4 Dec, 2021 | No Comments
Taw Win Pann
တော်ဝင်ပန်းသို့…
(အပိုင်း ၉)
(၁၆)
ဆေးရုံပေါ်ရောက်တော့ အရေးပေါ်လူနာဌာနအခန်း အပြင်တွင် စောင့်နေသော အစ်ကို့မေမေနှင့် တွေ့သည်။ ဘေးတွင်လည်း အစ်ကိုနှင့် စေ့စပ်ထားသည့် မိန်းကလေးကိုတွေ့ရသည်။ လူနာဆောင်ထဲသို့ အပြေးဝင်လာသည့် သူ့မကို မြင်သည်နှင့် အစ်ကို့မေမေက မီးဝင်းဝင်းတောက်သော မျက်လုံးအစုံဖြင့် စူးစူးဝါးဝါးကြည့်သည်။ ချက်ချင်းဒေါသထွက်လာသဖြင့် အသားတွေလည်း တဆတ်ဆတ်တုန်ယင်လာသည်။
“မင်း မင်း ဒီကိုဘာလာလုပ်တာလဲ၊ထွက်သွား….သွား…ထွက်သွား၊မင်းမျက်နှာ ငါမကြည့်ချင်ဘူး၊မင်းကြောင့် သားလေးအခုလိုဖြစ်ရတာ”
ငိုယိုရင်း လက်ညှိုးတငေါက်ငေါက်ထိုးရင်း ပြောနေသော အန်တီကို ဘေးတွင်ရှိသော အစ်ကို့ဖေဖေက ဖြောင့်ဖြသည်။
“ဆေးရုံကြီးထဲမှာ မကောင်းပါဘူးကွာ၊စိတ်ကို ထိန်းမှပေါ့၊ပြီးတော့ သူ့အပြစ်ချည်းပဲလည်း မဟုတ်ပါဘူး။ တကယ်ဆို အားလုံးအဆင်ပြေအောင် သူ့ဖက်က ရှောင်ပေးခဲ့တာ မဟုတ်လား၊ဒါတွေအားလုံးက ကံစီမံရာဖြစ်လာတာပါကွာ”
“မဟုတ်ဘူး၊မဟုတ်ဘူး၊ သားလေးအခုလိုဖြစ်တာ သူ့ကြောင့် သူ့ကြောင့်”
တဟီးဟီးနှင့်ယူကျုံးမရစွာငိုရင်း အော်ပြောသည်က်ု မြင်တော့ နှင်းပန်းအိမ်တယောက် ဆောက်တည်ရာမရတော့ပဲမျက်ရည်တွေတွေကျလာသည်။
“အစ်ကိုဘာဖြစ်သွားလို့လဲအန်ကယ်၊သမီးကိုပြောပါ၊အစ်ကို ဘာဖြစ်သွားသေးလဲ”
အန်ကယ်က ခေါင်းကို ဖြည်းညင်းစွာခါရင်း “ဆရာဝန်ကြီးက အသည်းကို ထိသွားတယ်လို့ပြောတယ်။ အသည်းကသွေးအရမ်းထွက်ပြီး အလုပ်မလုပ်တော့ဘူးတဲ့၊အခု သွေးသွင်းနေတာ ၅ပုလင်းကျော်ပြီ၊ အရေးပေါ်အော်ပရေးရှင်းလုပ်ရမယ်လို့ပြောတယ်၊အသည်းတခုလုံး ထိခိုက်သွားလို့ အစားမထိုးနိုင်ရင် ကြာကြာမခံဘူးလို့ ဆရာဝန်ကပြောလိုက်တယ် သမီးရယ်၊အသည်းဆိုတာလည်း လှူမဲ့သူရှိမှ၊လှူမယ့်သူရှိဦးနော့၊အမျိုးအစားတူဦးမှလေ၊အန်ကယ်တို့အခု အသည်းအလှုရှင်ရှာနေကြတာ၊ဦးပဇ္ဇင်းတပါးက လှူမယ်ဆိုပေမယ့် သူ့သွေးအမျိုးအစားက သားနဲ့မကိုက်ဘူးလေ၊အခုအန်ကယ်တို့လည်း ဘာလုပ်ရမှန်းမသိတော့ဘူး၊သူ့ကံကိုပဲ အားကိုးရတော့မှာပဲ”
ဘုရား…ဘုရား၊အစ်ကိုအခြေအနေမကောင်းဘူးဆိုပါလား။ ဒီလိုတော့ အဖြစ်မခံနိုင်ပါ။ ချက်ချင်း ခွဲစိတ်ဆရာဝန်ပါမောက္ခဆရာကြီးဦးချစ်တင်ကို သွားသတိရသည်။ ခွဲစိတ်ဆရာဝန်ကြီးက သူ့ကို အလွန်ချစ်ခင်ပြီး သူနှင့် အလွန်ရင်းနှီးသည့် ဆရာပါ။ ဆရာကြီးဆီဝင်တွေ့ပြီး အကျိုးအကြောင်းမေးရင် အစ်ကို့ကိုကယ်ဖို့ အဖြေတခုခုထွက်မှာပါ။
(၁၇)
“သမီးတကယ်ဆုံးဖြတ်ပြီးပြီလား”
နှင်းပန်းက ခေါင်းညိတ်လိုက်ရင်း “သမီးဆုံးဖြတ်ပြီးပါပြီဆရာ”ဟု ပြောသည်။ဆရာကြီးက သက်ပြင်းချလိုက်သည်။
“သမီးတခုသတိထားရမှာက ခွဲစိတ်မှုက အရမ်းကြီးလို့ အောင်မြင်မှုအရမ်းနည်းတယ်နော်၊အမျိုးအစားချင်းတူရင်တောင် အခန့်မသင့်ရင် နှစ်ယောက်လုံးဒုက္ခရောက်နိုင်တယ်”
“သမီးနားလည်ပါတယ်ဆရာ၊ဒါ့ပေမယ့် ဒီတိုင်းကြည့်နေမှာထက်စာရင် တခုခုကြိုးစားကြည့်ချင်ပါသေးတယ်ဆရာရယ်”
ဆရာကြီး ဦးချစ်တင်ဘာမှ ဆက်မပြောတော့။ ဆက်ပြောလည်း ခေါင်းမာသည့် နှင်းပန်းအိမ်က လက်မခံမှန်းသိလိုက်ပြီမဟုတ်လား။ ခေါင်းကိုခါရင်း သက်ပြင်းကိုသာ ခပ်လေးလေးချလိုက်မိသည်။
(၁၈)
အသည်းလှုမည့်အလှူရှင်တွေ့ပြီဟု ဆရာကြီးကပြောတော့ အန်တီတယောက် ဝမ်းသာလွန်းသဖြင့် မျက်ရည်တွေစီးကျလာသည်။
“ဒါ..ဒါဆို သားလေးအသက်ကို ကယ်နိုင်ပြီပေါ့နော်ဆရာ၊သားလေးပြန်အသက်ရှင်တော့မှာပေါ့နော်”
မျှော်လင့်ချက်မျက်ဝန်းများဖြင့်တတွတ်တွတ်မေးနေသော အန်တီကို ဆရာကြီးက ခေါင်းအသာအယာ ခါပြသည်။
“အဲလိုလည်းပြောလို့မရသေးဘူးလေ၊အသည်းအစားထိုးတယ်ဆိုတာ မေဂျာအော်ပရေးရှင်းပဲ။အမျိုးအစားချင်းတူရင်တောင် အောင်ချက်က ၅၀၊၅၀ စီပဲရှိတယ်၊လူနာကံနဲ့လည်း အများကြီးသက်ဆိုင်တယ်။ တခါတရံ ခွဲစိတ်တာအောင်မြင်ပြီးမှ လူနာရဲ့ခုခံအားက လက်မခံတာမျိုးလည်း ရှိတယ်။ လောလောဆယ် ဘာမှကြိုတင်ပြောလို့မရသေးဘူး၊ ဒါပေမယ့် ကျွန်တော်တို့ဖက်က အစွမ်းကုန်ကုသပေးမယ်လို့တော့ ကတိပေးပါတယ်”
အန်တီ့မျက်နှာလေး ပြန်လည်ညှိုးငယ်သွားပြီး ခေါင်းငိုက်စိုက်သွားပြန်သည်။ အစ်ကို့ဖေဖေကတော့ အန်တီ့ပခုံးကိုခပ်ဖွဖွဆုပ်ကိုင်လိုက်ပြီး အားပေးစကားပြောသည်။
“မင်းကလည်းကွာ၊အသည်းလှူမယ့်လူရှိတာတောင် တော်လှပြီ။ ကံကောင်းလို့အခုလိုအလှူရှင်တွေ့တာကို ဝမ်းမသာပဲနဲ့ ဘာလို့စိတ်ဓာတ်ကျနေရတာလဲ။ ဘာပဲဖြစ်ဖြစ် အခုငါတို့ဖက်မှာ အသက်ရှင်ဖို့ အခွင့်အရေးက ၅၀ရာခိုင်နှုန်းတောင် ရှိနေပြီမဟုတ်လား။ ဆရာကြီးတို့ကလည်း အစွမ်းကုန်ကုပေးမယ်ပြောပြီးပြီပဲကွာ။ ဘာပဲဖြစ်ဖြစ် ငါကတော့ သားလေးအသက်ပြန်ရှင်လာမယ်လို့ လုံးဝယုံတယ်ကွာ”
အန်ကယ့်စကားကြားတော့ အန်တီ့မျက်လုံးတွေက ပြန်လည်တောက်ပလာပြီး အားတက်လာသည်။
“ဟုတ်တယ်၊အစ်ကိုပြောတာမှန်တယ်။သားလေးအသက်ပြန်ရှင်လာမယ်လို့ ကျွန်မလည်းယုံတယ်”
ထိုသို့ပြောရင်း တစုံတခုကို အခုမှ သတိရသွားဟန်ဖြင့် ဆရာကြီးကို လှည့်မေးလိုက်သည်။
“ဒါနဲ့ အသည်းလှူမဲ့အလှူရှင်က ဘယ်သူလဲ ဆရာကြီး၊ကျွန်မတို့သိခွင့်ရှိမလား”
ဆရာကြီးက ခပ်မိန့်မိန့် ပြုံး၍ ဘေးတွင်ရပ်နေသော နှင်းပန်းအိမ်ကို ကြည့်လိုက်သည်။
“အသည်းအလှူရှင်က အဝေးကြီးမှာ မဟုတ်ဘူး။ ဟောဒီက သမီးလေး နှင်းပန်းအိမ်ပဲ”
“ရှင်….”
အန်တီတယောက် အံ့အားသင့်လွန်းသဖြင့် ကျောက်ဆစ်ရုပ်တရုပ်လို ငြိမ်သက်သွားပါတော့သည်။
ဘုရား..ဘုရား..အသည်းလှူမယ့် အလှူရှင်က နှင်းပန်းအိမ်ဆိုပါလား။ နှင်းပန်းအိမ်ကို ကြည့်မိလိုက်တော့ နှင်းပန်းအိမ်က ပြုံးရွှင်သော မျက်ဝန်းအစုံဖြင့် သူမကို စိုက်ကြည့်နေတာတွေ့သည်။ မှားပြီ…၊ ငါလုံးဝမှားသွားပြီ။
ဒါ…ဒါဆို ငါသူ့အပေါ်အထင်လွဲခဲ့တာတွေအားလုံးက……
အပိုင်း (၁၀) ဆက်ရန်…
https://drayeminhtoo.com/taw-win-pann-10/
Author – Dr. Aye Min Htoo
Genre – Novella
Write Reviews
Leave a Comment
No Comments & Reviews