Open 9:00-12:00 AM
+95 92051590

Taw Win Pann

4 Dec, 2021 | No Comments

Taw Win Pann

တော်ဝင်ပန်းသို့…..

(အပိုင်း ၄)

(၅)

ဒီနေ့ ဖွင့်ပြောဖြစ်အောင် ပြောမယ်ဟု အားခဲထားကာမှ နှင်းပန်းအိမ်ဆီကဖုန်းဆက်လာသည်။ ဆေးရုံဂျူတီကြောင့်သူနောက်ကျမည်ဆိုတဲ့အကြောင်း ။ အဆင်မပြေရင် ဒီနေ့နားလိုက်ပါလား ပြောတော့လည်း တဖက်က လက်မခံပါ။ ရပါတယ်၊လာကူမှာပါ ဆရာ၊နည်းနည်းပဲနောက်ကျမှာ ဆိုတော့ ဘာမှဆက်မပြောတော့။

နာရီလက်တံတရွေ့ရွေ့သွားနေတာကို ကြည့်ရင်း သူရောက်လာတော့မယ်ဆိုတာ သိတော့ ထူးထူးခြားခြား ရင်ခုန်လာသည်။ တွေ့ရမည်ကို မျက်နှာပူသလိုလို။ ချွေးပြန်ချင်သလိုလို။ ဘယ်လိုကြီးမှန်းတော့မသိ။ သူ့မျက်နှာလေးမြင်ယောင်မိပြန်တော့ စိတ်ထဲတွင် ကြည်နူးမိပြန်သည်။ 

သို့သော် ကြည်နူးမှုက ကြာကြာမခံလိုက်ပါ။ ဆေးခန်းထဲရောက်လာသော လူငယ်လေးတယောက်ကြောင့် ပျက်ဆီးသွားသည်။

“မနှင်းပန်းအိမ်ရှိလား မသိဘူးဗျာ”

လက်ထဲတွင် ပါကင်ပိတ်ထားသော ဗူးတဗူးကို ကိုင်ထားသော လူငယ်လေးတယောက်က မေးလိုက်သဖြင့် ခေါင်းကို ခါပြလိုက်သည်။

“မရောက်သေးဘူး၊ခဏနေမှရောက်မယ်ပြောတယ်၊ဘာကိစ္စရှိလို့လဲညီလေး”

“သြော် ..ကျွန်တော့်ကို ကိုစည်သူကဒီ ပစ္စည်းလေးပို့ခိုင်းလိုက်လို့ပါ၊မနှင်းပန်းအိမ်လာရင် ဒီဗူးလေးပေးပေးပါလားခင်ဗျာ”

ဒေါက်တာ ဖုန်းမော်က ဗူးကို တချကိကြည့်ရင်း “ရတယ်လေ”ဟုပြောတော့  ကောင်လေးက  ပစ္စည်းကို တရိုတသေကမ်းပေး၍ “ကျေးဇူးတင်ပါတယ်အစ်က်ို”ဟု ပြောပြီး ပြန်ထွက်သွားသည်။

နှင်းပန်းကို ပေးလိုက်တဲ့ဗူးကလေးဆိုပဲ။ ဗူးကလေးက လှသည်။ ဒါပေမယ့် တဖက်တွင် ရေးထားသော စာကြောင်းလေးနှစ်ကြောင်းကို မြင်လိုက်တော့ နှလုံးခုန်သံတွေအားလုံးကို အေးခဲသွားသည်။

 “happy birthday နှင်းပန်းအိမ်”

အောက်တွင် မောင် ဟု တလုံးတည်း ရေးထားသည်။

ဘုရား..ဘုရား။ နှင်းပန်းမှာ ရည်းစားရှိနေပြီလို့လည်း ငါမသိရပါလား။ ထိုစာတမ်းကို ကြည့်ရင်း  ရုတိတရက် ငိုင်ကျသွားသည်။ မျက်လုံးအစုံကလည်း ရည်ရွယ်ချက်ကင်းမဲ့စွာ အပြင်ကို ကြည့်နေမိသည်။တကယ်ဆို ဒီလက်ဆောင်က နောက်ကျသွားပြီ ဆိုတဲ့အချက်ပေးသံမျိုးလား  နှင်းပန်းရယ်။

ဘယ်လောက်ကြာအောင် ငေးနေမိမှန်းမသိ။ မျက်လုံးထဲတွင် အဝါရောင်အရိပ်တရိပ်ကို မြင်လိုက်မှသတိပြန်ဝင်လာသည်။ သြော် နှင်းပန်းအိမ်ရောက်လာပြီပဲ။

နှင်းပန်းအိမ်က ရောက်ရောက်ချင်း သူမျက်နှာမကောင်းတာကို အကဲခတ်မိသွားဟန်တူသည်။ 

“ဆရာဒီနေ့နေမကောင်းဘူးလား၊ဆေးရုံကအခုမှပြီးလို့ နည်းနည်းနောက်ကျသွားတယ်”

မချိပြုံးပြုံး၍ ခေါင်းအသာအယာခါယမ်းလိုက်သည်။ လက်ထဲတွင် ကိုင်ထားသော ဗူးလေးကို ကမ်းပေးလိုက်ရငိး”ဒီမှာ ကောင်လေးတယောက်လာပေးသွားတာ၊ညီမကို ပေးလိုက်ပါဆိုလို့ ဆရာယူထားလိုက်တာ”ဟု ပြောသည်။

ဘာဗူးလေးပါလိမ့်။ ဗူးကို ကမန်းကတန်းကြည့်လိုက်တော့ စာတမ်းလေးကို မြင်လိုက်ရသည်။ သေစမ်း..ဆရာ ငါ့ကို အထင်လွဲသွားပြီ။ 

ဆရာ့ကို ရှင်းပြဖို့ အခန်းထဲဝငိသွားတော့ ဆရာက မချိပြုံး ပြုံးသည်။

“နှင်းပန်းက လက်ဆောင်တွေ ဘာတွေပေးမယ့်သူတောင်ရှိနေပြီကိုး။ ဟုတ်ပါတယ်လေ။ လူဆိုတာ သီးချန်တန်သီး၊ပွင့်ချိန်တန်ပွင့်ရမှာ သဘာဝဆိုတာ ဆရာမေ့သွားတယ်”

ဆွေးမြေ့သော အသံကြောင့် နှင်းပန်းအိမ် ရင်ထဲ လှိုက်ခနဲ့့ဖြစ်သွားသည်။ ချက်ချင်းပင် မျက်ရည်များ ဝဲတက်လာသည်။ 

“မဟုတ်ဘူး ဆရာ၊လုံးဝမဟုတ်ဘူ”းဟု စိတ်ထဲက အထပ်ထပ်အော်နေပေမယ့် ပါးစပ်က ထွက်မလာခဲ့ပါ။ 

ဆရာကတော့ ဘာမှဆက်မပြောတော့ပဲ အံဆွဲကို ဖွင့်လိုက်ကာ ပစ္စည်းတခု လှမ်းယူလိုက်သည်။ အထဲကထွက်လာတာက အသည်းပုံနာရီလေး။

“ဒီမှာ ဆရာ နှင်းပန်းကို ပေးဖို့ ဝယ်ထားတဲ့လက်ဆောင်လေးပါ၊ နှင်းပန်းမွေးနေ့ကျရင် ပေးဖို့ ဝယ်လာတာ၊လက်ဆောင်က သိပ်တော့ အဖိုးမတန်ဘူးပေါ့ကွာ”

သူလှမ်းယူရင်း တစုံတခု ပြောမည်ပြုစဉ် “ကယ်ပါဦး ဆရာ၊ကယ်ပါဦး” ဟူသောအသံနှင့်အတူ လူကြီးကတယောက်က ကလေးတယောက်၏ခေါင်းကို ကိုငိထားပေးရင်း ဆေးခန်းထဲသို့ အလောတကြီး ပြေးဝင်လာသည်။ 

အမိုးဆောက်ရင်း ခေါင်းပေါ်တူပြုတ်ကျသွားသော ကောင်လေး၏ခေါင်းမှာ သွေးတွေ ခြင်းခြင်းရဲနေသည်။အခြေအနေက စိုးရ်ိမ်စရာ။သွေးတိတ်အောင် ချုပ်ပေးမှဖြစ်မည်။  နှင်းပန်းကို လှမ်းကြည့်လိုက်တော့ နှင်းပန်းကအလိုက်တသိ  ချုပ်ဖို့ ပစ္စည်းတွေပင် ယူပြီးနေပြီ။ စောစောကအခြေအနေတရပ်ကို နှစ်ယောက်သား ယာယီ မေ့လျှော့သွားကြ၏။

(၆)

“သေလိုက်ပါတော့ကွာ။ ဒီတခါလည်း မပြောခဲ့ရပြန်ဖူးပေါ့”

တင်ထွတ်က ကိုယ့်နဖူးကို ဖြန်းကနဲနေအောင် ရိုက်ချရင်း မချင့်မရဲပြောသည်။

“ဟုတ်တယ်ကွ၊ ဒါပေမယ့် ငါ မပြောတော့ဘူးလို့ ဆုံးဖြတ်လိုက်ပြီ။ ငါ့ကြောင့် သူတို့နှစ်ယောက် စိတ်ဝမ်းကွဲမှာ ငါမမြင်ချင်ဘူး သူငယ်ချင်း”

“နေပါဦး၊အခြေအနေကော သူ့ကို မေးပြီးလို့လား”

“အခြေအနေက ဘာမှ ပြောစရာမလိုလောက်အောင် ရှင်းနေတာပဲဥစ္စာ၊နောက်ပြီး သူလည်း အရွယ်ရောက်ပြီလေကွာ”

တင်ထွတ် စိတ်ပျက်လက်ပျက်နှင့် ကုလားထိုင်တလုံးပေါ်ထိုင်ချလိုက်သည်။ ပြောရခက်သော ဖုန်းမော်ကို ကြည့်ရင်း စိတ်လျှော့ လိုက်ဟန်တူသည်။

“ငါတော့ ဘာမှ မပြောချင်တော့ဘူးသူငယ်ချင်း၊ အေးတခုတော့ ပြောလိုက်မယ်။ လက်ဆောင်ပစ္စည်ပေးတိုင်းချစ်သူရည်းစား ဖြစ်နေပြီဆိုတဲ့ အဓိပ္ပါယ်မဟုတ်ဘူးကွ၊ လောကမှာ တခါတရံ ကိုယ်မြင်တာနဲ့ ထင်တာက တလွဲစီဖြစ်တတ်တယ်ဆိုတာလည်း သတိထားဦး”

ဒေါက်တာဖုန်းမော်က ဘာမှပြန်အပြောပဲ အဝေးသို့ ဆွေးမြေ့ကြေကွဲသောမျက်လုံးအစုံဖြင့် ကြည့်နေပါတော့သည်။

အပိုင်း (၅) ဆက်ရန်…

https://drayeminhtoo.com/taw-win-pann-5/

Author – Dr. Aye Min Htoo

Genre – Novella

Write Reviews

Leave a Comment

Please Post Your Comments & Reviews

Your email address will not be published. Required fields are marked *

No Comments & Reviews