4 Dec, 2021 | No Comments
Taw Win Pann
တော်ဝင်ပန်းသို့….
အပိုင်း (၂)
(၂)
လွယ်လွယ်ပြောရလျှင် အစကတည်းက ဥာဏ်ကောင်းသော ကောင်မလေးမှာ ၁၀တန်းဆက်တက်ပြီး အောင်တော့ဆေးကျောင်းတက်ရသည်။သူမဆေးကျောင်းရောက်တော့ ပြောထားသည့်အတိုင်း ဒေါက်တာဖုန်းမော်ကပင်အစစအရာရာကူညီပေးသည်။ အဆောင်စရိတ်၊နေစရာ လိုအပ်သမျှကူညီ ထောက်ပံ့ပေးသည်။ ငွေရေးကြေးရေးနှင့် ပတ်သက်၍ မပူပန်စေရ။
အစကတော့ အားနာနာနှင့်ငြင်းသေးသည်။ နောက်ပိုင်းတွင်တော့ သူမကူညီပဲ ရပ်တည်လို့မရတာ နားလည်သွားပြီးလက်ခံလိုက်သည်။
ဆေးကျောင်းရောက်ရောက်ချင်း စာတော်၍ ချောမောလှပလွန်းသော သူမကို လူတော်တော်များများသတိထားမိကြသည်။ ယောကျာ်းလေးတွေဝိုင်းဝိုင်းလည်နေပေမယ့် သူမကတော့ ဘယ်သူ့က်ိုမှ စိတ်ဝင်စားလို့မရ။ ဘဝပေးအခြေအနေအရ ကြိုးစားမှဖြစ်မှန်းနားလည်သည်။
ဘယ်လိုပဲဖြစ်ဖြစ် သူမ၏တနေ့တာအချိန်က မပြောင်းလဲ။ နေ့တိုင်း အချိန်မှန်ကျောင်းတက်သည်။ ကျောင်းဆင်းတာနဲ့ ဒေါက်တာ ဖုန်းမော် ဆေးခန်းသွားကူသည်။ ဆေးခန်းနှင့်ဆေးကျောင်းက နီးနီးလေးပါ။ သူနေသည့်အဆောင်နှင့်လည်း သိပ်မလှမ်းတော့ လာရတာအဆင်ပြေသည်။
ဒေါက်တာ ဖုန်းမော်ကတော့ သူ့ဆီတခါမှမလာဖူးခဲ့။ သူမကို ပတ်ဝန်းကျင်က အထင်လွဲမှာစိုးလို့ပါတဲ့လေ။ ဟုတ်တော့လည်း ဟုတ်သည်။ ဒီလောက် ကင်းကင်းရှင်းရှင်းနေတာတောင် ပတ်ဝန်းကျင်အပြောက မလွတ်ချင်။ ကွယ်ရာမှာ ဆရာနဲ့ဘာလိုလိုဟု ပြောပြန်သည်။ ပြောသူတွေက အရင်းနှိးဆုံးသူငယ်ချင်းတွေထဲက။
တခါက အဆောင်က သူငယ်ချင်းမိန်းကလေးတယောက် ဆရာနှင့်ပြချင်သည်ဆိုတော့ ခေါ်လာပြသည်။ နောက်ရက်ကျ သူက ဆရာ့ကို လက်ဆောင်ပေးချင်သည်ဟု အတင်း ပူဆာသည်။ ဆရာ့အကြောင်း သိနေသူပီပီ ဆရာယူမှာမဟုတ်ဘူးတားတော့ “ဘာလဲ ငါ့ဖက်ပါမှာဆိုးလို့လား”ဟု စိတိဆိုးမာန်ဆိုး ပြောဆိုတာလည်း ခံခဲ့ရဖူးသည်။နောက်ရက် ထိုသူငယ်ချင်းကပဲ ဆရာ့ကို သူ့နဲ့ ဘာလိုလိုဖြစ်နေပြီဟု မဟုတ်မမှန် သတငိးလွင့်ပြန်သည်။
သူ့ဖက်ကတော့ ကိစ္စမရှိပေမယ့် မဟုတ်ပဲနဲ့ အပြောခံရတဲ့ ဆရာ့ဖက်က နာသည်။ တကယ်ဖြစ်ခဲ့ရင်တော့ ဘာအရေးလဲ။ ဒီအကြောင်းကို ဆရာကို ပြောတော့ ဆရာက ပြုံးသည်။ “လောကကြီးက ဒီလိုပါပဲကွာ၊သိပ်ဂရုစိုက်မနေပါနဲ့၊ကိုယ့်ဖက်က စေတနာမှန်ဖို့ပဲ အရေးကြီးတာပါ၊ဆရာကတော့ ကိုယ့်စေတနာကိုယ် ယုံတယ်ကွာ”ဟုနှစ်သိမ့်သည်။
ဆရာနှင့်အနီးကပ်နေမှ ဆရာ့စိတ်ရင်းစေတနာ၊ဆရာ့၏သိက္ခာကို ပိုနားလည်လာသည်။ သူတပါးအပေါ်တွင် အမြဲစေတနာထားပြီး ကူညီတတ်သော ဆရာ့ကို ပိုမို လေးစားမိသည်။ အမြဲပြုံးနေတတ်သော ဆရာ့မျက်နှာမြင်လိုက်တိုင်း ဘဝအမောတွေ ပြေပျောက်သွားသလို ခံစားရသည်။ တခါတရံ စိတ်ဓာတ်ကျခဲ့တဲ့ နေ့ရက်တွေမှာ ဆရာ့အပြုံးနဲ့ ရှင်သန်ခဲ့ရတဲ့နေ့တွေ မနည်းခဲ့ပါဘူး။ တဖြည်းဖြည်း ဆရာ့စကားတွေ၊အားပေးမှုတွေနဲ့ ဘဝကိုကောင်းကောင်းရင်ဆိုင်နိုင်ခဲ့လေသည်။
ဆရာကသဘောကောင်းတော့ လူနာပေါသည်။ဆေးခန်းထဲတွင် အကူလုပ်သည့် သက်တမ်းတလျှောက် သူ့အပေါ်ရော၊လူနာတွေကိုပါ ငေါက်ငမ်းအော်ဟစ်တာမျိုး မကြုံဖူးခဲ့။ လူချစ်လူခင်ပေါသဖြင့် ဆေးခန်းလေးမှာ လူစည်ကားသည်။ အဲဒီအကြောင်း စကားစပ်လို့ပြောတိုင်း “လောကမှာ လူစည်ကားလို့ သိပ်မကောင်းတဲ့နေရာတွေထဲမှာဆေးခန်းလည်း ပါတယ်လေကွာ”ဟု ပြုံးပြီး ပြောတတ်သည်။
နောက်ပြီး ဆရာက ဟော့ဟော့ရမ်းရမ်းတွေသိပ်မကြိုက်တဲ့ သူမျိုးမဟုတ်တာလည်း သတိထားမိသည်။အဝတ်အစားကအစ သတ်သတ်ရပ်ရပ်ဝတ်မှကြိုက်သည်။ တခါကလည်း ကျောင်းကပွဲမှအပြန် အဝတ်မလဲမိဘဲဘောင်းဘီရှည်နှင့် ဆေးခန်းသွားကူဖူးသည်။ ဆေးခန်းရောက်ရောက်ချင်း ဆရာ့မျက်နှာ ကွက်ခနဲ ပျက်သွားသည်။ဒါပေမယ့် ဘာမှတော့ မပြော။ ပြန်ခါနီးတွင် “ဆရာ ကတော့ မ်ိန်းကလေးဆိုရင် သိက္ခာရှိရှိဝတ်စားတာမျိုးပဲသဘောကျတယ်ကွာ”ဟု မသိမသာပြောဖူးသည်။ ထို့နောက်ပိုင်းတွင် ဆရာမကြိုက်သော အမူအကျင့်မျိုးကို တတိနိုင်သမျှ ရှောင်ခဲ့သည်။
နေက်ပိုင်း ဆရာနှင့် ပတိသက်လာလျှင် အသေးအဖွဲလေးတွေကအစ ဂရုစိုက်တတ်လာသည်။ ဥပမာ ဆရာအနီရောင်ကြိုက်တတ်တာသိသဖြင့် ပန်းအိုးထဲတွင် နှင်းဆီပန်းများကို အမြဲထိုးပေးထားသည်။ ဆရာကြိုက်တဲ့တဲ့ဟင်းမျိုးဆိုလျှင် ချက်တတ်အောင် တိတ်တခိုးလေ့ကျင့်နေမိသည်။ တခါကလည်း ဆရာကြိုက်သည့် မုန့်ဟင်းခါးချက်နည်းကို တပတ်လောက်သင်ပြီး ဆေးခန်းယူလာတော့ အံ့သြတကြီး “ကောင်မလေး နင့်ဟာ ဟုတ်ရဲ့လားဟာ”ဟု မေးသည်။ စားပြီး သူ့လက်ရာဘယ်လိုကောင်းကြောင်းပြောတော့ ပျော်လွန်းသဖြင့် တညလုံးအိပ်မရခဲ့တာသူသာသိသည်။ ဘာ့ကြောင့်မှန်းမသိ။ ဆရာကြိုက်တတ်တာ လုပ်ပေးနေရတာကိုက သူ့အတွက်ပျော်ရွင်စရာပါ။တကယ်ဆို သူ့ပါရမီဖြည့်ရသည်ကိုပင် စိတ်ထဲတွင် ကြည်နူးမိသည်။ အမှန်တော့ ဒေါက်တာ ဖုန်းမော်ဆိုသောလူတယောက်သည် သူ့ဘဝတွင် သူမသိလိုက်မှီ နေရာတနေရာ အပြီးအပိုင် ရယူပြီးဖြစ်သည်ကို သတိမပြုမိခဲ့ပါပေ။
အပိုင်း(၃) ဆက်ရန်…
https://drayeminhtoo.com/taw-win-pann-3/
Author – Dr. Aye Min Htoo
Genre – Novella
Write Reviews
Leave a Comment
No Comments & Reviews