တော်ဝင်ပန်းသို့… (အပိုင်း ၁၀) (၁၉) အသည်းအလှုရှင်က နှင်းပန်းအိမ်ဖြစ်ကြောင်း ရှင်းပြတော့ အန်တီက မယုံကြည်နိုင်သော မျက်လုံးများဖြင့် ငေးကြည့်နေသည်။ သူဘယ်လိုမှ ထင်မှတ်မထားခဲ့သူက သူ့အသည်းတခြမ်းကို လိုလိုချင်ချင် လှူပါမည် ပြောနေပြီမဟုတ်လား။ “ကျေး..ကျေးဇူးတင်လိုက်တာ သမီးလေးရယ်၊သမီးကို ဘယ်လိုကျေးဇူးတင်ရမှန်းမသိပါဘူး၊သမီးကျေးဇူးကိုအန်တီဒီတသက်မမေ့ပါဘူး၊နောက်ပြီး အန်တီ့ဖက်က ပြောမှားဆိုမှားရှိရင် ခွင့်လွှတ်ပါလို့ အန်တီ့ဖက်ကတောင်းပန်ပါတယ်ကွယ်” နှင်းပန်းအိမ်၏ လက်ဖဝါးနှစ်ဖက်ကို ဆုပ်ကိုင်ရင်း ပြောလိုက်သော အသံတွေက ဝမ်းသာမှုကြောင့် တုန်ယင်နေသည်။ တချိန်က သူပြောခဲ့သောစကားများကိုအခုတော့ နောင်တရနေဟန်တူသည်။ သူတန်ဖိုးထားခဲ့သောစည်းစိမ်ဥစ္စာတွေက သူ့သား၏အသက်ကို ကယ်တင်ဖို့ လုံးဝအသုံးမဝင်တော့မှန်း ကောင်းကောင်းနားလည်လိုက်ပြီမဟုတ်ပါလား။ မျက်ရည်စများကြားမှ တောင်းပန်နေသော အစ်ကို့မိခင်ကို နှင်းပန်းအိမ်က စာနာနားလည်စွာပြုံးပြလိုက်သည်။ “တောင်းပန်စရာမလိုပါဘူးအန်တီရယ်၊သမီးဖက်က အခုလိုကျေးဇူးဆပ်ခွင့်ရတာကိုပဲ ကျေနပ်ပြီးသားပါ။နောက်ပြီး အန်တီ့ကိုလည်း ဘယ်တုန်းကမှ အပြစ်မမြင်ခဲ့ပါဘူး၊အန်တီ့ကိုလေ စမြင်ကတည်းက သမီးအမေရင်းတယောက်လို သဘောထားပြီး ချစ်ခဲ့မိတာပါ။ ဒါပေမယ့် သမီးဖက်က တခုလောက်တော့ တောင်းဆိုပါရစေ အန်တီ” “ဘာများလဲသမီးလေးရယ်” “အကယ်၍ ခွဲစိတ်မှုအောင်မြင်ခဲ့ရင် သမီးအသည်းတခြမ်းလှုတဲ့အကြောင်း အစ်ကို့ကို လုံးဝပြန်မပြောပြပါဘူးဆိုတဲ့ကတိပါအန်တီ” “ဟင်” ဖုန်းမော်နှင့်သူမကိစ္စကိုသဘောတူပါဟု တောင်းဆိုလိမ့်မည် သေချာပေါက် တွက်ထားရာက လုံးဝမထင်မှတ်သောစကားကို ပြောလာသဖြင့် အံအားသင့်သွားသည်။ “သမီးလေး ဘယ်လိုပြောလိုက်တယ်။သားကို ဒီအကြောင်းမပြောရဘူးဟုတ်လား” နှင်းပန်းအိမ်ကခေါင်းညိတ်ပြလိုက်သည်။ထို့နောက် ဆွေးမြေ့ကြေကွဲသော မျက်လုံးများဖြင့် သူမကို ကြည့်လိုက်သည်။ “ဟုတ်ပါတယ်အန်တီ။အခုကိစ္စကို အစ်ကို့ကို ဘယ်တော့မှ ဖွင့်မပြောပါဘူးလို့သမီးကို ကတိပေးပါလားဟင်။အစ်ကိုမှာ ရှိတဲ့အသည်းက သမီးအသည်းမှန်းသိသွားရင် အစ်ကို ဘယ်လိုမှ စိတ်ကောင်းမှာ မဟုတ်ဘူးဆိုတာသမီးသိပါတယ်။ ဒါ့ကြောင့် ဖွင့်မပြောပဲ ရေငုံနှုတ်ပိတ်နေပေးဖို့ တောင်းဆိုတာပါ။ နောက်ပြီး သမီးအနားမှာရှိရင်အစ်ကိုပိုပြီးစိတ်ဆင်းရဲနေလိမ့်မယ်။အစ်ကို့ကို အသည်းလှုပြီးတာနဲ့ သမီးဒီကနေ ထွက်သွားတော့မယ်လို့ ဆုံးဖြတ်ပြီးသားပါ” အန်တီကော၊ဘေးတွင်ရှိနေသော အစ်ကို့ဖေဖေကပါ ဒီစကားကို လက်မခံဟန်မတူပါ။ “ဟင့်အင်း..အဲလိုတော့ မလုပ်ပါနဲ့ သမီးလေးရယ်၊ သမီးဖက်က အဲဒီလောက်ကြီး အနစ်နာခံဖို့ မလိုပါဘူးကွယ်။သမီးကို သားဘယ်လောက်ချစ်တယ်ဆိုတာ အန်တီအသိဆုံးပါ၊အန်တီပြောခဲ့သမျှကို အန်တီဖက်က ထပ်တောင်းပန်ပါရစေ၊သားလေးစိတ်ဆင်းရဲအောင် ဘာလို့လုပ်ချင်ရတာလဲကွယ်” ငိုသံကြီးနှင့်ပြောတော့ နှင်းပန်းအိမ်က ကြေကွဲစွာ တချက်ပြုံးသည်။ ထို့နောက် အတားအဆီးမရှိ စီးကျလာသောမျက်ရည်စများကိုဖောင်းအိနေသော လက်ဖမိုးလေးဖြင့် အသာသုတ်လိုက်သည်။ “သမီးလေ အစ်ကို့ကို စချစ်မိကတည်းက အရာရာစွန့်လွှတ်ပြီးမှ ချစ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ အစ်ကို့ဆီက ဘာတခုမှပိုင်ဆိုင်ခွင့်ရဖို့ မမျှော်လင့်ခဲ့ပါဘူး။ အန်တီ့ကိုလည်း သမီးဘယ်တုန်းကမှ မမုန်းခဲ့ပါဘူး။ အခုလိုဆုံးဖြတ်လိုက်တာအားလုံးအတွက် အဆင်ပြေမယ်ထင်လို့ ဆုံးဖြတ်ခဲ့တာပါ။ အစ်ကိုပြောခဲ့ဖူးတဲ့ စကားတခွန်းရှိတယ်။ သူများအတွက် အနစ်နာခံဖို့ရှိလာရင် ကိုယ်အရင်ဆုံး အနစ်နာခံလိုက်ပါတဲ့။ ကျောင်းတက်တုန်းက ဆုံးမခဲ့တဲ့စကားကိုသမီးအခုချိန်ထိ အမှတ်ရနေတုန်းပဲ။သမီးရှိနေရင် အားလုံးစိတ်ဆင်းရဲရမယ့်အတူတူ သမီးတယောက်တည်းအနစ်နာခံလိုက်တာ အဆင်ပြေဆုံးဖြစ်မှာပါ အန်တီရယ်” အစ်ကို့ဖေဖေကော၊အန်တီပါ ခေါင်းတရမ်းရမ်းဖြစ်သွားသည်။ တဖက်ကလည်း သူမပြောတာက မှန်သလိုရှိနေသဖြင့် ဘာဆကိပြောလို့ပြောရမှန်းမသိတော့။ ဘေးတွင် ထိုင်နေသော ငြိမ်းငြိမ်းကတော့ သူမကို သနားကြင်နာသော မျက်လုံးအစုံဖြင့် ငေးကြည့်နေမိသည်။အသက်ငယ်သလောက် စိတ်သဘောထားပြည့်ဝလွန်းသည့် ချစ်စရာကောင်းသော နှင်းပန်းအိမ်၏မျက်နှာလေးကိုတစိမ့်စိမ့်ကြည့်ရင်း ရင်ထဲတွင် ဆို့နင့်လာသည်။ ချစ်၍ စွန့်လွှတ်သူတွေ ရှိပါသည်။ သို့သော် နှင်းပန်းအိမ်ကတော့ထိုသို့မဟုတ်။စွန့်ပြီးမှ ချစ်ခဲ့သူမျိုး။ချစ်ရသူအတွက် အရာရာကို ပေးဆပ်ဖို့ အမြဲရှိနေသည့်အပြင် သူများစိတ်ချမ်းသာဖို့ မိမိနှလုံးသားကို စတေးပစ်ဖို့ထိ အသင့်ရှိနေခဲ့တဲ့ နှလုံးလှပိုင်ရှင် နှင်းပန်းအိမ်၏ မျက်နှာလေးကို စာနာသော မျက်လုံးအစုံဖြင့် ကြည့်နေမိပါသည်။ ဪ အစ်ကိုရယ်…တကယ်ဆို အစ်ကိုက ကံကောင်းပါတယ်။ လောကမှာ ဒီလောက် ချစ်တတ်တဲ့ မိန်းကလေးတယောက်ကို အစ်ကို့ဘဝမှာ ပိုင်ဆိုင်ထားခဲ့ဖူးပြီမဟုတ်လား။ အပိုင်း (၁၁) ဆက်ရန်… https://drayeminhtoo.com/taw-win-pann-11/ Author – Dr. Aye Min Htoo Genre – Novella
တော်ဝင်ပန်းသို့… (အပိုင်း ၉) (၁၆) ဆေးရုံပေါ်ရောက်တော့ အရေးပေါ်လူနာဌာနအခန်း အပြင်တွင် စောင့်နေသော အစ်ကို့မေမေနှင့် တွေ့သည်။ ဘေးတွင်လည်း အစ်ကိုနှင့် စေ့စပ်ထားသည့် မိန်းကလေးကိုတွေ့ရသည်။ လူနာဆောင်ထဲသို့ အပြေးဝင်လာသည့် သူ့မကို မြင်သည်နှင့် အစ်ကို့မေမေက မီးဝင်းဝင်းတောက်သော မျက်လုံးအစုံဖြင့် စူးစူးဝါးဝါးကြည့်သည်။ ချက်ချင်းဒေါသထွက်လာသဖြင့် အသားတွေလည်း တဆတ်ဆတ်တုန်ယင်လာသည်။ “မင်း မင်း ဒီကိုဘာလာလုပ်တာလဲ၊ထွက်သွား….သွား…ထွက်သွား၊မင်းမျက်နှာ ငါမကြည့်ချင်ဘူး၊မင်းကြောင့် သားလေးအခုလိုဖြစ်ရတာ” ငိုယိုရင်း လက်ညှိုးတငေါက်ငေါက်ထိုးရင်း ပြောနေသော အန်တီကို ဘေးတွင်ရှိသော အစ်ကို့ဖေဖေက ဖြောင့်ဖြသည်။ “ဆေးရုံကြီးထဲမှာ မကောင်းပါဘူးကွာ၊စိတ်ကို ထိန်းမှပေါ့၊ပြီးတော့ သူ့အပြစ်ချည်းပဲလည်း မဟုတ်ပါဘူး။ တကယ်ဆို အားလုံးအဆင်ပြေအောင် သူ့ဖက်က ရှောင်ပေးခဲ့တာ မဟုတ်လား၊ဒါတွေအားလုံးက ကံစီမံရာဖြစ်လာတာပါကွာ” “မဟုတ်ဘူး၊မဟုတ်ဘူး၊ သားလေးအခုလိုဖြစ်တာ သူ့ကြောင့် သူ့ကြောင့်” တဟီးဟီးနှင့်ယူကျုံးမရစွာငိုရင်း အော်ပြောသည်က်ု မြင်တော့ နှင်းပန်းအိမ်တယောက် ဆောက်တည်ရာမရတော့ပဲမျက်ရည်တွေတွေကျလာသည်။ “အစ်ကိုဘာဖြစ်သွားလို့လဲအန်ကယ်၊သမီးကိုပြောပါ၊အစ်ကို ဘာဖြစ်သွားသေးလဲ” အန်ကယ်က ခေါင်းကို ဖြည်းညင်းစွာခါရင်း “ဆရာဝန်ကြီးက အသည်းကို ထိသွားတယ်လို့ပြောတယ်။ အသည်းကသွေးအရမ်းထွက်ပြီး အလုပ်မလုပ်တော့ဘူးတဲ့၊အခု သွေးသွင်းနေတာ ၅ပုလင်းကျော်ပြီ၊ အရေးပေါ်အော်ပရေးရှင်းလုပ်ရမယ်လို့ပြောတယ်၊အသည်းတခုလုံး ထိခိုက်သွားလို့ အစားမထိုးနိုင်ရင် ကြာကြာမခံဘူးလို့ ဆရာဝန်ကပြောလိုက်တယ် သမီးရယ်၊အသည်းဆိုတာလည်း လှူမဲ့သူရှိမှ၊လှူမယ့်သူရှိဦးနော့၊အမျိုးအစားတူဦးမှလေ၊အန်ကယ်တို့အခု အသည်းအလှုရှင်ရှာနေကြတာ၊ဦးပဇ္ဇင်းတပါးက လှူမယ်ဆိုပေမယ့် သူ့သွေးအမျိုးအစားက သားနဲ့မကိုက်ဘူးလေ၊အခုအန်ကယ်တို့လည်း ဘာလုပ်ရမှန်းမသိတော့ဘူး၊သူ့ကံကိုပဲ အားကိုးရတော့မှာပဲ” ဘုရား…ဘုရား၊အစ်ကိုအခြေအနေမကောင်းဘူးဆိုပါလား။ ဒီလိုတော့ အဖြစ်မခံနိုင်ပါ။ ချက်ချင်း ခွဲစိတ်ဆရာဝန်ပါမောက္ခဆရာကြီးဦးချစ်တင်ကို သွားသတိရသည်။ ခွဲစိတ်ဆရာဝန်ကြီးက သူ့ကို အလွန်ချစ်ခင်ပြီး သူနှင့် အလွန်ရင်းနှီးသည့် ဆရာပါ။ ဆရာကြီးဆီဝင်တွေ့ပြီး အကျိုးအကြောင်းမေးရင် အစ်ကို့ကိုကယ်ဖို့ အဖြေတခုခုထွက်မှာပါ။ (၁၇) “သမီးတကယ်ဆုံးဖြတ်ပြီးပြီလား” နှင်းပန်းက ခေါင်းညိတ်လိုက်ရင်း “သမီးဆုံးဖြတ်ပြီးပါပြီဆရာ”ဟု ပြောသည်။ဆရာကြီးက သက်ပြင်းချလိုက်သည်။ “သမီးတခုသတိထားရမှာက ခွဲစိတ်မှုက အရမ်းကြီးလို့ အောင်မြင်မှုအရမ်းနည်းတယ်နော်၊အမျိုးအစားချင်းတူရင်တောင် အခန့်မသင့်ရင် နှစ်ယောက်လုံးဒုက္ခရောက်နိုင်တယ်” “သမီးနားလည်ပါတယ်ဆရာ၊ဒါ့ပေမယ့် ဒီတိုင်းကြည့်နေမှာထက်စာရင် တခုခုကြိုးစားကြည့်ချင်ပါသေးတယ်ဆရာရယ်” ဆရာကြီး ဦးချစ်တင်ဘာမှ ဆက်မပြောတော့။ ဆက်ပြောလည်း ခေါင်းမာသည့် နှင်းပန်းအိမ်က လက်မခံမှန်းသိလိုက်ပြီမဟုတ်လား။ ခေါင်းကိုခါရင်း သက်ပြင်းကိုသာ ခပ်လေးလေးချလိုက်မိသည်။ (၁၈) အသည်းလှုမည့်အလှူရှင်တွေ့ပြီဟု ဆရာကြီးကပြောတော့ အန်တီတယောက် ဝမ်းသာလွန်းသဖြင့် မျက်ရည်တွေစီးကျလာသည်။ “ဒါ..ဒါဆို သားလေးအသက်ကို ကယ်နိုင်ပြီပေါ့နော်ဆရာ၊သားလေးပြန်အသက်ရှင်တော့မှာပေါ့နော်” မျှော်လင့်ချက်မျက်ဝန်းများဖြင့်တတွတ်တွတ်မေးနေသော အန်တီကို ဆရာကြီးက ခေါင်းအသာအယာ ခါပြသည်။ “အဲလိုလည်းပြောလို့မရသေးဘူးလေ၊အသည်းအစားထိုးတယ်ဆိုတာ မေဂျာအော်ပရေးရှင်းပဲ။အမျိုးအစားချင်းတူရင်တောင် အောင်ချက်က ၅၀၊၅၀ စီပဲရှိတယ်၊လူနာကံနဲ့လည်း အများကြီးသက်ဆိုင်တယ်။ တခါတရံ ခွဲစိတ်တာအောင်မြင်ပြီးမှ လူနာရဲ့ခုခံအားက လက်မခံတာမျိုးလည်း ရှိတယ်။ လောလောဆယ် ဘာမှကြိုတင်ပြောလို့မရသေးဘူး၊ ဒါပေမယ့် ကျွန်တော်တို့ဖက်က အစွမ်းကုန်ကုသပေးမယ်လို့တော့ ကတိပေးပါတယ်” အန်တီ့မျက်နှာလေး ပြန်လည်ညှိုးငယ်သွားပြီး ခေါင်းငိုက်စိုက်သွားပြန်သည်။ အစ်ကို့ဖေဖေကတော့ အန်တီ့ပခုံးကိုခပ်ဖွဖွဆုပ်ကိုင်လိုက်ပြီး အားပေးစကားပြောသည်။ “မင်းကလည်းကွာ၊အသည်းလှူမယ့်လူရှိတာတောင် တော်လှပြီ။ ကံကောင်းလို့အခုလိုအလှူရှင်တွေ့တာကို ဝမ်းမသာပဲနဲ့ ဘာလို့စိတ်ဓာတ်ကျနေရတာလဲ။ ဘာပဲဖြစ်ဖြစ် အခုငါတို့ဖက်မှာ အသက်ရှင်ဖို့ အခွင့်အရေးက ၅၀ရာခိုင်နှုန်းတောင် ရှိနေပြီမဟုတ်လား။ ဆရာကြီးတို့ကလည်း အစွမ်းကုန်ကုပေးမယ်ပြောပြီးပြီပဲကွာ။ ဘာပဲဖြစ်ဖြစ် ငါကတော့ သားလေးအသက်ပြန်ရှင်လာမယ်လို့ လုံးဝယုံတယ်ကွာ” အန်ကယ့်စကားကြားတော့ အန်တီ့မျက်လုံးတွေက ပြန်လည်တောက်ပလာပြီး အားတက်လာသည်။ “ဟုတ်တယ်၊အစ်ကိုပြောတာမှန်တယ်။သားလေးအသက်ပြန်ရှင်လာမယ်လို့ ကျွန်မလည်းယုံတယ်” ထိုသို့ပြောရင်း တစုံတခုကို အခုမှ သတိရသွားဟန်ဖြင့် ဆရာကြီးကို လှည့်မေးလိုက်သည်။ “ဒါနဲ့ အသည်းလှူမဲ့အလှူရှင်က ဘယ်သူလဲ ဆရာကြီး၊ကျွန်မတို့သိခွင့်ရှိမလား” ဆရာကြီးက ခပ်မိန့်မိန့် ပြုံး၍ ဘေးတွင်ရပ်နေသော နှင်းပန်းအိမ်ကို ကြည့်လိုက်သည်။ “အသည်းအလှူရှင်က အဝေးကြီးမှာ မဟုတ်ဘူး။ ဟောဒီက သမီးလေး နှင်းပန်းအိမ်ပဲ” “ရှင်….” အန်တီတယောက် အံ့အားသင့်လွန်းသဖြင့် ကျောက်ဆစ်ရုပ်တရုပ်လို ငြိမ်သက်သွားပါတော့သည်။ ဘုရား..ဘုရား..အသည်းလှူမယ့် အလှူရှင်က နှင်းပန်းအိမ်ဆိုပါလား။ နှင်းပန်းအိမ်ကို ကြည့်မိလိုက်တော့ နှင်းပန်းအိမ်က ပြုံးရွှင်သော မျက်ဝန်းအစုံဖြင့် သူမကို စိုက်ကြည့်နေတာတွေ့သည်။ မှားပြီ…၊ ငါလုံးဝမှားသွားပြီ။ ဒါ…ဒါဆို ငါသူ့အပေါ်အထင်လွဲခဲ့တာတွေအားလုံးက…… အပိုင်း (၁၀) ဆက်ရန်… https://drayeminhtoo.com/taw-win-pann-10/ Author – Dr. Aye Min Htoo Genre – Novella
တော်ဝင်ပန်းသို့… (အပိုင်း ၈) (၁၄) လက်ထပ်ဖို့ နှစ်ပတ်လောက်သာ လိုတော့သည်။ အိမ်တွင် တယောက်တည်းအကြံအိုက်နေခိုက် သူငယ်ချင်းတင်ထွတ်က အပြေးအလွှားရောက်ချလာသည်။ “ဟေ့ကောင် မင်းနှင်းပန်းမရှိတော့ဘူးကွ” ရုတ်တရက်ကြားလိုက်ရသော စကားကြောင့် ခေါင်းတခုလုံး အုံးခနဲဖြစ်သွားသည်။ “ဘာ…ဘယ်လို၊တမြန်နေ့ကတောင် ဖုန်းရသေးတာပဲ။မင်းဟာက သေချာလို့လားကွာ” “သေချာတယ်ကွ၊သူတို့အဆောင်မှာနေတဲ့ ငါ့ညီမဝမ်းကွဲပြောတာပဲ။မနေ့က ညနေဖက် အထုပ်အပိုးတွေပြင်ပြီးအိမ်ပြန်တော့မယ်ဆိုပြီး ထွက်သွားတာတဲ့၊အခုဆိုရင် သူ့မိဘတွေဆီတောင် ရောက်ပြီလားမသိဘူး” “ဒုက္ခပါပဲ၊ဘာတွေလျှောက်လုပ်နေတာလဲပန်းရယ်” “ဒါနဲ့မင်းဘာလုပ်မယ်စိတ်ကူးထားလဲ ဖုန်းမော်” “ငါလည်း ဘာဆက်လုပ်ရမှန်းမသိဘူးကွာ” “နေဦး မင်းဆီမှာ သူ့မိဘတွေ ဖုန်းနံပါတ်ရှိတယ်မဟုတ်လား၊သူတို့ဆီ ဆက်မေးကြည့်ရင်ကော” ဟုတ်သားပဲ။တခါက သူ့မိဘတွေ ဖုန်းနံပါတ်ပေးထားဖူးတာ သတိရသွားသည်။ စောစောက ထူပူနေသဖြင့် မစဉ်းစားမိ။ စာအုပ်ကောက်လှန်ပြီး ရှာလိုက်တော့ လိပ်စာ အလွယ်တကူတွေ့သည်။ ပန်းမိဘတွေဆီဖုန်းဆက်ကြည့်လိုက်တော့ ဒီကို မလာဘူးတဲ့။ သေရော၊ ကွင်းစပြတ်ပြီထင်တယ်။ ဒါပေမယ့်မန္တလေးမှာ သူ့ဦးလေးတွေရှိသေးတယ်၊အဲဒီများသွားလား မသိဘူးဆိုတော့ လိပ်စာတောင်းရပြန်သည်။ လိပ်စာရလို့ ဖုန်းဆက်ကြည့်တော့ဖုန်းပိတ်ထားသည်တဲ့။ မဖြစ်ဘူး။လိပ်စာသိမှတော့ဖြစ်တဲ့နည်းနဲ့ လိုက်သွားရမှာပဲ။ ထုံးစံအတိုင်း သူငယ်ချင်း တင်ထွတ်ကိုပဲ လိုက်ပို့ပေးဖို့ အကူညီတောင်းရသည်။ သူငယ်ချင်းဖြစ်သူကလည်း ဒါမျိုးကူညီဖို့အသင့်။ လိုက်ပို့ပါမည်ကတိပေးသည်။ “ဘယ်အချိန်သွားမှာလဲ” “ငါတော့အခုပဲ လိုက်သွားချင်တယ်ကွာ၊တော်ကြာမမှီလိုက်ပဲ ဖြစ်နေဦးမယ်” သူငယ်ချင်းနှစ်ယောက် ညတွင်းချင်း မန္တလေးကို လိုက်သွားကြသည်။ (၁၅) အသည်းပုံနာရီလေး၊ဒီနာရီလေးက အစ်က်ိုပေးထားတဲ့ပစ္စည်းလေးမို့ သူတန်ဖိုးထားသည်။အစ်ကို့ကိုယ်ပွားဆိုလည်း မမှားဘူး။ တရက်တရက် ဒီပစ္စည်းလေးကို ထုတ်ကြည့်ရင်း အစ်ကို့ကို လွမ်းခဲ့ရတာ အစ်ကိုမှ သိပါလေစ။ပျောက်သောသူ ကြာရင်မေ့ဆိုသလို အိမ်ထောင်ကျပြီး သူ့ကို မေ့သွားမှာပါဟု ဖြေတွေးရသည်။ သူကတော့ ဒီတသက်ဘယ်တော့မှ မမေ့နိုင်တာ အသေအချာပါ။ တကယ်တော့ ဒီနေရာကို သူရှောင်လာတာ သုံးရက်လောက်ရှိပြီ။ သူ့အချစ်ဆုံးသူငယ်ချင်း အိအိကလွဲလို့ တခြားဘယ်သူ့ကိုမှအသိမပေးခဲ့။ နောက်ဆုံး အိမ်ကိုတောင် ဖုန်းမဆက်ခဲ့။ အစ်ကိုသိလို့ လိုက်လာရင် သူလုပ်သမျှသဲထဲရေသွန်ဖြစ်မှာစိုးလို့၊အစ်ကိုတို့ မင်္ဂလာဆောင်ပြီး မှပဲ ပြန်သွားတော့မည်ဟု ဆုံးဖြတ်လိုက်သည်။ တွေးရင်း အစ်ကိုမျက်နှာလေးကို ပြန်မြင်လာသည်။ အစ်ကိုကောအခု ဘာတွေလုပ်နေမလဲ။ညီမကိုများလိုက်ရှာနေမလား။ အကျိုးအကြောင်းသိချင်တာနဲ့ သူငယ်ချင်းပေးထားသော ဖုန်းဖွင့်ပြီး အိအိကို ဖုန်းဆက်ကြည့်သည်။ “ဟဲလို အိအိလား” “ဟယ်..နှင်းပန်း၊အတော်ပဲ နင်ဆက်တာ၊နင်အခုဘယ်မှာလဲ၊ငါ နင့်ဆီကို ဖုန်းဆက်လို့လည်း မရလို့ အခုပဲလူကိုယ်တိုင် လာတော့မလို့” “ဘာလို့လာမှာလဲ” “နင်ဟိုကိစ္စမသိသေးဘူးလား” “ဘာကိစ္စလဲ” “နင့်အစ်က်ိုနဲ့ဒေါက်တာ တင်ထွတ်တို့ နင်ရှိမယ်ထင်ပြီး မန္တလေးကို ညတွင်းချင်းလိုက်သွားတာလေ၊အမြန်လမ်းမှာကားမှောက်လို့တဲ့ နှစ်ယောက်လုံး အရေးပေါ်ဌာနမှာ” “ဘာ” ကမ္ဘာလောကကြီးတခုလုံး အိုးထိန်းစက်လို လည်သွားသည်။ မိုက်ခနဲဖြစ်သွားပြီး မျက်လုံးတွေပြာလာသည်။ လူတကိုယ်လုံး ကတုန်ကယင်သွားပြီး ဆောက်တည်ရာမရတော့။ အစ်ကိုဘာဖြစ်သွားသေးလဲ၊ညီမကြောင့် အစ်ကို အခုလိုဖြစ်ရတာ၊အစ်ကိုတခုခုဖြစ်ရင် ညီမကိုယ်ညီမ ခွင့်မလွတ်ဘူး။ အစ်ကို ဘာမှမဖြစ်ပါစေနဲ့ ဘုရား။ အပိုင်း (၉) ဆက်ရန်… https://drayeminhtoo.com/taw-win-pann-9/ Author – Dr. Aye Min Htoo Genre – Novella
တော်ဝင်ပန်းသို့… (အပိုင်း ၇) (၁၁) “မေမေ လုံးဝသဘောမတူဘူးသား” မေမေခါးခါးသီသီးငြင်းမည်ဟု အစကတည်းက ကြိုတွက်ပြီးသားပါ။ ဖေဖေကတော့ ဘာမှမပြော၊ တရားသမားပီပီ ပြုံး၍သာနေသည်။ မေမေကတော့ စီးပွားရေးသမားဖြစ်၍ စီးပွားဆန်ဆန်တွက်သည်။ သည်ကောင်မလေးကိုလက်ထပ်လိုက်လို့ သူ့ဖက်က ဘာမှတိုးတက်စရာမရှိ။ ခင်ခင်တို့ သမီးနှင့် လက်ထပ်လိုက်ပါက ဆယ်သက်မဟုတ်တသံသရာလုံး စားကုန်ဖွယ်မရှိသည့် စညိးစိမ်ဥစ္စာကို ရမည်။ ဒါကမေမေ့ဖက်ကအမြင်။ တကယ်ဆိုသူတို့ကိုယ်တိုင်ကလည်း စားနိုင်သောက်နိုင်ထဲကပါ။ အမှန်တော့ ကောင်မလေးက ရုပ်ရည်လည်း ချောမောပါသည်။ ပညာလည်း တတ်ပါသည်။ နိုင်ငံခြားမှာ စီပွားရေးပါရဂူဘွဲ့ကို လောလောလတ်လတ်ရပြီး ပြန်ရောက်တာသိပ်မကြာသေး။ လူကြီးချင်းကလည်း ငယ်ငယ်ကတည်းကသိခဲ့သည်မို့ ပေးစားချင်တာ မဆန်း။ ကောင်မလေးဖက်ကလည်း မေမေတို့သဘောဟုသာ ပြောထားပီး မီးစိမ်းပြသည်။ နောက်ပြီး ဟိုဖက်ကလည်း သူ့ကို စိတ်ဝင်စားသော အရိပ်အရောင်တွေ မြင်ရပါသည်။ ပြဿနာက သူ။ ညီမတယောက်အနေနှင့် သဘောထားလို့ရပေမယ့် အိမ်ထောင်ဖက်အနေနဲ့ ဘယ်လိုမှ စိတ်ဝင်စားလို့မရ။ အခုလည်း နှင်းပန်းနှင့် မေတ္တာမျှနေတာပြောတာ မေမေဖက်က ဘယ်လိုမှသဘောမတူ။ “အစကတည်းက ဒိလိုဖြစ်မယ်ကြိုသိထားလို့ မထောက်ပံ့ပါနဲ့ ပြောထားရဲ့နဲ့။ သားအဖနှစ်ယောက်လုံးအတိုင်အဖောက်ညီညီနဲ့ လူ့တယောက်ဘဝကို ကယ်တင်ပေးတာ ကုသိုလ်ရပါတယ်တဲ့ဆို၊ကဲ အဖေကြီး အခုတော့ရှင်ဘယ်လိုလုပ်မယ်စိတ်ကူးလဲ” ဖေဖေ့ကို တိုင်တည်လိုက်တော့ ဖေဖေက ခေါင်းကုတ်သည်။ “ဟ ယူမှာက ငါမဟုတ်ဘူးလေကွာ၊သားစိတ်တိုင်းကျပဲ ကောင်းပါတယ်ကွာ၊ပြီးတော့ ကောင်မလေးကလည်း ဥစ္စာမချမ်းသာတာကလွဲရင် ကျန်တာ အကုန်ပြည့်စုံနေတာပဲ၊ရုပ်ရည်ကလည်း အပြစ်ပြောစရာမရှိဘူး။ တကယ်ဆိုငယ်ငယ်က အမည်းစက်ထင်ခဲ့တဲ့ ပြစ်ချက်က တခုတည်းပဲ ရှိတာပါကွာ” မေမေက မျက်လုံးပြူးကြီးနှင့် ဖေဖေကို ကြည့်သည်။ “ဘာပြောတယ်၊ပြစ်ချက်တခုတည်းဟုတ်လား၊အဲဒီပြစ်ချက်ကြောင့်ပဲ သူနဲ့ သဘောမတူနိုင်တာရှင့်သိရဲ့လား။ ဒီအကြောင်းတွေ ဘေးကသိသွားရင် မိတ်ဆွေတွေ ကို ဘယ်လိုမျက်နှာပြမလဲ။ ရှင်တို့သားအဖက လိုက်လည်းလိုက်တယ်၊မပြောလိုက်ချင်ဘူး” “မေမေရယ် အမှားလေးတခု လုပ်ဖူးရုံနဲ့တော့ သားတို့ချစ်ချင်းကို မခွဲပါနဲ့၊ တကယ်ဆို အဲဒီအရွယ်ဆိုတာမျိုးကဘာမှသိတတ်သေးတာလဲမဟုတ်ဘူး၊ နောက်ပြီး သူကိုယ်တိုင်ကလည်း လုပ်ချင်လွန်းလို့မှ မဟုတ်တာ၊အခြေအနေအရ ခဏပဲလုပ်ခဲ့ရတာ၊မိသားစုအတွက် လုပ်ခဲ့ရတာ၊အခု သူဘယ်လိုနေတယ်ဆိုတာ မေမေလည်း ကြားမှာပါ” တကယ်တော့ မေမေလည်း သူ့သတင်းတွေ ကြားသင့်သလောက် ကြားပါသည်။ ကျောင်းမှာ နာမည်ကြီး၊စာတော်၊ဥာဏ်ထက်၊ချစ်စရာကောင်းတာ အကုန်လုံးသိသည်။ ယောကျာ်းလေးတွေနဲ့ ရှုပ်ရှုပ်ရှက်ရှက် မရှိတာလဲ သိသည်။ ဒါပေမယ့် လက်ထပ်ဖို့ထိတော့ သူ့ဖက်ကသဘောမတူချင်။ သားဖြစ်သူကို ခြောက်ပစ်ကင်း သဲလဲစင် မိန်းကလေးတယောက်နဲ့ပဲဖြစိစေချင်တဲ့ မိခင်တိုင်းရဲ့ မေတ္တာမဟုတ်လား။ ပိုဆိုးတာက သူ့သူငယ်ချင်းနှင့် စကားတွေ ကျွံခဲ့တာပါ။ တရက်ကတောင် သူတို့ချင်း မင်္ဂလာရက်တောင် ကျိတ်ပြီး သတ်မှတ်ပြီးပြီ။ ဖေဖေကတော့ သူ့ဖက်က။ဖြည်းဖြည်းချင်း စည်းရုံးကြည့်တာပေါ့ဟု အားပေးသည်။ မေမေကတော့ ခပ်ပြတ်ပြတ်သမားမို့ ရာဇသံပေးသည်။ “အေး မေမေတို့သဘောတူတဲ့သူနဲ့ လက်မထပ်လို့ကတော့ အမွေပြတ်ပဲနော် ကြားလား” ဖေဖေကော သူပါ တယောက်မျက်နှာ တယောက်ကြည့်ရင်း ခေါင်းငုံ့လိုက်ကြသည်။ ဟူး …. မလွယ်ပါလားနှင်းပန်းရယ်။ (၁၂) အိမ်ကသဘောမတူတဲ့အကြောင်း သူငယ်ချင်းတင်ထွတ်ကို ပြောတော့ ထုံးစံအတိုငိး ခေါင်းကုတ်ပြီး ညည်းသည်။ “မင်းတို့ဟာကလည်း မဟုတ်သေးပါဘူးကွာ၊ဟုတ်မလိုနဲ့ လိမ်ဖယ်လိမ်ဖယ် ဖြစ်နေတာ” “အချစ်စစ်တို့ရဲ့ လမ်းက ဘယ်တုန်းကဖြောင့်ဖြူးဘူးလို့လဲ” ဖုန်းမော် ခပ်တည်တည်နှင့်ပြောတော့ တင်ထွတ်က မျက်လုံးပြူးကြီးနှင့် ကြည့်သည်။ “ဟေ့ကောင် အဲဒါငါ့စကားလေကွာ” ဒေါက်တာဖုန်းမော်က ဟက်ကနဲ တချက်ရယ်သည်။ “ဟုတ်တယ်လေ၊တခါတရံမို့ မင်းစကားသုံးကြည့်တာ” (၁၃) ဖေဖော်ဝါရီ (၂၁)ရက်နေ့။ သူမချစ်သောမိန်းမတယောက်နှင့် လက်ထပ်ရမယ့်နေ့ကို မေမေတို့က ဇွတ်သတ်မှတ်လိုက်ကြသည်။ လက်ထပ်ရက်သတ်မှတ်လိုက်သည့် အကြောင်း ပန်းကိုပြောတော့ ပန်းက ငိုသည်။ “ညီမအစကတည်းက ထင်ပြီးသားပါအစ်ကိုရယ်၊ပန်းကြောင့် အစ်ကိုကော၊အန်တီရော စိတ်ဆငိးရဲတာမဖြစ်ချင်ဘူး” ဖုန်းမော်က ပန်း၏ခေါင်းလေးကို ရင်ခွင်ထဲထည့်လိုက်ပြီး နှစ်သိမ့်စကားဆိုသည်။ “တလလောက်လိုပါသေးတယ်ကွာ၊အစ်ကိုကြည့်စီစဉ်ပါအုံးမယ်၊နောက်ဆုံး ဘယ်လိုမှ မရရင်လည်း ခိုးပြေးမယ်ကွာ” နှင်းပန်း ခေါင်းလေးမော့လာပြီး ခေါင်းခါသည်။ “ဟင့်အင်း၊ပန်းလက်မခံနိုင်ဘူးအစ်ကို၊အစ်ကိုက ဘဝမှာ အမြဲသိက္ခာရှိရှိနေခဲ့သူပါ၊အဲလို လုပ်လိုက်ရင် အစ်ကိုရော၊အစ်ကို့မိဘတွေရဲ့ သိက္ခာတွေ ရေစုံမျောကုန်မှာပေါ့၊နောက်ပြီး အစ်ကို့ကို မိဘစကားနားထောင်တဲ့ သားတယောက်အဖြစ်ပဲ ပန်းမြင်ချင်တယ်” “ပန်းရယ် အဲဒါတွေက အခုချိန်မှာ အရေးကြီးသေးလို့လားကွယ်” ပန်းကခေါင်းကို တွင်တွင်ခါရင်း ရှိုက်ငိုသည်။ “ဟင့်အင်း၊မပြောပါနဲ့တော့အစ်ကိုရယ်၊ပန်းတောင်းပန်ပါတယ်။ ပန်းကြောင့် အစ်ကို့ဘဝမှာ အမည်းစက်တခု ဖြစ်ခဲ့ရင် ကိုယ့်ကိုယ်ကို ခွင့်လွှတ်နိုင်မှာမဟုတ်ဘူး၊တကယ်တော့ ပန်းဘဝမှာ အစ်ကိုနဲ့ချစ်ခဲ့ဖူးတယ်ဆိုတာလေးတခုတည်းနဲ့ ရှင်သန်လို့ရနေပါပြီအစ်ကိုရယ် “ “ဪ..ပန်းရယ်” နှင်းပန်းကိုယ်လုံးလေးကို တင်းကျပ်စွာ ထွေးပွေ့မိလိုက်သည်။ ပန်းကတော့ သူ့ရင်ခွင်ထဲတွင် ရှိုက်ငိုနေဆဲ။ အပိုင်း (၈) ဆက်ရန်… https://drayeminhtoo.com/taw-win-pann-8/ Author – Dr. Aye Min Htoo Genre – Novella