15 Nov, 2021 | No Comments
Keratosis pilaris
ကြာဆူးကို ဆေးပညာလို keratosis pilaris လို့ ခေါ်ပါတယ်။ ပိုတိကျအောင် ပြောရရင် follicular keratotic papules လို့ ခေါ်သင့်တယ်။ အရေပြား ပွတ်တိုက်မှုများတဲ့ ပခုံး၊ တံတောင်ဆစ်၊ ဒူးခေါင်း စတဲ့နေရာတွေမှာအဖြစ်များတယ်။ လေ့လာမှုတွေအရ ကြာဆူးဖြစ်သူရဲ့ ၉၂ ရာခိုင်နှုန်းဟာ တံတောင်ဆစ်မှာသာ ဖြစ်တယ်။ ၅၉ ရာခိုင်နှုန်းကတော့ ပေါင်မှာ ဖြစ်ကြတယ်။ တင်ပါးမှာ ဖြစ်တာက ၃၀ ရာခိုင်နှုန်းသာရှိတယ်။ မျက်နှာ၊ပါးပြင်စတဲ့နေရာတွေမှာဖြစ်ရင် ဝက်ခြံနဲ့မှားတတ်တယ်။
ကြာဆူးဟာ အရေပြား မွှေးညင်းပေါက်နေရာမှာ ကရာတင်ဆဲလ်(keratin)တွေ သွားရောက်ပိတ်ဆို့ရာက ဖြစ်တယ်။ လက္ခဏာတွေက တံတောင်၊ဒူးခေါင်းစတဲ့နေရာမှာ မာမာကြမ်းကြမ်း အဖုလေးတွေ တွေ့ရတယ်။ အဖုလေးတွေက ပင်အပ်ခေါင်းအရွယ် သေးသေးလေးတွေဖြစ်တယ်။ တနေရာတည်းမှာ အဖု (၅၀-၁၀၀)ကြား တပြိုင်နက် စုနေတတ်တယ်။ အရေပြား ယားယံတာ၊ ခြောက်သွေ့ကြမ်းတမ်းတာမျိုးရှိတယ်။
Picture 1: Keratosis Pilaris
ဒီအရေပြားပြဿနာဟာ မျိုးရိုးနဲ့ အဓိကသက်ဆိုင်တယ်။ ဗီတာမင် အေဓာတ်ချို့တဲ့ခြင်းကြောင့် ဖြစ်န်ိုင်တယ်။ ဆောင်းရာသီ လေထုစိုထိုင်းစနည်းတဲ့ ကာလတွေမှာ ဖြစ်ကြတယ်။ နှင်းခူနာရှိသူတွေဟာ သူများထက် ပိုဖြစ်နိုင်ပါတယ်။ လူငယ်လူရွယ်တွေရဲ့ ၄၀ ရာခိုင်နှုန်းနီးပါး ဖြစ်ကြတယ်။ လူနာကို ဒုက္ခမပေးပေမယ့် လူမြင်ကွင်းမှာမို့ စိတ်ညစ်စရာကောင်းပါမယ်။
Phrynoderma ဆိုတာ အာဟာရဓာတ်ချို့တဲ့မှုကြောင့် အဓိကဖြစ်တဲ့ ကြာဆူးအရေပြားရောဂါတစ်မျိုး ဖြစ်တယ်။ keratin plug နဲ့ ပိတ်ဆ်ို့ပြီး keratotic papule ဖြစ်လာတယ်။ Epidermal hyperkeratosis, follicular hyperkeratosis စသည်ဖြင့် အမျိုးမျိုးခေါ်တယ်။ ဗီတာမင်အေ (Vitamin A) ချို့တဲ့မှုနဲ့ အဓိကသက်ဆိုင်တယ်။ vitamin B , vitamin Eနဲ့ fatty acid ချို့တဲ့မှုကြောင့်လည်း ဖြစ်နိုင်တယ်။ extensor surface မှာဖြစ်တဲ့ follicular hyperkeratosis တမျိုးဖြစ်ပါတယ်။ တံတောင်ဆစ်၊ဒူးခေါင်း စတဲ့နေရာမှာ အဖုလေးတွေဖြစ်လာတယ်။ တံတောင်ဆစ် နှစ်ဖက်လုံးတပြိုင်နက် ဖြစ်နိုင်တယ်။ toad skin ဖားအရေခွံနဲ့ တင်စားကြတယ်။ အရေပြားမှာသာမက မျက်စိမှာလည်း ဖြစ်နိုင်တယ်။ အသက် ၅-၁၅ နှစ်အတွင်းအဖြစ်များတယ်။ phrynoderma က ဗီတာမင်အေချို့တဲ့မှုဖြစ်လို့ ဒီအာဟာရဓာတ်ဖြည့်တင်းတာနဲ့ ပြန်ကောင်းနိုင်ပါတယ်။
Picture 2: Phrynoderma
ကုသနည်း
ကြာဆူးအတွက် ကုနည်းအမျိုးမျိုးရှိတယ်။ ဆေးခန်းမှာတော့ AHA(glycolic acid) နဲ့ BHA(salicylic acid)ကို သုံးတယ်။ 5% salicylic acid နဲ့ 10% lactic acid က ကြာဆူးကုသရာမှာကောင်းတယ်။ ဆေးလိမ်းပြီး တစ်လအတွင်း ထူးခြားလာတယ်။ သုံးလအကြာမှာ သိသိသာသာသက်သာသွားမယ်။ lactic acid လိမ်းဆေးက အနံ့နံတာ၊ ယားတာ၊ ပူစပ်ပူလောင် ဖြစ်တာရှိနိုင်တယ်။ pulsed dye laser တွေလည်း သုံးနိုင်တယ်။ ဒီလေဆာပစ်ရင် တကြိမ်ကနေ လေးကြိမ်ထိ သွားဖို့ လိုတယ်။
ကြာဆူးကုသတဲ့အခါ keratolytic လိမ်းဆေးတွေ အဓိက ပေးသင့်တယ်။ လိမ်းဆေးထဲမှာ salicylic acid ointment , tretinoin gel သို့မဟုတ် cream ကို ညစဉ်လိမ်းပါ။ အရေပြားကြမ်းတမ်းတာအတွက် urea cream နေ့စဉ် သုံးကြိမ်လိမ်းပါ။ Vitamin A သောက်ဆေး 50,000–150,000 U ကို နေ့စဉ်ပေးရတယ်။ အနည်းဆုံး သုံးလတော့ ပေးသင့်တယ်။ phrynoderma ရောဂါမှာညလိုအပ်ရင် vitamin A နဲ့ B ကို အသားဆေးထိုးပေးနိုင်တယ်။
အိမ်သုံးနည်း
အလွယ်ဆုံးအိမ်သုံးနည်းက ဆဲလ်သေတွေ ဖယ်ရှားဖို့ sea salt ဆားကြမ်းနဲ့ ပွတ်တာ ဖြစ်တယ်။ ဆားကြမ်းမှာ natural exfoliator အာနိသင်ရှိတယ်။ ဆဲလ်သေပိတ်ဆို့မှု ဖယ်ရှားရုံမကအစိုဓာတ်ပါထိန်းပေးလိမ့်မယ်။ ဆားကြမ်း (၂)ဇွန်းနဲ့ ပျားရည် ၄)ဇွန်း ရောပြီး ကြာဆူးပေါက်တဲ့နေရာမှာ (၅)မိနစ်ကြာ ပွတ်ပါ။ ခပ်ဖွဖွသာပွတ်ပါ။ ပြီးရင် (၁၅)မိနစ်ထားပြီး ရေနွေးနဲ့ ပြန်ဆေးပါ။ တချို့က coconut oil, jojoba oil စတာတွေပါ သုံးတယ်။ ဆပ်ပြာ သုံးတဲ့အခါ အနုစားဆပ်ပြာသာ သုံးရမယ်။ castile soap တွေက အကောင်းဆုံးဖြစ်ပါတယ်။
အစိုဓာတ်ထိန်းဖို့နဲ့ အရေပြားခြောက်သွေ့တာ သက်သာဖို့ ရှားစောင်းလက်ပပ် သို့မဟုတ် ထောပတ်သီးကို နေ့စဉ် သုံးသင့်တယ်။အနှစ်ကို ကြိတ်ပြီး မိနစ်(၃၀)ကြာထားပါ။ ပြီးရင် ရေပြန်ဆေးချပါ။ စိမ်းတဲ့အရွက်များများစားပါ။ အိုမီဂါသရီး များများသောက်ပါ။ အသည်း၊ မုန်လာဥနီ၊ ဟင်းနုနွယ်၊ ကြက်ဥအနှစ် စတာတွေ နေ့စဉ်စားပါ။ နေကြာဆီ၊ ဆူးပန်းဆီ ထမင်းစားဇွန်း(၂)ဇွန်း တရက် နှစ်ကြိမ်သောက်ပါ။ အများစုက ကုပြီး သုံးလအတွင်း ရောဂါသက်သာလာတယ်။
ဒေါက်တာ အေးမင်းထူး
အရေပြားအထူးကုဆရာဝန်
Write Reviews
Leave a Comment
No Comments & Reviews