4 Dec, 2021 | No Comments
Taw Win Pann
တော်ဝင်ပန်းသို့…
(အပိုင်း ၆)
(၉)
ဒီနေ့ကျမှ နှင်းပန်းအိမ်က ထူးထူးခြားခြားလှပနေသည်။ အဝါရောင်အကျီနှငိ့ ထမိန်အနက်ရောင်ကို သေသပ်လှပစွာ ဝတ်ဆင်ထားပြီး ဘာမှလိမ်းခြယ်ထားခြင်းမရှိပါပဲ ကျက်သရေရှိစွာ လှပနေသည့် မျက်နှာလေးကိုသာအားနာပါးနာ ငေးကြည့်နေမိသည်။ တကယ်ဆိုဘဝမှာ ဒီလိုမိန်းကလေးမျိုးကို ပိုင်ဆိုင်ခွင့်ရရင် ဘယ်လောက်ကောင်းလိုက်မလဲ။
“ပန်း.. ဒီနေ့အားရင် ခဏလိုက်ခဲ့ပါလား၊အပြန်တခုခုဝင်စားရအောင်လေ”
တခါမှ မခေါ်ဖူးပဲ ဒီနေ့မှ ထူးထူးခြားခြားဖိတ်ခေါ်နေသဖြင့် အံ့သြသွားသည်။ ဆရာစိတ်လိုလက်ရခေါ်တာ ဒါပထမဆုံးအကြိမ်မို့ ရင်ကတော့ တဒိတ်ဒိတ် ခုန်နေမိသည်။အမှန်ပြောရလျှင် ဒီလိုစကားမျိုး ကြားချင်ခဲ့တာ ကြာပါပြီ။
သူနဲ့ နှစ်ယောက်တည်း သွားရမယ်ဆိုတာ တွေးလိုက်မိပြန်တော့ ရှက်သလိုလို ရွှံ့့သလိုလို ဘယ်လိုမှန်းမသိ။သေချာတာတော့ ကြည်နူးနေသည်ဆိုအချက်ပါ။ ပျော်ရွင်မှုကတော့ ပြောဖွယ်မရှိ။ အိမ်မက်များလေလားဟုပင် မရဲတရဲ တွေးနေမိသည်။
“ညီမကတော့ သွားစရာမရှိပါဘူး၊အားပါတယ်၊ဒါပြီးရင် အဆောင်ပြန်ရမှာပဲဥစ္စာ”
ရှက်ပြုံးပြုံးရင်း ခေါင်းလေးငုံ့ပြောတာလေးကိုက ချစ်စရာ။ ဒီလိုအမူအရာလေးတွေကြောင့် ချစ်စိတ်ပိုရတာ။ ဖြစ်နိုင်လျှင် နဖူးပြင်ကို ခပ်ဖွဖွနမ်းပစ်လိုက်ချင်သည်။
“တကယ်ပါကွာ။ မင်းကို ငါဘယ်လောက်မြတ်နိုးလဲ ငါ့ဘာသာအသိဆုံးပါ”
(၁၀)
“ပန်းကို ဆရာ တောင်းပန်ပါတယ်”
ဆိုင်ရောက်ရောက်ချင်းအဆက်အစပ်မရှိ ပြောလိုက်သော စကားကြောင့် နှင်းပန်းကိုယ်တိုင် အံ့အားသင့်သွားသည်။
“ပန်းမရှင်းဘူးဆရာ၊ဆရာ ဘာကိုတောင်းပန်တာလဲ၊ဆရာ့ဖက်က ပန်းကို တောင်းပန်စရာ ဘာမှမရှိဘူးလို့ ပန်းထင်တာပဲ၊”
“အဲလိုလည်း မဟုတ်ဘူးလေကွာ၊ဟိုတနေ့က ပန်းကို လက်ဆောင်လာပေးတယ်မဟုတ်လား၊အဲဒါကို တဖက်သက်အမြင်နဲ့ ပန်းကို စွပ်စွဲလိုက်လို့ဖြစ်သွားတယ်လေ၊အခုတောင် စည်သူမင်းမောင်ဆိုတဲ့ ကောင်လေးက လာပြောမှကိုယ်သိတာ”
နှင်းပန်းအံ့အားသင့်သွားသည်။
“စည်သူမင်းမောင် ဆရာ့ဆီရောက်လာတယ်ဟုတ်လား၊ဘာတွေ ပြောသွားသေးလဲဆရာ”
“ဘာမှထွေထွေထူးထူးမဟုတ်ပါဘူး၊ပန်းမှာ ရည်စားရှိတယ်ဆိုတာ ဟုတ်လားတဲ့၊ကိုယ့်ကို လာမေးတာလေ၊အဲဒီမှပန်းနဲ့ သူမဖြစ်သေးဘူးဆိုတာ သိရတာ”
“အဲဒီတော့ ဆရာက ဘာပြောလိုက်လဲ”
ဖုန်းမော်က ပြုံးပြီး “ကာယကံရှင် မသိစေချင်တာကို ဆရာက ဘယ်လိုပြောရမှာလဲ၊ပြီးတော့ ဘယ်သူဘယ်ဝါဆိုတာလည်း ကိုယ်မှမသိတာ၊ပန်းက အရမ်းပဟေဋိဆန်တာပဲနော်၊ဆရာ့ကိုတောင် ဖုံးထားတယ်”
ပန်းက မချိပြုံးပြုံးလိုက်သည်။
“ပန်းရဲ့ ချစ်သူဆိုပေမယ့် ပန်းကတဖက်သက်ချစ်ကြိုက်ရတာပါဆရာရယ်၊ သူ့ဖက်က ပန်းကို တန်ဖိုးမထားပါဘူး၊တခါတရံ သူနဲ့ အနီးဆုံးမှာ ရှိပေမယ့် အဝေးကြီး ဝေးနေတယိလို့ ခံစားနေရတာပါ၊နောက်ပြီး ကိုယ့်ဘဝကိုယ်လည်းသဘောပေါက်ပါတယ်။သူနဲ့ပန်းက မတန်ဘူးလေ”
“ဟာ မဟုတ်သေးပါဘူး၊ပန်းလို ရုပ်ရည်ချောပြီး ထက်ထက်မြက်မြက် ဆရာဝန်တယောက်ကို ဘယ်ယောကျာ်းကအထင်သေးမှာလဲ၊ဘာမတန်ရမှာလဲ”
“အဲလိုတော့ပြောမရဘူးလေ၊ပန်းရဲ့ ဘဝကို ဆရာလည်း သိထားတာပဲ။ တကယ်တော့ ပန်းဘဝက သိမ်ငယ်ပါတယ်၊တခါတရံ ကိုယ့်ဘဝကိုယ်တွေးရင်း တိတ်တဆိတ်ရှိုက်ငိုခဲ့ရတဲ့နေ့တွေ မနည်းပါဘူး၊ချစိသူအနားမှာ ရှိပေမယ့် ကိုယ်ချစ်တဲ့အကြောင်း ထုတ်ပြောပိုင်ခွင့်မှမရှိခဲ့တာ၊ နောက်ပြီး သူက အခု မိန်းကလေးတယောက်နဲ့ လက်ထပ်တော့မယ်ဆိုတော့ မျှော်လင့်ချက်မရှိတော့ပါဘူး”
ပန်းပြောရင်း မျက်ရည်ဝဲလာသည်။ နာကျင်ခံစားရသဖြင့် အသံတွေ ကွဲအက်လာသည်။
“နေပါဦးပန်းရယ်၊ပန်းချစ်သူဆိုတာ ဘယ်သူလဲ။ပန်းချစ်နေတာရော သူကမသိဘူးလား၊ ပြီးတော့ ပန်းကိုကော အဲလိုသဘောထားနေလို့လား”
“သိလည်း ပန်းလိုမိန်းကလေးမျိုးကို ဂရုစိုက်မယ်မထင်ပါဘူးဆရာရယ်”
“ဟာ … မဟုတ်သေးပါဘူး။ပန်းလိုမိန်းကလေးမျိုးကိုဂရုမစိုက်ဘူးဆိုတော့ အတော်ကြီးကျယ်တာပဲ။သူကဘယ်သူလဲ၊ဆရာ့ကို ပြောပြလေ”
ပန်းမျက်နှာက ညှိုးငယ်သွားပြီး မျက်ဝန်းမှ မျက်ရည်များစီးကျလာသည်။
“သူက ပန်းတွေကို တန်ဖိုးရှိအောင် စိုက်ပျိုးပေးတတ်တဲ့ ဥယျာဉ်မှူးလိုလူစားမျိုးပါ၊ လွန်ခဲ့တဲ့ ၈နှစ်ကျော်က ပန်းလေးတပွင့်ကို ဖူးပွင့်လာအောင်သူကိုယ်တိုင် ပြုစုပျိုးထောင်ပေးခဲ့ပါတယ်။ အစစအရာရာ ကူညီပြီး ထိန်းသိမ်းစောင့်ရှောက်ပေးခဲ့ပါတယ်။ ဒါပေမယ့် ခိုလှုံခွင့်တော့ မပေးခဲ့ဘူးလေ။ တကယ်ဆို အဲဒီပန်းလေးက သူ့ရင်ခွင်ထဲခိုလှုံခွင့်ရအောင် ဘုရားမှာအမြဲဆုတောင်းနေခဲ့ရတာပါ”
ခံစားချက်ဖြင့်ပြောလိုက်သဖြင့် အသံတွေတုန်ယင်လာသည်။ မျက်နှာ တဖက်သို့လှည့်လိုက်တော့ ပါးပြင်မှမျက်ရည်တပေါက် ကျလာတာ မြင်လိုက်သည်။
ဒေါက်တာ ဖုန်းမော်လည်း ဒီလောက်တော့ မအပါ။ နှင်းပန်း၏ ဆိုလိုရင်း ကို ကောင်းကောင်းသဘောပေါက်လိုက်သည်။ နှင်းပန်းအိမ်ကို စာနာနားလည်စွာကြည့်ရင်း ပခုံးကို ယုယကြင်နာစွာ တချက် ဆုပ်ကိုင်လိုက်သည်။
“ဒီမှာ ပန်း။ သေချာနားထောင်။ အကယ်၍ အဲဒီဥယျာဉ်မှုးကိုယ်တိုင်က အဲဒီပန်းကလေးကို ပိုင်ဆိုင်ခွင့်ရချင်လွန်းလို့ အိမ်မက်ထဲမှာတောင် ထည့်မက်ခဲ့ရတာဆိုရင်ရော ပန်းယုံမလား။သူ့မှာလည်း ပါးစပ်က ထုတ်မပြောခဲ့ပေမယ့်ရင်ထဲနှလုံးသားထဲက အဆမတန်မျိုသိပ်ခဲ့ရတာတွေ အများကြီးရှိတယ်ဆိုတာ ပန်းသိလား။ ကျေးဇူးတရားဆိုတဲ့တံတိုင်းကြီးသာ ကာဆီးမထားခဲ့ရင် အခုချိန်မှာ သူ့လောက်ပျော်တဲ့သူ ဒီကမ္ဘာကြီးထဲမှာ ရှိမှာတောင်မဟုတ်ဘူး။သေချာတာတော့ သူကိုယ်တိုင် အဲဒီပန်းလေးကို မြတ်မြတ်နိုးနိုးနဲ့ တသက်လုံးစောင့်ရှောက်ခွင့်ရဖို့ အမြဲဆုတောင်းခဲ့ယ်ဆိုတာပဲ”
ပန်းမျက်လုံးလေး ဝိုင်းစက်သွားပြီး “အို”ဟု အာမေဋိတ်အသံထွက်သွားသည်။ပြီးမှ ပန်းသွေးရောင် မျက်နှာလေးနှင့် “တကယ်ပဲလား အစ်ကိုုရယ်”ဟု ခပ်တိုးတိုး မေးလိုက်သည်။
“တကယ်ပါပန်းရယ်၊ပွင့်ပွင့်လင်းလင်း ဝန်ခံရရင် အရင်ကတည်းက မင်းကို ဖွင့်ပြောဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပါတယ်။ ဖွင့်ပြောလိုက်လို့ ကိုယ့်အပေါ်မုန်းသွားမလား ဆိုတဲ့ စိုးရိမ်တဲ့စိတ်နဲ့အောင့်အီးခဲ့ရတာပါ၊ တကယ်ပြောရရင်ကိုယ့်ဘဝမှာ တခါမှ မဖြစ်ဘူးတဲ့မေတ္တာမျိုးနဲ့ မင်းကိုချစ်မိခဲ့တာပါ”
စောစောကမျက်ရည်ကျနေသော ပန်းမျက်နှာလေးက တိမ်ကင်းစင်သော လမင်းကဲ့သို့ တဖြည်းဖြည်း ကြည်လင်လာသည်။ ပြီးတော့ မျက်စောင်းတချက်ထိုးသည်။
“တော်ပါ …. မိနိးကလေးဖက်က ဖွင့်ပြောမှ”
“ဘာလဲ ပန်းက မယုံလို့လား။ ကိုယ်ကျိန်ပြောပြရမှာလား”
ပန်းက မပြောပါနဲ့ဟူသော အမူအရာဖြင့် သူ့ပါးစပ်ကို ကမန်းကတန်းပိတ်လိုက်သည်။ ခေါင်းကို အသာခါယမ်းလိုက်ရင်း ပြုံးပြလိုက်သည်။
“ယုံပါတယ် အစ်ကိုရယ်”
ခပ်တိုးတိုးပြောရင်း ပခုံးကိုမှီလာသော ပန်း၏ကိုယ်လုံးလေးကို အသာထွေးပွေ့ထားလိုက်မိသည်။အလို.. သူ့ကိုယ်လုံးလေးက နွေးထွေးလိုက်တာ။
အပိုင်း (၇) ဆက်ရန်…
https://drayeminhtoo.com/taw-win-pann-7/
Author – Dr. Aye Min Htoo
Genre – Novella
Write Reviews
Leave a Comment
No Comments & Reviews