Open 9:00-12:00 AM
+95 92051590

Morphea

1 Nov, 2021 | No Comments

Morphea

အရေပြားအသားမာကွက် (morphea)ဆိုတာ ပုံမှန်အသားရောင်ထက် အရောင်ဖျော့နေတဲ့ အကွက်တွေ ဖြစ်ပါတယ်။ ဖြစ်တဲ့နေရာ အသားအရေက အမာရွတ်လို ပြောင်ချောနေတတ်တယ်။ ကိုလာဂျင် အလွန်အကျွံထုတ်ရာက အရေပြားအသားမျှင်တွေ ခဲပြီး မာကျောလာတာဖြစ်တယ်။ Scleroderma အမျိုးအစားထဲ အကျုံးဝင်တယ်။ ဗိုက်၊ ရင်ဘတ်၊ ကျောစတဲ့နေရာတွေမှာ အဖြစ်များတယ်။ မျက်နှာ၊လည်ပင်း၊ ခြေလက်တွေမှာ အတွေ့ရနည်းတယ်။ အရေပြားခဲပြီးကျုံ့တာက အတွင်းပိုင်းထိ လှိုက်စားသွားရင် အဆစ်လှုပ်ရှားမှုကို ကန့်သတ်နိုင်တယ်။ ခြေလက်စတာတွေ တင်းကျပ်နေမယ်။

ဖြစ်စမှာ အရေပြားအကွက်က တင်းပြီး ပန်းရောင် ခရမ်းရောင်ပြောင်းလဲနိုင်တယ်။ ကြာလာရင် ပုံမှန်အသားရောင်ထက်ဖျော့ပြီး မာခဲလာတယ်။ အရေပြားပုံစံပြောင်းလဲလာပြီး ပြောင်ချောလာတယ်။ တခါဖြစ်ရင် ဒီအကွက်တွေက နှစ်နဲ့ချီကြာမြင့်နိုင်တယ်။ တချို့ အရေပြားအသားမာကွက်တွေဟာ အချိန်ကြာလာရင် သက်သာနိုင်တယ်။ တခါပြန်လည်းဖြစ်နိုင်တယ်။ ကလေးငယ်ခေါင်း ဦးစောင်းမှာ ဓားခုတ်ရာလို အစင်းရှည်အကွက်ကလည်း morphea ဖြစ်နိုင်တယ်။ En coup de sabre ခေါ်ပါတယ်။

အရေပြားအသားမာကွက်တွေဟာ ခုခံအားစနစ်တုံ့ပြန်မှုကြောင့် ဖြစ်နိုင်ပါတယ်။ ဓာတ်မတဲ့သူတွေမှာ ပိုဖြစ်နိုင်တယ်။ အင်းစက်ပိုးမွှား၊ ဆေးဝါး၊ ကာကွယ်ဆေး၊ ဓာတ်ရောင်ခြည်၊ ဓာတုအဆိပ်ထိတွေ့မိတာ၊ အရေပြားဒဏ်ရာရတာစတဲ့ အချက်တွေလည်း ပါဝင်နိုင်တယ်။ ဒီအကွက်တွေကို လူဖြူ အမျိုးသမီးတွေမှာ ပိုတွေ့ရတယ်။ အသက်ငယ်လွန်းသူတွေ၊ အသက်ကြီးရင့်လွန်းသူတွေအဖြစ်များတယ်။ မျိုးရိုးလိုက်တတ်တယ်။ ခုခံအားစနစ် တုံ့ပြန်အားကောင်းသူတွေ ပိုဖြစ်နိုင်တယ်။ သိုင်းရွိုက်ရောဂါ၊ ခရုသင်းနဲ့ လေးဖက်နာအဆစ်ရောင်ရှိသူတွေမှာ ပိုဆိုးတတ်တယ်။

အရေပြားအသားမာကွက်တွေက ကုရခက်တယ်။ ဖြစ်တဲ့အကွက် သေးငယ်ရင် steroid cream, tacrolimus ointment, calcipotriol ointment, imiquimod cream စတာတွေ အသုံးပြုနိုင်တယ်။ အရေပြားမာခဲတာ သက်သာဖို့ PUVA အလင်းရောင်ကုထုံးတွေအသုံးပြုနိုင်တယ်။ရောဂါပိုဆိုးမလာအောင် သောက်ဆေးတွေလည်း သုံးကြတယ်။ ကနဦးအဆင့်မှာ methotrexate, mycophenolate mofetil စတဲ့ဆေးတွေ သုံးနိုင်တယ်။ လိုအပ်ရင် Hydroxychloroquine, Cyclosporin, Abatacept, Tocilizumab ဆေးဝါးတွေနဲ့ အဆင့်မြှင့်နိုင်တယ်။ ရောဂါတုံ့ပြန်မှုပေါ်မူတည်ပြီး ဆေးဝါးတွေကို ၂-၅နှစ်ထိ သောက်ရနိုင်တယ်။

Morphea ရဲ့ လားရာက မှန်းဆရခက်တယ်။ တချို့မှာ ပျောက်သွားတတ်တယ်။ပြီးရင် တခါပြန်ဖြစ်တတ်တယ်။ ရောဂါမဆိုးရင် ၃-၄နှစ်ကြာ ငုပ်လျိုးသွားတတ်တယ်။ ကလေးဘဝမှာ ဖြစ်ဖူးရင် အသက်အရွယ်ရလာတဲ့အခါ ပြန်ဖြစ်နိုင်တယ်။

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန်

Write Reviews

Leave a Comment

No Comments & Reviews