Open 9:00-12:00 AM
+95 92051590

Tag Archive : irregular

Pityriasis alba ပါးပြင် အဖြူကွက် ကလေး ပါးပြင်အဖြူကွက် (pityriasis alba)ဟာ  နှင်းခူနာ အမျိုးအစား (atopic dermatitis) ထဲ ပါဝင်တယ်လို့ယေဘုယျသတ်မှတ်ထားတယ်။ နားလည်လွယ်အောင်ပြောရင် ခုခံအားက အရေပြားဆဲလ်ကို ပြန်တိုက်ခိုက်တာပါပဲ။ ဒါကိုသက်သာအောင်မလုပ်ပေးနိုင်ရင် အရေပြားအဖြူကွက်က ပိုကြီးလာနိုင်တယ်။ တခါတရံ ပါးပြင်အဖြူကွက်ဟာ သံဓာတ် အားနည်းတာ၊ ကြေးနီဓာတ် ပုံမှန်မဟုတ်တာ တွေကြောင့် ဖြစ်နိုင်သေးတယ်။ ဗီတာမင်အီိးနဲ့ ဗီတာမင်ဒီဓာတ် လျှော့နည်းတာနဲ့လည်း ဆိုင်တယ်။ ပါးပြင်အဖြူကွက်က ကလေးတွေမှာ အဖြစ်များတယ်။ ယောကျာ်းလေးတွေ ပိုဖြစ်တယ်။  ဒီအဖြူကွက် ဖြစ်ပွါးသူရဲ့ ၉၀% က အသက် ၃-၁၂ နှစ်ကြား ကလေးတွေဖြစ်ကြပါတယ်။ သို့သော် ဆေးခန်းမှာတော့ မိန်းကလေးတွေမှာပိုတွေ့ရပြီး အများစုက အသက် ၈နှစ်နဲ့ ၁၄နှစ်ကြား အရွယ်တွေ ဖြစ်ကြတယ်။အီဂျစ်နဲ့ မာလီလို အပူပိုင်းဒေသတွေမှာ ကလေးငယ်တွေရဲ့ ၂၀% နီးပါးက ဒီအဖြူကွက်မျိုး ဖြစ်ကြတယ်လို့ ဆိုတယ်။ ရောဂါလက္ခဏာအနေနဲ့ ပါးပြင်နဲ့ မေးရိုးကြား ကျပ်ပြားစေ့အရွယ် အနီကွက်မျိုး အရင် ပေါ်လာတယ်။တဖြည်းဖြည်းကြာလာတာနဲ့အမျှ အနီကွက်က အဖြူရောင်အဖြစ် ပြောင်းလာတယ်။ တကယ်ဆေးခန်းလာပြတဲ့အချိန်မှာ အဖြူကွက်အဆင့်ရောက်နေကြသူပဲ များတယ်။ နွေရာသီမှာ အဖြူကွက်က ပိုထင်းလာတတ်တယ်။ဆောင်းရာသီမှာ အသားခြောက်တာ၊ အဖြူဖတ်လန်တာက ပို အဖြစ်များတယ်။ ဒီအချက်က ခရုသင်းနဲ့ ခွဲခြားရာမှာ အသုံးဝင်တယ်။ အရေပြားဆရာဝန်အချို့က ခွဲရခက်တဲ့ အရေပြားရောဂါတွေမှာ dermatoscope (ဆဲလ်မှန်ဘီလူး) သုံးပြီး ခွဲခြားနိုင်တယ်။  Pityriasis alba ကို အဏုကြည့်မှန်ပြောင်း(microscope) အောက် လေ့လာကြည့်တဲ့အခါ နာတာရှည် အရေပြားရောင်ရမ်းတဲ့ လက္ခဏာ(chronic dermatitis)မျိုး တွေ့ရတယ်။ အကျိုးဆက်အနေနဲ့ မယ်လနင်ထွက်တဲ့ ဆဲလ်အလုပ်မလုပ်တော့ဘဲ အမဲရောင်ခြယ်ထုတ်လုပ်မှုက တဖြည်းဖြည်း ကျဆင်းသွားတယ်။ ဒါ့ကြောင့် ဖြစ်တဲ့နေရာလေးကွက်ပြီး အဖြူကွက်အဖြစ်မြင်နေရတာပါ။ အရေပြားဆဲလ်က ရောင်ပြီး ရှုံ့တာ(skin atrophy) ရှိိတယ်။အမှန်တော့ ပါးပြင်အဖြူကွက် (pityriasis alba)ဆိုပေမယ့် တခြားနေရာတွေမှာလည်း အကွက်တွေ ပေါ်တတ်တယ်။ အကြံပြုချက်များ (၁) နေလောင်ကာလိမ်းဆေး တမျိုးမျိုး လိမ်းပါ။ (၂) ရနံ့မပါ အစိုဓာတ်လိမ်းဆေး နေ့စဉ် လိမ်းပေးသင့်တယ်။ (၃) ဆပ်ပြာခဲနဲ့ မျက်နှာသစ်ဆေး အပြင်းစားတွေ မသုံးပါနဲ့။ (၄) ရနံ့ပါတဲ့ လိမ်းဆေး (သို့) အမြှုပ်ထွက် ဆပ်ပြာတွေ မသုံးပါနဲ့။ (၅) လိုအပ်ရင် ဆရာဝန်နဲ့ သေချာပြသပါ။ သေချာကုရင် ၁-၃လအတွင်း ပျောက်နိုင်တယ်။ ဒေါက်တာအေးမင်းထူး (အရေပြားအထူးကုဆရာဝန်) Note: If you have suffering from some of above symptoms, you should contact local dermatologists or by calling 092051590 for further advanced treatment.