Tinea capitis ဒက်ပေါက်ခြင်း
အဖြစ်များတဲ့ ပွေးယားနာ ပွေးယားနာဟာ microsporum, epidermophyton, trichophyton အစရှိတဲ့ မှိုပိုးတွေကြောင့် ဖြစ်ပါတယ်။ မှိုပိုးတွေက သေဆုံးခြောက်ကပ်နေတဲ့ လူ့အရေပြားဆဲလ်သေတွေပေါ်မှာ ရှင်သန်နေထိုင်တတ်ကြတယ်။ ယခင်ကသန်ကောင် (worm)ကြောင့်ဖြစ်တယ် ထင်ခဲ့တဲ့အတွက် ringwormဆိုပြီး ယနေ့ထက်တိုင် အမည်တွင်နေခဲ့တာ ဖြစ်ပါတယ်။ ဆေးပညာအခေါ်အဝေါ်အရ tineaလို့ ခေါ်ပါတယ်။ Tinea ဆိုတာ လင်တင်အဓိပ္ပါယ်ဖြစ်ပြီး “အစဉ်ရှင်သန် ကြီးထွားနေသော ပိုးကောင်”လို့ အဓိပ္ပါယ်ရတယ်။ ဒါ့ကြောင့် Tineaဆိုတာ ရောဂါပိုးကို ဆိုလိုတာ မဟုတ်ဘဲ ringwormရဲ့ အမည်ကွဲတစ်ခုသာဖြစ်တယ်။ ကူးစက်ခြင်း ပွေးယားနာဟာ ရောဂါရှိသူရဲ့ အသားအရေနဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံရာမှ ကူးစက်တတ်ပါတယ်။ အဝတ်အစား၊လူ့အသုံးအဆောင် မျှဝေသုံးစွဲခြင်း (ဘီး၊လက်ကိုင်ပဝါ) ကနေ ကူးစက်တတ်တယ်။ ခုခံအားကျဆင်းနေသူ၊အိပ်ရေးပျက်သူ၊ စိတ်ဓာတ်အလွန်အမင်း ကျဆင်းတတ်သူတွေမှာ အဖြစ်များပါတယ်။ ခြေအိတ်တမျိုးထဲကိုလဲလှယ်ခြင်းမရှိဘဲ အချိန်ကြာသုံးစွဲတတ်သူတွေမှာဖြစ်တယ်။ ရေကူးကန်တွေကတဆင့်လည်း ကူးစက်နိုင်ပါတယ်။ ခွေး၊ ကြောင် အစရှိတဲ့ အိမ်မွေးတိရိစ္ဆာန်တွေကတဆင့် ကူးစက်တတ်ပြန်တယ်။ လက္ခဏာရပ်များ ပွေးယားနာဖြစ်ရင် သိပ်သိသာတယ်။ ခန္ဓာကိုယ်မှာ အနီရောင် ကွင်းဝိုင်းငယ်လေးတွေ အဆုပ်လိုက်၊ အကွက်လိုက်ဖြစ်တတ်တယ်။ ခလယ်မှာတော့ ဘေးထက် အရောင်ဖျော့နေတတ်ပြီး အပြင်ဖက် အနီကွင်းဝိုင်းလေးက သာမန်ထက် ဖောင်းကြွနေတတ်တယ်။ ခန္ဓာကိုယ်ပေါ် လက်စွပ်အနီကွင်းတခု တင်ထားတာနဲ့ ပုံစံတူတယ်။ အနီကွင်းဟာအလွန်ယားယံတဲ့အတွက် ကုတ်ခြစ်မိတတ်ကြတယ်။ ဒီလိုကုတ်လိုက်မှပဲ အယားပြေပြီး နေသာထိုင်သာရှိတယ်။ ပွေးသဘောက ကုတ်လေ ယားလေ၊ ကုတ်လေ ပြန့်လေဘဲ။ ကုတ်မိတဲ့အခါ လက်သည်းကြားထဲပိုးဝင်ပြီး တခြားနေရာကုတ်မိတဲ့အခါ ပိုးကပြန့်ပြီး တဖြည်းဖြည်း ပွားလာတယ်။ အကုတ်လွန်တဲ့အခါ အရေခွံလန်ရင် အဖြူဖတ်လေးတွေ တွေ့ရတတ်ပါတယ်။ တဖြည်းဖြည်းနဲ့ အရေပြားလန်ပြီး ထပ်ဆင့်ပိုးဝင်တာမျိုး ဖြစ်တတ်တယ်။ အနားစွန်းလေးတွေမှာ ပြည်ဖုသေးလေးတွေအနေနဲ့လဲ တွေ့ရတတ်ပြန်တယ်။ အဖြစ်များသူ ပွေးယားနာဟာ လူမျိုးဘာသာ၊ အသက်အရွယ်၊ ကျားမ မရွေး ဖြစ်တတ်တယ်။ နွေရာသီလို ပူပြင်းတဲ့ရာသီတွေမှာပိုမိုဖြစ်တတ်တယ်။ အားကစားသမားတွေမှာ ပိုအဖြစ်များတယ်။ ရေကူးကန်မှာ မကြာခဏရေကူးတတ်သူတွေနဲ့အသုံးအဆောင်ပစ္စည်း(အောက်ခံဘောင်းဘီ၊တဘက်) မျှဝေသုံးစွဲသူတွေ အဖြစ်များလို့ ဂရုစိုက်စေချင်ပါတယ်။ ပွေး၊ယားနာဟာ ခန္ဓာကိုယ်တစ်ခုလုံး နေရာမရွေးဖြစ်တတ်တယ်။ ဂျိုင်း၊ပေါင်ခြံစတဲ့ ပူနွေးစိုစွတ်တဲ့ နေရာတွေမှာအဖြစ်များတယ်။ ဖြစ်တဲ့နေရာပေါ်လိုက်ပြီး အခေါ်အဝေါ်တွေ ပြောင်းလဲသွားကြပါတယ်။ ဦးရေပြားမှာ ပွေးပေါက်ရင် ဒက်ပေါက်တယ် (Tinea capatis) လို့ ခေါ်ကြတယ်။ မျက်နှာပေါ်မှာ ဖြစ်ရင် Tinea faciei လို့ခေါ်ပါတယ်။မုတ်ဆိတ်ရိတ်တဲ့နေရာတွေမှာ ဖြစ်ရင် Tinea barbae၊ ရင်ဘတ်နဲ့ ဝမ်းဗိုက်စတဲ့နေရာတွေမှာ ဖြစ်ရင် Tinea corporis၊ လက်ချောင်းတွေကြားဖြစ်ရင် Tinea manus၊ ပေါင်ခြံနဲ့ ဂွကြားတွေမှာဖြစ်ရင် Tinea cruris၊ခြေထောက်(သို့) ခြေချောင်းတွေကြားဖြစ်ရင် Tinea pedis၊ ခြေသည်း လက်သည်းတွေမှာဖြစ်ရင် Tinea ungium စသည်ဖြင့် အမျိုးမျိုးခေါ်ကြပါတယ်။ ဒါပေမယ့် အခေါ်အဝေါ်ထက် ပွေးဟုတ်၊မဟုတ် သိဖို့ပဲအရေကြီးတာပါ။ ဖြစ်တဲ့နေရာပေါ်လိုက်ပြီး လက္ခဏာတွေ ကွဲပြားတတ်ပါတယ်။ ဥပမာအားဖြင့် မျက်နှာမှာဖြစ်ရင် ကွင်းပုံသိပ်မပေါ်တော့ဘဲ လတစ်ခြမ်းပဲ့ ပုံစံ မထင်မရှား ရှိတတ်တယ်။ဦးရေပြားမှာ ပွေးပေါက်ရင် အကွက်လိုက် ဖြစ်တတ်တယ်။လက်သည်း၊ခြေသည်းတွေမှာ ဖြစ်ရင် ခြောက်ကပ်ကပ်နဲ့ ထူလပြစ်ကြီးတွေ့ရသလို အရောင်အဆင်းကင်းမဲ့တယ်။ခြေချောင်းတွေမှာ ဖြစ်တဲ့ Tinea pedisကို အားကစားသမားတွေမှာ အတွေ့များလို့ Athlete’s foot (သဲဝဲစားခြင်း) လို့လည်း ခေါ်ကြတယ်။ ကုသနည်း ပွေးယားနာအတွက် မှိုပိုးသတ်ဆေးတွေနဲ့ ကုသရတယ်။ miconazole 2%, clotrimazole 1%, terbinafine 1% အစရှိတဲ့ လိမ်းဆေးတွေ လိမ်းပေးနိုင်တယ်။ တစ်ရက် နှစ်ကြိမ် အနည်းဆုံးနှစ်ပတ်ကြာအောင် လိမ်းပေးရတယ်။ တခါတရံ ရောဂါတုံ့ပြန်မှုပေါ်မူတည်ပြီး ဒီထက်ပိုကြာအောင်ဆေးပေးရတတ်တယ်။ ဆေးလိမ်းတဲ့အခါ သေချာသန့်စင်ထားတဲ့ ဂွမ်းသုံးပြီး လိမ်းပေးရတယ်။ ဦးရေပြား၊ လက်သည်း၊ ခြေသည်းစတဲ့နေရာတွေမှာဖြစ်ရင် သောက်ဆေးလိုအပ်ပါတယ်။ အရင်ခေတ်က griseofulvin သောက်ဆေးတွေအသုံးများခဲ့ကြပေမယ့် နောက်ပိုင်းမှာ ဘေးထွက်ဆိုးကျိုးကြောင့် အသုံးပြုမှုနည်းသွားတယ်။ အဲဒီမတိုင်ခင်က mercury, sulfur, iodine စတာတွေကို အသုံးပြုခဲ့ဖူးတယ်။ ဒီဖက်ခေတ်မှာတော့ ketoconazole, itraconazole, fluconazole စသည်ဖြင့် သောက်ဆေးအမျိုးမျိုးရှိကြတယ်။ သောက်ဆေးပေးတဲ့အခါ အနည်းဆုံး သုံးလထိပေးဖို့ လိုအပ်တယ်။ ခြောက်လထိ သောက်ရတာမျိုးလဲ ရှိတတ်တယ်။ ပွေးပေါက်တဲ့အခါ နားလည်တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ကုသခြင်းသာ အကောင်းဆုံးဖြစ်ပါတယ်။ သဘာဝနည်းများ သဘာဝဆေးဖက်ဝင်အပင်တွေကလည်း ပွေးရောဂါ ကုသရာမှာ အသုံးဝင်တယ်။ ရှားစောင်းလက်ပတ်ပင်အနှစ်၊သစ်စေးခေါက်၊ မုန့်ညှင်းနက်စေ့ အနှစ်တို့ဟာ မှိုပိုးကြောင့်ဖြစ်တဲ့ ရောဂါတွေမှာ အသုံးပြုနိုင်တယ်။ ထပ်တရာပန်းနဲ့ လက်ဖက်ညွန့်ဟာ မှိုပိုးနိုင်စေတဲ့ အစွမ်းရှိပါတယ်။ တချို့က သဘောင်္သီး (သို့) ခါကြက်ဥအနှစ်ကို အရည်ဖျော်သောက်ခြင်းက မှိုပိုးအတွက် အကျိုးများစေတယ်။ ကာကွယ်နည်း ပွေးဖြစ်တဲ့နေရာကို ခြောက်သွေ့သန့်ရှင်းအောင်ထားခြင်းဖြင့် ရောဂါပိုးမပြန့်ပွားအောင် ကာကွယ်နိုင်တယ်။ ပွေးယားနာမှာ ကုတ်ခြင်းဟာ ရောဂါပျံ့နှံစေတဲ့အတွက် ရှောင်ကြဉ်သင့်တယ်။ ခြေသည်း၊ လက်သည်းတွေ သေချာလှီးဖြတ်ပါ။ အဝတ်အစား၊ လူ့အသုံးအဆောင်တွေ မျှဝေသုံးစွဲတာမျိုး ရှောင်ကြဉ်သင့်တယ်။ ကိုယ်ဝတ်ဆင်တဲ့အတွင်းခံဘောင်းဘီတွေနှစ်ရက်တစ်ခါ လဲလှယ်ပေးသင့်တယ်။ အဝတ်လျှော်တဲ့အခါ ဆပ်ပြာ၊ ရေနွေးနဲ့ လျှော်ဖွတ်ခြင်းက အကောင်းမွန်ဆုံး အလေ့အကျင့်ဖြစ်တယ်။ ပွေးယားနာဖြစ်တဲ့နေရာမှာ ပေါ့ပါးပြီး လေဝင်လေထွက်ကောင်းမွန်တဲ့ ချည်သားတွေ ဝတ်ဆင်သင့်တယ်။ တကိုယ်ရေသန့်ရှင်းရေးအတွက် shower, shampoo စတာတွေသုံးစွဲပါ။ မှတ်သားရန်အချက်များ ပွေးပေါက်တာ ရှက်စရာရောဂါမျိုး မဟုတ်ပါ။ သင့်ဘေးမှာရှိတဲ့ လူ၅ယောက်မှာ ၁ယောက်ဟာ ပွေးဖြစ်ခဲ့ဖူးပါတယ်။ အခုစာဖတ်နေသူတွေထဲက တစ်ယောက်မဟုတ် တစ်ယောက်ဟာ ပွေးယားနာကို မကြာခဏခံစားရသူတွေဖြစ်ကြပါတယ်။ ပူပြင်းတဲ့ နွေရာသီမှာ ပိုမိုအဖြစ်များတယ်။ မိမိဘာသာ ရမ်းသမ်းကုသခြင်းဟာ ရောဂါပိုမိုပျံ့ပွားစေနိုင်လို့ တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ စနစ်တကျ ကုသမှုခံယူခြင်းဖြင့် တစ်လအတွင်း သက်သာပျောက်ကင်းနိုင်ပါတယ်။ “ခြောက်သွေ့သန့်ရှင်း ရောဂါကင်း ကုတ်လေ၊ယားလေ ပိုဆိုးပေ လဲလှယ်ဝတ်ဆင် ခြေအိတ်အပြင် အကျ်ီလဲပါ လျှော်ဖွတ်ပါ ဆပ်ပြာ၊ရေနွေး မှန်မှန်ဆေး ကာကွယ်ရေးတွက် တို့အားပေး ဖြစ်တဲ့နေရာ ဆေးလိမ်းပါ ပျောက်ကင်းသက်သာ နှစ်ပတ်မှာ လိုလျှင်သောက်ဆေး သုံးလပေး ပွေးရောဂါမှ ကင်းဝေးရေး” ဒေါက်တာအေးမင်းထူး အရေပြားအထူးကုဆရာဝန် […]