4 Dec, 2021 | No Comments
Taw Win Pann
တော်ဝင်ပန်းသို့…
(အပိုင်း ၁၂)
(၂၄)
ခွဲစိတ်တဲ့အနာက အတော်သက်သာနေပြီ။ အခုတော့ အရည်သာမက အဖတ်ပျော့ စားနိုင်နေပြီး စကားပါကောင်းကောင်းပြောနိုင်နေပြီ။ ဒီရက်ပိုင်း ငြိမ်းငြိမ်းကတော့ သူ့ဘေးမှာနေပြီး မညည်းမညူ ပြုစုပေးရှာသည်။တခါတရံသူ့ကိုတောင် အားနာရသည်။ မေမေကတော့ သူတို့နှစ်ယောက်ကိုကြည့်ရင်း ဝမ်သာနေဟန်တူသည်။
ဒါပေမယ့် ဖုန်းမော်ဖက်ကတော့ ဝမ်းမသာနိုင်သေးပါ။ အခုချိန်ထိ သူသိချင်တာတွေဘာမှ ရေရေရာရာမသိရသေး။ အသည်းအလှူရှင်အကြောင်း မေးတော့လည်း သူတို့မသိပါဟု ငြင်းနေကြသည်။ တချို့အသည်းအလှူရှင်တွေက ဘာမျှော်ကိုးချက်မှ မပါဘဲ အသည်းလှူလေ့ရှိတာ သူသိပါသည်။ နာမည်လိပ်စာကအစ ဘာမှမပြောဘဲစေတနာသန့်သန့်လှုကြသည်မို့ ထားတော့။
ဒါဆို ပန်းကျတော့ကော။ သူဆေးရုံနေတဲ့ရက်တွေအတွင်း ဘာ့ကြောင့်ရောက်မလာတာလဲ။ ဒီအကြောင်းမေးတိုင်းမေမေ့မျက်နှာ ပျက်သွားသည်။ စိတ်မကောင်းသလို ငိုင်သွားတတ်တာ သတိပြုမိသည်။ ဒီနေ့လည်း သိချင်စိတ်ကိုမမြိုသိပ်နိုင်ဘဲ ထပ်မေးမိသည်။ မေမေကလည်း ထုံးစံအတိုင်း ပြန်ဖြေသည်။
“သားရယ်၊လောလောဆယ်အရင် အနားယူပါဦးကွယ်၊သားက အခုမှနေကောင်းစရှိသေးတာ မဟုတ်လား၊စိတ်ရှုပ်စရာတွေ ဘာမှမတွေးပါနဲ့ဦးကွယ်”
“မဟုတ်သေးဘူးမေမေ၊ပန်းဘယ်ရောက်နေတာလဲ သားသိချင်တယ်။နောက်ပြီး ပန်းကိုသားတွေ့ချင်တယ်။သူ့ကိုပြောစရာစကားတွေ အများကြီးရှိတယ်။သားသတိလစ်နေတဲ့အချိန် သူမလာဘူးလား မေမေ”
မေမေ့မျက်နှာထပ်ပျက်သွားပြန်သည်။ မလုံမလဲနှင့် ဘေးမှာထိုင်နေသော ငြိမ်းငြိမ်းကို ကြည့်လိုက်တော့ ငြိမ်းငြိမ်းက ခေါင်းငုံ့သွားသည်။
“သူမလာဘူးအစ်ကို၊ဒါပေမယ့် အစ်ကို့အတွက် လူကြုံနဲ့စာပေးခိုင်းလိုက်တယ်၊ရော့ ဒီမှာ”
ငြိမ်းငြိမ်းက သူ့လက်ကိုင်အိတ်လေးထဲမှ စာတစောင်ကို ယူပြီး ဖုန်းမော်လက်ထဲထည့်ပေးလိုက်သည်။ဖုန်းမော်ကကမန်းကတန်းဖွင့်ဖတ်ကြည့်လိုက်သည်။
“အစ်ကို ပန်းတို့နှစ်ယောက်ချစ်ခဲ့ကြတာ အတိတ်မှာပဲ ထားလိုက်ရအောင်၊ညီမကိုလည်း လိုက်မရှာပါနဲ့တော့။ ညီမအခု စည်သူမင်းမောင်ရဲ့အချစ်ကို လက်ခံလိုက်ပြီ။ အဲဒီအတွက် အစ်ကို့ကို တောင်းပန်ပါတယ်။ အစ်ကိုလည်း အိမ်ကသဘောတူတဲ့ မငြိမ်းငြိမ်းနဲ့ လက်ထပ်လိုက်ပါ။ အစ်ကိုတို့ နှစ်ယောက် သာယာတဲ့ဘဝလေးထူထောင်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။ အရာအားလုံးအတွက် ပန်းတောင်းပန်ပါတယ်”
အောက်တွင် ပန်းဟု လက်မှတ်ထိုးထားသည်။ လက်ရေးကတော့ ပန်းလက်ရေးအစစ်ပါ။ ဒါပေမယ့် သူကတော့ မယုံကြည်နိုင်သေး။
“မဖြစ်နိုင်ဘူး၊ လုံးဝမဖြစ်နိုင်ဘူး။ ပန်းက အဲလိုလုပ်မှာမဟုတ်ဘူး မေမေ။ နောက်ပြီး စည်သူမင်းမောင်ကိုလည်းလက်ခံမှာ မဟုတ်ဘူးဆိုတာ သားသိနေတယ်၊ဘယ်လိုတွေဖြစ်ကုန်တာလဲဗျာ၊သားကို ပြောပါဦး၊ပြောပါဦး မေမေရယ်”
တုန်လှုပ်ခြောက်ခြားစွာ အော်ဟစ်ငိုကြွေးနေသော ဖုန်းမော်ကို ကြည့်ရင်း မေမေက စိတ်မကောင်းဖြစ်လာသည်။
“ဒီစာကို သားဆေးရုံရောက်ကတည်းက ပေးသွားတာပဲ။ သားစိတ်မကောင်းဖြစ်မှာ စိုးလို့ မေမေတို့ ဘာမှမပြောဘဲရေငုံနှုတ်ပိတ်နေခဲ့တာ။ ဒီစာထဲက လက်ရေးဟာ သူ့လက်ရေးကို သားလည်း သိမှာပါ။ တကယ်ဆို သူ့ဖက်ကတောင် ပြတ်သားနိုင်သေးတာပဲ။ ယောကျာ်းလေးဖြစ်တဲ့သားက ဘာလို့မပြတ်သားနိုင်ရတာလဲကွယ်။ သူ့ဖက်ကနှစ်ဦးနှစ်ဖက်လုံး အဆင်ပြေတဲ့လမ်းကို ရွေးချယ်သွားတာပါ သားရယ်”
ဖုန်းမော်က မေမေ့စကားကို လက်ခံနိုင်သေးဟန်မတူပါ။ ခေါင်းကိုသာ တွင်တွင်ခါရမ်းနေသညိ။
“မဟုတ်ဘူး၊မဟုတ်ဘူး၊သူအဲလိုလုပ်မှာ မဟုတ်ဘူး။ တခုခုတော့ မှားနေပါပြီဗျာ”
“ကဲပါသားရယ်။ လောလောဆယ် သား နေကောင်းအောင်နေပါ။ စိတ်ဆင်းရဲစရာတွေ ဘာမှမတွေးနဲ့။ သားလည်းအရမ်းပင်ပန်းနေပြီ။ ကျန်တဲ့ကိစ္စကို သားနေကောင်းလာမှ ဆက်စဉ်းစားကြတာပေါ့ကွယ် နော်”
မေမေက ခေါင်းလေးကို အသာအယာဖွဖွလေးကိုင်လိုက်ပြီး နှစ်သိမ့်လိုက်သည်။ ဖုန်းမော်၏မျက်လုံးမှာ မျက်ရည်တွေဝိုင်းလာသည်။ထို့နောက် အံကိုတင်းတင်းကြိတ်ထားသည်။
ငြိမ်းငြိမ်းကတော့ သားအမိနှစ်ယောက်ကို ကြည့်ပြီး စိတ်မကောင်းဖြစ်လာမိသည်။ အန်တီ့ကို ကြည့်လိုက်ပြန်တော့သူ့မျက်လုံးတွင်လည်း မျက်ရည်တွေနှင့်။ သူလည်း သူ့သားအတွက် စိတ်မကောင်း ဖြစ်ရှာမှာပေါ့လေ။ ဒါဆိုနှင်းပန်းအိမ်ရော… သူ့မှာရော အားပေးနှစ်သိမ့်သူရှိရဲ့လား။
အခုချိန်ဆို သူ တယောက်တည်း ဘယ်လိုနေရှာမလဲ….
အပိုင်း (၁၃) ဆက်ရန်…
https://drayeminhtoo.com/taw-win-pann-13/
Author – Dr. Aye Min Htoo
Genre – Novella
Write Reviews
Leave a Comment
No Comments & Reviews