Open 9:00-12:00 AM
+95 92051590

Taw Win Pann

4 Dec, 2021 | No Comments

Taw Win Pann

တော်ဝင်ပန်းသို့….

(အပိုင်း ၃)

(၃)

ဒီလိုနှင့် အချိန်တွေ တဖြည်းဖြည်ကုန်လွန်လာခဲ့သည်။ ဘာလိုလိုနှင့်သူမပင် နောက်ဆုံးနှစ် အပိုင်း(ခ)အောင်ပြီးအလုပ်သင်ဆရာဝန် ဆင်းရသည်။ အဲဒီနောက် သိပ်မကြာခင် ဘွဲ့ရပြီး သူမဘဝတွင် ဘယ်တုန်းကမှ မမျှော်လင့်ခဲ့သော ဆရာဝန်တယောက် ဖြစ်လာခဲ့လေသည်။သို့သော် ထိုနှစ်တွင်ပင် သူမမဖြစ်ချင်ဆုံး အရာတခုက သူမဆီရောက်ချလာသည်။

“ဆရာ အိမ်ထောင်ပြုရတော့မယ်ထင်တယ်”

ညနေဆေးခန်းတံခါးပိတ်ချိန်တွင် ပြောလိုက်သော စကားလုံးတို့က နှင်းပန်းအိမ်၏ နှလုံးသားတခုလုံးကိုဗြောင်းဆန်စေခဲ့သည်။ ထိတ်လန့်ခြောက်ခြားခြင်းကြီးစွာ ပြန်မေးမိသည်။

“ဘယ်သူနဲ့လဲဆရာ”

“မေမေတို့ရဲ့မိတ်ဆွေတယောကိရဲ့ သမီးနဲ့ပါ။နာမည်က ငြိမ်းငြိမ်းတဲ့။ ချမ်းသာတာတော့ ကျိကျိတက်ချမ်းသာပါတယ်၊ရုပ်လည်း ချောပါတယ်၊ဒါပေမယ့်ကွာ”

သက်ပြင်းရှည်ကြီးချပြီးပြောတာ့ “ဒါပေမယ့် ဘာဖြစ်လဲဆရာ”ဟု မေးလိုက်မိသည်။

“အချစ်ဆိုတာ ငွေကြေးတွေ၊ရုပ်ရည်တွေနဲ့ တိုင်းတာလို့မှမရတာ၊အချစ်ဆိုတာ ရင်ထဲကလာတာမလား၊ဆရာ သူ့ကို လုံးဝချစ်လို့မရဘူးကွာ၊တကယ်တော့ အချစ်ဆ်ိုတာ ထူးဆန်းလွန်းပါတယ်”

ဒေါက်တာ ဖုန်းမော်က သူမကို စူးစိုက်ကြည့်ရင်း ပြောနေမှန်းသိသည်။ ခေါင်းကို ကမန်းကတန်း ငုံ့ပစ်ရင်း မေးလိုက်မိသည်။

“ဆရာသူ့ကို မချစ်ဘူးဆိုတော့ ဆရာချစ်နေတဲ့သူရှိနေပြီလားဟင်”

ဒေါက်တာ ဖုန်းမော်ဆီမှ ဘာသံမှထွက်မလာသဖြင့် ခေါင်းမော့ကြည့်လိုက်တော့ သူမကို စူးစိုက်ကြည့်နေသောဒေါက်တာ ဖုန်းမော်နှင့် အကြည့်ချင်းဆုံသွားသည်။ ထိုအကြည့်ကြောင့် ဖျတ်ခနဲ ရင်ဖိုသွားသလို  နွေးခနဲခံစားလိုက်ရသည်။

ဒေါက်တာ ဖုန်းမော်က သူမကို ကြည့်နေရင်း တစုံတခုပြောတော့ မလိုဖြစ်သွားသည်။ ပြီးမှ စိတ်ကိုပြန်ထိန်းလိုက်ဟန်ဖြင့် သက်ပြင်းရှည်ကြီးချလိုက်သည်။ မျက်နှာကိုလွဲ၍ အဝေးကို ငေးကြည့်ရင်း ခပ်တိုးတိုးပြောသည်။

“ဆရာ့ဘဝမှာ အမြတ်တနိုးနဲ့ စောင့်ရှောက်ထားခဲ့တဲ့ ပစ္စည်းတခုရှိခဲ့ဖူးတယ်။ တွယ်တာလွန်းလို့ မထိရက် မကိုင်ရက်ထားခဲ့ရတာပါ။ တနေ့တနေ့ အဲဒီပစ္စည်းကလေးကို ပိုင်ဆိုင်ရရင် သိပ်ကောင်းမှာပဲလို့ အခါခါတွေးခဲ့ဖူးပါတယ်။ ဒါပေမယ့် ဆရာအဲဒီပစ္စည်းကိုဘယ်လောက်လိုချင်လိုချင် ပိုင်ဆိုင်နိုင်အောင် ဘယ်တော့မှ မကြိုးစားခဲ့ဘူး။အခုမကြိုးစားသလို နောင်လဲကြိုးစားမှာ မဟုတ်ဘူး။ ဘာ့ကြောင့်လဲဆိုတော့ အစကတည်းက ပိုင်ဆိုင်ဖို့ရည်ရွယ်ပြီး စောင့်ရှောက်ခဲ့တာ မဟုတ်လို့ပဲ”

စကားဆုံးတော့ နှင်းပန်းအိမ်မျက်လုံးထဲတွင် မျက်ရည်များစို့တက်လာသည်။ တစုံတခုကို ဆုံးရှုံးလိုက်သလိုလို ။တကယ်ဆို သိက္ခာတရားကို အမြဲ ဦးထိပ်ပန်ဆင်တတ်သူတယောက်၏ နှလုံးသားထဲတွင် ဒီလိုစကားလုံးမျိုးရှိလိမ့်မည်ဆိုတာ သူဘာ့ကြောင့် ကြိုတင်မစဉ်းစားမိခဲ့ပါလိမ့်။

(၄)

“ဒါဆို မင်းကောင်မလေးကို ဖွင့်မပြောဖြစ်ခဲ့ဖူးပေါ့”

တင်ထွတ်က အံ့အားသင့်ဟန်ဖြင့် ပြောတော့ ဒေါက်တာဖုန်းမော်က အသာခေါင်းညိတ်ပြလိုက်သည်။

“မင်းနှယ်ကွာ ပြောစရာရှိရင် ဖွင့်ပြောလိုက်တာ မဟုတ်ဘူး၊မင်းဘယ်လောက် အနစ်နာခံပြီး ကူညီခဲ့လဲ၊သူ့အပေါ်ဘယ်လောက် တန်ဖိုးထားလဲဆိုတာ သူငယ်ချင်းအရင်းဖြစ်တဲ့ ငါအသိဆုံးပါ”

မချင့်မရဲဟန်ဖြင့် ပြောတော့ ဖုန်းမော်က ခေါင်းကို ဖြေညင်းစွာခါသည်။

“မဟုတ်သေးဘူးသူငယ်ချင်း၊ အဲဒါကြောင့်ပဲ ငါမပြောချင်တာပေါ့၊အကယ်၍ ငါဖွင့်ပြောလိုက်ရင် သူ့အပေါ်ငါကူညီခဲ့တာတွေအားလုံးက မျှော်လင့်ချက်တခုကြောင့် ကူညီသလိုဖြစ်သွားမှာပေါ့။ အမှန်ပြောရရင်  အဲဒိလို ထင်သွားမှာကို ငါအစိုးရိမ်ဆုံးပဲ၊သူ့အပေါ်ငါ့ဖက်က စိတ်ရင်းမှန်မှန်နဲ့ ညီမလေးတယောက်လို သဘောထားပြီး ကူညီခဲ့တာပါကွာ”

“အေးလေ အဲဒါမင်းရောငါရော သိတယ်။ ဒါ့ကြောင့်ပဲ ငါတိုက်တွန်းတာပေါ့၊အမှန်ပြောရရင် မင်းတို့နှစ်ယောက်လိုက်ဖက်ပါတယ်ကွာ။ နောက်ပြီး ကောင်မလေးကတလည်း မင်းအပေါ်ဒီလောက် စေတနာထားတာ။ အခုဆေးကျောင်းမှာ ဆရာဖြစ်နေတဲက  ငါ့တို့သူငယ်ချင်းစိုးမြင့်ကတောင် ပြောသေးတယ်မဟုတ်လား။ ကောင်မလေးကကျောင်းမှာဆိုရင် နာမည်ကြီးတဲ့။ ဒါပေမယ့် ဘယ်ကောင်လေးကိုမှ ဂရုမစိုက်ဘူးတဲ့။သူ အခုချိန်ထိနေလာတာ ဘာ့ကြောင့်လို့မင်းထင်လဲ”

“ဟင့်အင်း ငါမသိဘူး”

“ငါတော့ မင်းကြောင့်လို့ ထင်တာပဲ ဖုန်းမော်။ မိန်းကလေးဆိုတာမျိုးက သူတို့လေးစားကြည်ညိုသူဆိုရင် ဘဝတခုလုံးပေးဆပ်ပြီး ချစ်တတ်တာမျိုးကွ။ မင်းကိုကြည့်နေတဲ့မျက်လုံးတွေက မရိုးသားတာ ငါသတိထားမိတယ်။တကယ်ဆို မင်းတို့နှစ်ယောက်က လိုက်ဖက်ပြီးသားပါ။ ပြောစရာရှိတာက အသက်(၈)နှစ်လောက် ကွာနေတာလေးတခုပဲ၊ ဒါပေမယ့် ဒီခေတ်မှာ အဲဒါတွေကလည်း အတားအဆီးတခု မဟုတ်တော့ပါဘူး၊ နှစ်ယောက်လုံး ချစ်ဖို့ပဲ လိုတာမဟုတ်လား”

“ဒါတော့ ဒါပေါ့ကွာ၊ငါ့ဖက်က သူ့အပေါ်ကို ချစ်နေမိပေမယ့် သူ့ကိုဖွင့်ပြောဖို့ဆိုတာ မဖြစ်နိင်ပါဘူးကွာ။ အဆင်ပြေသွားရင် ဟုတ်ရဲ့။ အဆင်မပြေပဲ ငါ့အေပေါ်အထင်လွဲသွားရင် သွားပြီ။ တကယ်ဆို ငါ့အပေါ်သူမုန်းသွားမှာအကြောက်ဆုံးပဲကွာ။အဲလိုမုန်းသွားမှာကို ငါခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။ နောက်ပြီး အသက်ချင်းလည်းကွာတော့သူ့ကိုလည်းအားနာနေတယ်။  သူ့မှာတက်လမ်းတွေလည်းရှိပြီးသား။သူ့ဘေးမှာ ဝိုင်းနေတဲ့ကောင်လေးတွေဆိုတာလည်း အများကြီး။ တကယ်ဆို ငါ့ကြောင့် ပွင့်လန်းနေတဲ့ ပန်းလေးတပွင့် ညှိုးနွမ်းသွားမှာ ငါမကြည့်ရက်ဖူးကွာ”

“အေး မင်း အဲလိုကြပ်ကြပ်လုပ်၊ တဖက်က ခံစားရမှာကိုကျတော့ မင်းထည့်မတွက်ဘူး၊ပန်းခြံထဲမှာ ဥယျာဉ်မှူးနဲ့နေချင်တဲ့ ပန်းတပွင့်ကို လေလံတင်ရောင်းချဖို့ ပြင်ဆင်နေတာ ကျတော့ဘာပြောဦးမလဲ၊ ခူးချင်တဲ့သူခူးပါစေ ငါဘေးက ထိုင်ကြည့်နေမယ်ဆ်ိုတာတော့ ဥယျာဉ်မှူးအလုပ်လားကွ၊ပန်းတပွင့်မှာလည်း သူ့အခွင့်အရေးနဲ့ သူရ်ှပါတယ်ကွာ၊ ပန်းတပွင့်ရဲ့ အခွင့်အရေးကိုရော မင်းဘယ်ထားမလဲ။ ဥယျာဉ်မှူးကောင်းဆိုတာ စိုက်တတ်ရုံနဲ့တော့ မရသေးဘူး။ သူ့က်ို ထိခိုက်စေတဲ့ ပိုးမွှားတွေရန်က ကင်းဝေးအောင် လုပ်ဖို့လည်း တာဝန်ရှိတယ်။ အဲဒါကျတော့ မင်းက လစ်လျူရှုပြီး ခူးချင်သူယူပါစေ ဆိုတဲ့ စကားနဲ့ ဝေသံသရာ လက်သစ် လုပ်ချင်လို့လားကွဟေ”

ဒေါက်တာ တင်ထွတ်က မချင့်မရဲဟန်ပြောတော့ ဒေါက်တာ ဖုန်းမော်ကဖြည်းညင်းစွာ ခေါင်းခါသည်။

“လူတိုင်းမှာ ကိုယ့်ခံယူချက်နဲ့ ကိုယ်ရှိကြပါတယ်ကွာ၊မင်းအနေနဲ့ ငါ့ဖက်က ကြည့်ပြောနေမှန်းငါသဘောပေါက်ပါတယ် ဒါပေမယ့်…”

“မဟုတ်ဘူး ဖုန်းမော်၊ငါမင်းဖက်က ကြည့်ပြောနေတာမဟုတ်ဘူး။ ကိုယ့်ခံစားချက်ကို ထုတ်ဖော်ခွင့်မရှိတဲ့မိန်းကလေးတယောက်ရဲ့ အစ်ကိုနေရာက ပြောတာ၊ ကျေးဇူးရှင်ဆိုတဲ့ အတားအဆီကြီးနဲ့ ကာဆီးခံထားရတဲ့အားနွဲ့တဲ့ မိန်းမပျိုတယောက်နေရာကို မင်းဝင်စဉ်းစားကြည့်စမ်းပါကွာ၊ တကယ်တော့ မင်းခံစားရသလို တဖက်ကဘယ်လောက်ခံစားရမလဲဆိုတဲ့အချက်လည်း မင်းနည်းနည်းထည့်တွက်သင့်တယ်လို့ငါထင်တယ်”

ဒေါက်တာ ဖုန်းမော်က မချိပြုံးပြုံးလိုက်သည်။

“မင်းထင်လ်ို့ပါ၊အခု သူ့ဘေးမှာ ငါ့ထက်သာတဲ့သူတွေ တပုံ ချည်းပဲ။ဘယ်သူ့ကိုကောက်ရွေးရွေးရပါတယ်။ ပိုဆိုးတာက သူ့ကိုဖွင့်ပြော၊သူက အားနာစိတ်နဲ့ လက်ခံလိုက်ပြီးမှ နောင်တချိန်သူနောင်တရမှာကို မလိုလားဘူးကွာ”

“ဒီမယ်ဟေ့ကောင် သူ့အသက်လည်း မငယ်တော့ဘူး၊သူ့မှာ ကိုယ်ပိုင်ဆုံးဖြတ်နိုင်တဲ့ အသိဥာဏ်ရှိပြီးသား၊သူ့ကိစ္စကို သူ့ဘာသာ ဆုံးဖြတ်လိမ့်မယ်။ မင်းလုပ်ရမှာက မင်းက သူ့အပေါ်ထားတဲ့ သဘောထား၊အဲဒါကို ဖွင့်ဟပြရုံပဲ၊ကျန်တာ ဆုံးဖြတ်တာ သူ့အလုပ်”

ထိုစကားကြောင့် ဖုန်းမော်တယောက် နည်းနည်းတော့ တွေဝေသွားသည်။ သူပြောတာ လည်း နည်းလမ်းကျသလို၊ဒါပေမယ့် ဖွင့်ပြောလိုက်လို့ ရလာနိုင်တဲ့ အကျိုးဆက်ကို သူဆက်မတွေးရဲပါ။ ငြင်းတာထက် အထင်သေးသွားမှာကို အစိုးရိမ်ဆုံး၊ ဟူး…ရင်မောရပါလားနှင်းပန်းရယ်။

အပိုင်း (၄) ဆက်ရန်…

https://drayeminhtoo.com/taw-win-pann-4/

Author – Dr. Aye Min Htoo

Genre – Novella

Write Reviews

Leave a Comment

No Comments & Reviews