Open 9:00-12:00 AM
+95 92051590

Idiopathic guttate hypomelanosis (IGH)

2 Nov, 2021 | No Comments

Idiopathic guttate hypomelanosis (IGH)

Idiopathic guttate hypomelanosis (IGH)ဆိုတာ အရေပြားမှာ ဖြစ်လာတဲ့ အဖြူရောင် အစက်အပြောက်လေးတွေကို ခေါ်ပါတယ်။ ဒီကိုယ်ခန္ဓာအဖြူစက်တွေဟာ အကြောင်းရင်း မယ်မယ်ရရ မရှိဘဲ ထွက်လာပါတယ်။ guttate ဆိုတာ ရေစက်ပေါက်အရွယ်ရှိတဲ့ အစက်ပြောက်တွေကို တင်စားခေါ်ဝေါ်တဲ့အသုံးအနှုန်း ဖြစ်ပါတယ်။ အစက်ပြောက်အရွယ်က ၁-၅မီလီမီတာအတွင်းသာရှိတယ်။

အဖြူစက် အရေပြားရောဂါဟာ ခန္ဓာကိုယ်အနှံ့ နေရာမရွေးဖြစ်နိုင်တယ်။ သာမန်ကြည့်ရင် ဒဏ်ရာရထားတဲ့ အမာရွတ်လေးတွေနဲ့ တူတယ်။ အဖြူစက်လေးတွေက နည်းနည်းချိုင့်နေတတ်တယ်။ မွှေးညင်းပေါက်ကို ဗဟိုပြုပြီး အဖြူပြောက်တွေ ထွက်လေ့ရှိတယ်။ အစုလိုက်မတွေ့ရဘဲ ဗိုက်၊ ခြေ၊ လက်၊ ခါး စတဲ့နေရာမှာ တစ်ပြောက်စ နှစ်ပြောက်စသာ တွေ့ရပါတယ်။ မျက်နှာ၊လည်ပင်းကလွဲရင် ကျန်တဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ တွေ့ရတယ်။သမင်ဖြူ၊ ခရုသင်းလို ဆိုးရွားတဲ့အဖြူကွက်တွေ မဟုတ်ဘဲ သဘာဝအလျှောက်ဖြစ်လေ့ရှိတဲ့ သာမန်အဖြူစက်လေးတွေသာ ဖြစ်ပါတယ်။ 

အရေပြားရောဂါ မဟုတ်ဘဲ အသက်အရွယ်ပေါ်လိုက်ပြီး အလိုအလျှောက် ထွက်လာတဲ့ အစက်ပြောက်တွေ ဖြစ်တယ်။ အသက် ၇၀ ကျော်လူကြီးတွေရဲ့ ၈၀% နီးပါး ဖြစ်ကြတယ်။ အသက်ကြီးလာတာနဲ့  မယ်လနင်ရောင်ခြယ်(melanin)ထုတ်လုပ်မှု ကျဆင်းလာတယ်။ melanocytes ရောင်ခြယ်ဆဲလ် အရေအတွက် သိသိသာသာ လျော့နည်းလာတယ်။ melanin ထုတ်ထုတ်မှု နည်းတာ၊ melanosome လျှော့နည်းလာတာ၊ အပေါ်ယံ keratinocytes အရေပြားဆဲလ်မှာ melanin ရောက်ရှိမှု ကျဆင်းလာတာတွေနဲ့ သက်ဆိုင်ပါတယ်။ တနည်းအားဖြင့် ခန္ဓာကိုယ်က ပျက်စီးယိုယွင်းလာတဲ့သဘောမျိုးဖြစ်တယ်။ HLA-DQ3 မျိုးဗီဇနဲ့လည်း ဆက်စပ်နေတယ်။

ကုသနည်း

အဖြူစက် အရေပြားဖြစ်ရင် လိမ်းဆေးတွေ သုံးနိုင်တယ်။ လိမ်းဆေးတွေထဲမှာ topical steroids, topical retinoids, topical calcineurin inhibitors, topical 88% phenol စတာတွေ သုံးနိုင်တယ်။ အရေပြားရောင်ခြယ်လှုံ့ဆော်ဖို့ superficial abrasion, dermabrasion တွေ လုပ်နိုင်တယ်။ အရေပြားပြုပြင်ဖို့ ဇကာကွက်လေဆာ (fractional carbon dioxide laser)နည်းတွေ သုံးနိုင်တယ်။ အောက်လွှာ မယ်လနင်ရောင်ခြယ်လှုံ့ဆော်ဖို့ fractional 1550-nm ytterbium/erbium fiber laser နဲ့ excimer laser နည်းတွေ သုံးနိုင်တယ်။ အဖြူကွက်ကြီးတဲ့အခါ ပေါင်းစပ်ကုထုံးတွေ အသုံးဝင်တယ်။ ဇကာကွက်လေဆာ နဲ့ tacrolimus လိမ်းဆေး တွဲသုံးလို့ရတယ်။ မိုက်ခရိုအပ်ကုထုံး (microneedling)သုံးပြီး အပေါက်လေးတွေထဲ 5-fluorouracil ဆေးတွေ ထည့်သွင်းပေးလို့ရပါတယ်။ 

အဖြူစက်အရေပြားဟာ ကျန်းမာရေးပြဿနာမဟုတ်လို့ ပုံမှန်အားဖြင့် ကုသဖို့ မလိုအပ်ပါဘူး။ ဆိုးရွားတဲ့ခရုသင်း၊သမင်ဖြူရောဂါ ပြောင်းလဲတာမျိုးလည်း မတွေ့ရဘူး။ အဖြူစက်တွေ များလာရင် ကြည့်ရဆိုးတာမျိုး ရှိနိုင်ပါတယ်။ ဖြစ်လာရင် အရေပြားဆရာဝန်နဲ့ ပြသပြီး တိုင်ပင်ကုသနိုင်ပါတယ်။

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန်

Write Reviews

Leave a Comment

No Comments & Reviews