မရောက်ခင် ကောင်လေးတယောက်ကို ကြိုပေးခိုင်းလိုက်တာ။ အဲလိုပေးမှ နှင်းပန်းလကိထဲရောက်မှာ မဟုတ်လား”
“သြော် ဒါဆို သက်သက်ကို အကွက်ချပြီး ပေးတာပေါ့လေ”
မင်းမောင်က ခေါင်းလေးငုံ့သွားရင်း “ဟုတ်ပါတယ်”ဟု မျက်နှာငယ်လေးနှင့်ပြောသည်။
“ဘာပဲဖြစ်ဖြစ် နှင်းလက်ထဲရောက်သွားပြီဆိုတော့ နှင်းကြိုက်တာ လုပ်ပါ။ တို့ကတော့ ပြန်မယူဖို့ ဆုံးဖြတ်ထားပြီးသား၊အကယ်၍ လွင့်ပစ်ချင်လည်းပစ်ပါ။ ဒါပေမယ့် တို့ကို ဘာလို့လက်မခံနိုင်ရတာလဲဆိုတာတော့ ပြောပြပါ။ဒါနဲ့ ပတ်ဝန်းကျင်ကပြောသလို နှင်းဆရာကြောင့်တော့ မဟုတ်ပါဘူးနော်”
မျက်နှာတပြင်လုံးရဲတက်လာသဖြင့် နှင်းပန်း ဒေါသထွက်နေပြီိဆိုတာ သိလိုက်သည်။
“ဆောရီး နှင်း၊ကိုယ်စကားမှားသွားရင် တောင်းပန်ပါတယ်၊နှင်းဖက်က ဘာဖြစ်လို့ လက်မခံနိုင်လဲဆိုတးတော့ ပြောပြပါ၊ကိုယ့်ဖက်ကချို့ယွင်းချက်တွေရှိရင် ပြုပြင်ပါ့မယ်၊အခုလို တူးတူးခါးခါးကြီးတော့ မလုပ်ပါနဲ့နှင်းရယ်”
“ဒါနဲ့ နင် ငါ့အကြောင်းဘယ်လောက်သိထားလဲ မင်းမောင်”
စည်သူမင်းမောင်က သဘောကျဟန်ဖြင့် ဟက်ဟက်ပက်ပက် ရယ်သည်။
“သိတာပေါ့၊စာတော်တာ၊ရုပ်ချောတာ အခုထိ ဘယ်ယောကျာ်းလေးကို မှစိတ်မဝင်စားဘူးဆိုတာရော အကုန်သိပါတယ်၊ နှင်းမွေးနေ့ကစပြီးနှင်း ကြိုက်တတ်တဲ့ အစားအစာထိ အကုန်မှတ်ထားတယ်၊ဒီလောကကြီးထဲမှာ နှင်းအကြောင်း ကိုယိ့လောက်သိတဲ့သူရှိမှာမဟုတ်ဘူး”
နှင်းပန်းအိမ်က ခပ်ယဲ့ယဲ့ပြံးသည်။
“နင်မသိတာ တခုရှိသေးတယ်”
“ဘာလဲ”
“ငါငယ်ငယ်က ဆေးကျောင်းမရောက်ခင် ကေတီဗွီဆိုင်တခုမှာ အလုပ်ဝင်လုပ်ခဲ့ဖူးတယ်ဆိုတာလေ”
မထင်မှတ်သောစကားကိုကြားလိုက်ရသဖြင့် အံ့အားသင့်သွားဟန်တူသည်။ မယုံမရဲဖြင့် “ဟုတ်ရဲ့လား နှင်းရယ်”ဟု မေးသည်။
နှင်းပန်းက နာကျင်စွာပြုံးလိုက်ပြီး “မြန်မာ မိန်းကလေးတယောက်က ကိုယ့်သိက္ခာအကျခံပြီး ဟန်ဆောင်ပြောမယ်လို့ နင်ထင်လို့လား”ဟု မေးလိုက်သည်။
ရုတ်တရက်သူ တွေဝေသွားသည်။ ခဏနေတော့ တစုံတခုကို ယတိပြတ်ဆုံးဖြတ်လိုက်ဟန်တူသည်။
“နှင်းဖက်က ဒီလိုဖွင့်ပြောလာတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ဒါပေမယ့် နှင်းစကားတွေက ကိုယ့်စိတ်ကိုပြောငိးလဲနိုင်မှာ မဟုတ်ဘူး၊နှင်းကို ချစ်တာ ဘာမျှော်ကိုးချက်မှမပါဘူး။နှင်း ဘယ်ဘဝကနေပဲလာလာ၊ဘယ်လောက်ချို့တဲ့ချို့တဲ့ ကိုယ်ကတော့ ချစ်နေမှာပဲ”
အမှန်အတိုင်း ဖွင့်ပြောလိုက်လျင် မင်းမောင်တယောက် စိတ်ပျက်ပြီး နောက်ဆုတ်သွားမည်ဟု မျော်လင့်ခဲ့ရာက မထင်မှတ်သောကားကြောင့် မှင်တက်သွားမိသည်။
” အဲဒါတော့ နင့်ဖက်က အပိုင်းပေါ့၊ငါဖက်ကတော့ နင့်ကို ချစ်လို့မရတာ သေချာတယ်။နောက်ပြီး ငါချစ်ရတဲ့သူရှိနေပြီ၊ အဲဒါဘယ်သူလဲ မမေးနဲ့၊ငါဖြေမှာမဟုတ်ဘူး”
ဒုတိယအကြိမ်မထင်မှတ်သော စကားကြောင့် မင်းမောင်ပါးစပ်အဟောင်းသားဖြစ်သွားပြန်သည်။ နှင်းမှာ ရည်းစားရှိနေပြီဆိုပါလား။ နှင်းမျက်နှာကို အကဲခတ်ကြည့်လိုက်တော့ သူအတည်ပြောနေမှန်းရိပ်မိလိုက်သည်။ ဒါဆို ဘယ်သူလဲ။ နှင်းချစ်သူ ဘယ်သူလဲ။
(၇)
“ကဲ ပြောစရာရှိတာဆို၊ဘာပြောမလို့လဲ”
“နှင်းပန်းအိမ်အကြောင်းပါ ဆရာ”
စည်သူမင်းမောင်ဆိုသည့် နာမည်ကြားကတည်းက နှင်းပန်းအိမ်နှင့် ပတ်သက်လိမ့်မည်ဟု ယုံကြည်ခဲ့သည်။ထို့ကြောင့်လည်း ဆေးခန်းထဲရောက်လာပြီး စကားပြောချင်ပါတယ်ဟု တောင်းဆိုတော့ ခွင့်ပြုခဲ့တာဖြစ်သည်။အခုလည်း နှင်းပန်းအိမ်နာမည်နှင့် စကားစလာသည်။
“ဒီလိုပါဆရာ၊ကျနော်ကနှင်းပန်းအိမ်တို့ အတန်းကပါ၊ပွင့်ပွင့်လင်းလင်း မရှက်တမ်း ဝန်ခံရရင် လူငယ်သဘာဝ ကျနော့်ဖက်က သူ့ကို တဖက်သက်မေတ္တာရှိနေပါတယ်၊ တရက်က လက်ဆောင်လာပေးတာလည်း ကျနော်ပါ။ဒါပေမယ့် နှင်းပန်းကတော့ လက်မခံခဲ့ပါဘူးဆရာ။ အဲဒီနေ့က ကျနော့်လက်ဆောင်ပေးခဲ့တဲ့ဖုန်းကို ပြန်လာပေးတယ်ဆရာ၊ ပြီးတော့ သူ့ဘဝအကြောင်း၊ဆရာ့အကြောင်းကော ပြောပြပါတယ်၊ ဆရာကူညီခဲ့လို့ ဒိအခြေအနေမျိုးရောက်ရတယ်ဆိုတာမျိုးကော”
“အဲဒီတော့”
“ကျနော်သိချင်တာက နှင်းဆီမှာ ချစ်ရတဲ့သူရှိနေပြီဆိုတာ ဆရာသိမလားလို့”
စကားမဆုံးခင် ဒေါက်တာ ဖုန်းမော်က လက်ကာပြလိုက်ပြီး “ဆောရီး သူ့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေ ကိုယ်မသိဘူးကွ”ဟု ပြောသည်။
“ဟုတိပါတယ်ဆရာ၊ဒါပေမယ့် လောလောဆယ်ဆရာက အုပ်ထိန်းသူလို ဖြစ်နေလို့ပါ”
ဒေါက်တာဖုန်းမော် မျက်ခုံးတဖက် ပင့်သွားသည်။
“ဒီမှာညီလေး မင်းမှားနေပြီကွ၊ကိုယ်က သူ့ရဲ့ အုပ်ထိန်းသူမဟုတ်ဘူး။ သူ့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို ဝင်ရောက်တားဆီးမှာ မဟုတ်သလို တားဆီးပိုင်ခွင့်လည်း မရှိဘူး။နောက်ပြီးသူ့ချစ်သူဆိုတာလည်း ကိုယ်တကယ်မသိဘူး။အခုမင်းပြောမှကိုယ်သိတာ”
မင်းမောင်က အံ့အားသင့်ဟန်ဖြင့် သူ့ကို စူးစူးစိုက်စိုက်ကြည့်ရင်း “ဆရာတကယ်မသိတာလား”ဟု မေးသည်။
“ဟုတ်တယ်လေ ဘာဖြစ်လို့လဲ”
“ဒီလိုပါဆရာ၊ပြန်ခါနီးသူပြောသွားတဲ့ စကားတခွန်းက ဆရာနဲ့များဆိုင်နေမလားလို့ပါ”
ဒေါက်တာဖုန်းမော် မျက်ခုံးတဖက်ပင့်သွားသည်။
“ဘာ…ဘယ်လို”
“ပြန်ခါနီးတော့ သူဝန်ခံသွားတာတခု ရှိတယ်။ သူ့ချစ်သူက သူ့ကို တော်ဝင်ပန်းကလေးဘဝရောက်အောင် ပြုစုပျိုးထောင်ပေးခဲ့တဲ့ ဥယျာဉ်မှူးလိုလူစားတဲ့”
ရင်ထဲတွင် ဒိန်းခနဲဖြစ်သွားသည်။ ချက်ချင်း တရက်က ဆေးခန်းမှာ သူ့နဲ့ပြောခဲ့တဲ့စကားလုံးတွေကို ပြန်လည်သတိရသွားသည်။ ဟောဗျာ ငါမှားသွားပြီ။
ဒါ ဒါဆို သူ့ ချစ်သူက …….
အပိုင်း (၆) ဆက်ရန်…
https://drayeminhtoo.com/taw-win-pann-6/
Author – Dr. Aye Min Htoo
Genre – Novella
Write Reviews
Leave a Comment
No Comments & Reviews