4 Dec, 2021 | No Comments
Taw Win Pann
တော်ဝင်ပန်းသို့…
(အပိုင်း ၁၄)
(ဇာတ်သိမ်းပိုင်း)
(၂၆)
ခုံတန်းကွပ်ပျစ်လေးပေါ်တွင် အသားဖြူဖြူ ခပ်ချောချာ ကောင်မလေးတယောက်ထိုင်ပြီး အဝေးသို့ငေးကြည့်နေသည်။ တချက်တချက် လေအဝှေ့မှာ ဆံနွယ်လေးများ လွင့်ပါသွားသည်။ သူမ၏မျက်လုံးအစုံက ရီဝေမှုန်မှိုင်းနေပြီး ဆွေးရိပ်သန်းနေသည်။ မျက်လုံးက အဝေးကို ငေးကြည့်နေပေမယ့် ပတ်ဝန်းကျင်ကို မြင်ဟန်မတူပါ။
တကယ်ဆို ဒီကွပ်ပျစ်လေးပေါ်မှာ ထိုင်နေတာ နှစ်နာရီမကတော့။ ဆရာဝန်က ဒီလိုအမူအကျင့်တွေ ရှောင်ဖို့မှာထားပေမယ့် အခုချိန်မှာ ဂရုမစိုက်ချင်။ ဘဝတွင် ခါးသီးမှုပေါင်းများစွာ ခံစားခဲ့ရပြီမို့ ဘာကိုမှသိပ် မတုန်လှုပ်ချင်တော့။ တချိန်က သူနဲ့ပတ်သက်ပြီး ပျော်ရွှင်ခဲ့ရတာ၊ ဝမ်းနည်းခဲ့ရတာကို တလှည့်စီပြန်ပြောင်း သတိရနေမိသည်။
မည်မျှကြာအောင် စဉ်းစားနေမိမှန်းမသိ။ အနက်ရောင်အရိပ်တရိပ် ဖျက်ကနဲ လှုပ်သွားတာ မြင်လိုက်တော့မှ သတိပြန်ဝင်လာသည်။ ရှေ့ကို ကြည့်မိလိုက်တော့ သူဘယ်လိုမှမထင်မှတ်ထားသော မျက်နှာတခုကို မြင်လိုက်ရသည်။
“ဟင် အစ်ကို”
ဟုတ်ပါသည်၊သူမရှေ့တွင် ရပ်နေသူက တခြားသူမဟုတ်။ ဘဝမှာ ဘယ်လိုမှ အစားထိုးရန် မရှိခဲ့သည့် ဒေါက်တာဖုန်းမော်ဖြစ်သည်။ဖုန်းမော်ကတော့ သူနှင့်တွေ့စကအတိုင်း နူးညံ့သိမ်မွေ့သော မျက်လုံးအစုံဖြင့် သူမကိုကြည့်နေသည်။
“ဘယ်ထွက်ပြေးချင်သေးလို့လဲပန်းရယ်”
ရုတိတရက်မို့ နှင်းပန်းအိမ်တယောက် ဘာပြောရမှနိးမသိပဲ ကြောင်ကြည့်နေမိသည်။ ခဏနေမှ သတိပြန်ဝင်လာသည်။
“အစ်ကိုဘယ်လိုလုပ်ဒီရောက်လာတာလဲ။အစ်က်ိုတို့ လက်ထပ်ပြီးပြီမဟုတ်လား”
“မမတို့အခုချိန်ထိ လက်မထပ်ရသေးပါဘူး ညီမလေးရယ်”
နောက်ဖက်နားဆီမှ အမျိုးသမီး အသံတသံ ထွက်လာသဖြင့်လှည့်ကြည့်မိလိုက်သော ငြိမ်းငြိမ်းဆိုသောမိန်းကလေးက ကားအောက်သို့ ဆင်းလာပြီး သူ့ဆီ လှမ်းလာသည်ကို တွေ့လိုက်သည်။
“တကယ်တော့ ဒီလောက်ချစ်တဲ့ချစ်သူနှစ်ယောက်ကို ခွဲဖို့ မမဘယ်တုန်းကမှ စိတ်မကူးခဲ့ပါဘူး။ ညီမလေးဆေးရုံကဆင်းသွားပြီးကတည်းက မမဖက်က ဆုံးဖြတ်ပြီးသားပါ။ မေမေတို့ကို အကျိုးအကြောင်းပြောတော့မေမေတို့ကလည်း အတင်းမစီစဉ်တော့ဘူးလေ။ အခုလိုက်လာတာလည်း ညီမလေးနဲ့ ကိုဖုန်းမော်တို့အဆင်ပြေတာကို မမမသွားခင် မြင်သွားချင်လို့ပါ။ မနက်ဖြန်ပဲ အမ ယူကေကို အပြီးပြန်တော့မယ်၊ ဟိုမှာပဲ အခြေချပြီး စီးပွားရေးဇောက်ချလုပ်ဖို့ ဆုံးဖြတ်ထားတယ်”
ငြိမ်းငြိမ်းစကားကို ဖုန်းမော်က ခေါင်းညိတ်၍ ဝင်ထောက်ခံလိုက်သည်။
“ဟုတ်တယ်ပန်းရဲ့၊ပန်းဒီမှာရှိတာ သူပဲပြောလို့လေ။ကဲ..အားလုံးရှင်းသွားပြီဆိုတော့ ပန်းသဘောကကော ဘယ်လိုလဲ။ ကိုယ့်ကို လက်ခံမှာလားပြောပါဦး”
ပန်းကခေါင်းလေးတချက်ငုံ့သွားသည်။ ပြီးမှ ခပ်တိုးတိုးဖြေသည်။
“ပန်းဖက်က အစကတည်းက အစ်ကို့ကို လက်မခံဖူးလို့ ပြောဖူးလို့လားအစ်ကိုရယ်”
သူတို့ချစ်သူနှစ်ယောက် အဆင်ပြေသွားတာမြင်တော့ ငြိမ်းငြိမ်းက ကျေနပ်စွာပြုံးလိုက်သည်။
“ညီမလေးသိလား..မမအရင်က အချစ်ဆိုတာကို အယုံကြည်မရှိခဲ့ဘူး။ အခုညီမလေးတို့ကိုမြင်မှ အချစ်ဆိုတာကိုကောင်းကောင်း သဘောပေါက်ခဲ့တာပါ။ တကယ်တော့ ညီမလေးရော၊ကိုဖုန်းမော်ရော အရမ်းကံကောင်းကြပါတယ်။ အရမ်းချစ်ခဲ့ကြတဲ့ချစ်သူနှစ်ယောက် တသက်လုံးထာဝရပျော်ရွှင်နိုင်ပါစေလို့ အစ်မဖက်က ဆုတောင်းပေးပါတယ်”
ထို့နောက် ဒေါက်တာ ဖုန်းမော်ဖက်သို့ လှမ်းကြည့်ရင်း ပြုံးပြလိုက်သည်။
“အခုလို အစ်ကိုတို့နှစိယောက် အဆင်ပြေတာမြင်တော့ ငြိမ်းစိတ်ချမ်းသာသွားပါပြီ။မင်္ဂလာဆောင်ကျရင် ဖိတ်စာပို့ဖြစ်အောင်ပို့လိုက်လေ။ ငြိမ်းလာနိုင်မှာ မဟုတ်ပေမယ့် လက်ဖွဲ့တော့ ပို့ချင်လို့ပါ။ အစ်ကိုတို့နှစ်ယောက် အိုအောင်မင်းအောင်ပေါင်းသင်းနိုင်ပါစေလို့ အခုကတည်းက ဆုတောင်းလိုက်ပါတယ်။ ကဲ..ငြိမ်းသွားတော့မယ်နော်”
ငြိမ်းငြိမ်းကသူတို့ကို နောက်ဆုံးအနေဖြင့် တချက်ကြည့်လိုက်ပြီး ကားပေါ်သို့ လေးကန်သော ခြေလှမ်းများဖြင့်တက်သွားသည်။ ကားပေါ်ရောက်သည်နှင့် အတင်းမြိုသိပ်ချိုးနှိမ်ထားခဲ့သော မျက်ရည်များ ပိုးပိုးပေါက်ပေါက်စီးကျလာသည်။ ဒါဟာ ဝမ်းသာလို့ကျတဲ့မျက်ရည်လား၊ဝမ်းနည်းလို့ကျတဲ့မျက်ရည်လား ကာယကံရှင်ကိုယ်တိုင်သာ သိပါလိမ့်မည်။
ငြိမ်းငြိမ်းကားလေး မောင်းထွက်သွားတော့ ဖုန်းမော်က ပန်းပခုံးလေးကို အသာဆုပ်ကိုင်လိုက်သည်။နွေးထွေးကြင်နာသော မျက်လုံးများဖြင့်စိုက်ကြည့်လိုက်ပြီး ကောင်းကင်ကြီးဆီ လက်ညှိုးထိုးပြလိုက်သည်။
“ကဲ …ကောင်းကင်ကြီးကိုကြည့်လိုက်စမ်းပန်း၊အခု..ဘယ်လောက်သာယာသွားလဲ၊ ကံဆိုးမှုတွေရဲ့နောက်မှာကံကောင်းတာတွေ အမြဲရှိနေတတ်တယ်လို့ ကိုယ်တခါပြောဖူးတယ်မလား၊ ကဲ..အခုပြောတာလက်ခံပြီမဟုတ်လား”
နှင်းပန်းအိမ်က ရှက်ပြုံးလေးပြုံးပြီး ခေါင်းညိတ်လိုက်သည်။ ပါးပြင်မှာ ရှက်သွေးကြောင့် ရဲတွတ်နေသည်။ ရှက်သွေးဖြာနေသော သူ့အမူအယာလေးကိုမြင်တော့ ဒေါက်တာဖုန်းမော်တယောက် ရင်ခုန်သွားသည်။
“လုပ်ပြန်ပြီ။ အဲဒီအမူအရာလေးတွေကို အသည်းယားတာပါဆို၊ကဲ.. ဒီတခါတော့ အလွတ်မပေးတော့ဘူး၊ နောက်ဘယ်တော့မှ အဝေးထွက်မသွားအောင် ကိုယ့်ရင်ခွင်ထဲ အပြီးသိမ်းထားလိုက်တော့မယ်”
“ဟာ အဲလိုကြီးမလုပ်နဲ့ကွာ၊ပန်းရှက်တယ်”
ဖုန်းမော်ကတော့ ပန်း၏ကိုယ်လုံးလေးကို လွတ်ထွက်သွားတော့မည့်အလား တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်သည်။ပန်းကတော့ သူ့ရင်ခွင်လေးထဲမှာ။
ထိုအချိန် နေမင်းက တိမ်ကင်းစင်၍ ထွက်လာသည်။ မကြာမှီ ချစ်သူနှစ်ဦး၏ ကိ်ုယ်ပေါ်သို့ သန့်စင်သော အနွေးဓာတ်က လွှမ်းခြုံထားလိုက်လေပြီ။
ပြီးပါပြီ။
ဒေါက်တာအေးမင်းထူး
စာဖတ်ပရိသတ်များအားလုံး ကျန်းမာရွှင်လန်းကြပါစေ။
Author – Dr. Aye Min Htoo
Genre – Novella
Write Reviews
Leave a Comment
No Comments & Reviews