Question A 10-year-old girl was brought to clinic with a complaint of redness involving the cheeks and flexural aspects of the limbs. According to the mother, the child was usually irritable and wakeful at night and seemed to scratch at the legs. The mother was very hygiene-conscious and bathed the child daily with a well-known […]
နှင်းခူနာ အရေပြားရောဂါ အရေပြားရောဂါတွေထဲမှာ လူကိုအမြဲစိတ်အနှောက်အယှက် ပေးတဲ့ရောဂါတစ်မျိုးက နှင်းခူနာအရေပြားရောဂါတစ်မျိုးဖြစ်ပါတယ်။ နာတာရှည် အရေပြားရောဂါဖြစ်တာကြောင့် ပေါ်လိုက်ပျောက်လိုက် လုံးချာလည်နေတယ်။ လူကြီးလူငယ်၊ ကျားမ မရွေးဖြစ်ကြတယ်။ မျိုးရိုး၊ မျိုးဗီဇပြောင်းလဲမှု၊ ပတ်ဝန်းကျင်နဲ့ သက်ဆိုင်တယ်။ ၂၀၀၉ ခုနှစ်မှာ အီဒင်ဘာ့ခ် တက္ကသိုလ်က ပညာရှင်တစ်စုဟာfilaggrin gene ရဲ့ပြောင်းလဲမှုကြောင့် နှင်းခူနာဖြစ်တယ်လို့ကောက်ချက်ချခဲ့ ပါတယ်။နောက်ပိုင်းမှာ yeastတစေးမှိုနဲ့ ပတ်သက်တယ်လို့ ဆိုသူကဆိုတယ်။ အနောက်နိုင်ငံတွေမှာ အရေပြားရောဂါကြောင့် ဆေးခန်းလာတဲ့လူနာတွေရဲ့ ၃၀ရာခိုင်နှုန်းဟာ နှင်းခူကြောင့် ဖြစ်ပါတယ်။ အရေပြားရောဂါတွေမှာ ရက်တိုအရေပြားရောင်ရင် dermatitis အုပ်စုထဲထည့်ပြီး မကြာခဏဖြစ်တဲ့နာတာရှည်အရေပြားရောင်ခြင်း (chronic dermatitis)တွေမှာ ဓာတ်မတဲ့တဲ့အခါ နှင်းခူနာ (eczema) အဖြစ်ခေါ်ဝေါ်သုံးစွဲကြတယ်။ နှင်းခူနာအဖြစ် ဆရာဝန်တွေ အသိများတဲ့နာမည်တမျိုးက atopic dermatitis ပါ။တကယ်တော့ atopic dermatitisဟာ နှင်းခူနာ အမျိုးအစားအနက် အဖြစ်များဆုံး အရေပြားရောဂါတမျိုးဖြစ်ပါတယ်။ နှင်းခူဟာ ဓာတ်မတဲ့သူ၊ ပန်းနာရင်ကျပ်မျိုးရိုးရှိသူတွေမှာ အဖြစ်များတယ်။ နောက်ပြီး ပန်းဝတ်မှုန်၊ ဆပ်ပြာမှုန့်၊အစားအသောက်၊ အမွှေးနံ့သာ စတာတွေကြောင့်လည်း ဖြစ်တတ်တယ်။ ကံသိပ်ဆိုးရင် လက်ဝတ်ရတနာမတဲ့တာမျိုးထိရှိတယ်။လူနာထဲမှာ သတ္တုဓာတ် မတဲ့လို့ လက်ဝတ်ရတနာ မဝတ်ဆင်ရတဲ့ အမျိုးသမီးတွေကို တွေ့ခဲ့ဘူးတယ်။ အဲလိုလူနာတွေက သာမန်အချိန် ဘာမှမဖြစ်ကြပေမယ့် ချွေးထွက်ပြီဆိုတာနဲ့ ယားယံလာတော့တာ။လက်ဝတ်လက်စား ချွတ်လိုက်တဲ့အခါ ၁ရက် ၂ရက်အတွင်း ချက်ချင်းသက်သာသွားတယ်။ ရောဂါလက္ခဏာများ နှင်းခူနာအရေပြားရဲ့ ရောဂါလက္ခဏာတွေကို လေ့လာကြည့်ရင် အရေပြား ယားယံမယ်၊ ရောင်ရမ်းမယ်၊ အနီပြင်အနီကွက် ထမယ်၊ အသားအရေ ခြောက်သွေ့ပြီး အရေပြားအချပ်လိုက် ကွာကျလာမယ်၊ အနီပြင်က အဖြူဖတ်ပြောင်းလဲမယ်၊ ဒီလိုနဲ့ ကုတ်ပါများရင် သွေးယိုတာ၊ ပိုးဝင်တာထိ ဆက်လက်ဖြစ်နိုင်တယ်။ နှင်းခူအဖြစ်များတဲ့နေရာတွေက ဦးရေပြား နားနောက်အစပ်နေရာတွေ၊ မျက်ခွံ၊ မျက်ခုံး၊ ပါးစပ်၊ လည်ပင်း၊ အကွေးအဆန့်များတဲ့တံတောင်ဆစ်၊ လက်ကောက်ဝတ်၊ ပေါင်ခြံ ၊ ဒူးခေါင်းဆစ်၊ခြေချင်းဝတ် တွေမှာ ဖြစ်ကြတယ်။ နှင်းခူရဲ့သဘောကပေါ်လိုက်ပျောက်လိုက်သံသရာထဲ လည်နေတာမျိုးပါ။ ဖြစ်တဲ့နေရာက ယားယံ၊ ယားယံတော့ မနေနိုင်မထိုင်နိုင်ကုပ်ခြစ်၊ အရေပြားလန်ပြီး ပိုးဝင်တာတွေ ဆက်တိုက်ဖြစ်လာတတ်တယ်။ နောက်ဆက်တွဲမဖြစ်အောင် စဖြစ်ဖြစ်ချင်း သိပြီး ကုသတာပိုမိုထိရောက်တယ်။ ကုသနည်း အရှင်းပျောက်ကင်းအောင် မတတ်နိုင်တဲ့ ရောဂါတွေအတွက် ရောဂါလက္ခဏာသက်သာအောင် နည်းပေါင်းစုံနဲ့လုပ်ဆောင်ပေးရပါတယ်။ ဒီရောဂါအတွက် ရောင်တာ၊ ယားတာသက်သာစေဖို့ အဓိကထားရတယ်။ပျောက်ပြီးပြန်ပေါ်တတ်လို့ အစားအသောက် အနေအထိုင် သတိပေး မှာကြားရတယ်။ ရောဂါအတွက် လိမ်းဆေး၊ သောက်ဆေး၊ထိုးဆေး စသည်ဖြင့် အခြေအနေပေါ်လိုက်ပြီး မျိုးစုံသုံးကြတယ်။ အသုံးများဆုံးဆေးတွေကတော့ စတီရွိုက်ဆေးတွေပါ။ လိမ်းဆေး၊ သောက်ဆေး၊ ထိုးဆေး ကို ရောဂါအခြေနေပေါ်မူတည်ပြီး ဆရာဝန်တွေက သုံးစွဲကြတယ်။စတီရွိုက်လိမ်းဆေးထဲမှာကို အပျော့၊ အပြင်း ခွဲခြားပြီး သုံးစွဲကြရတယ်။ steroid ကိုယ်နှိုက်က ခုခံအားကို ကျဆင်းစေလို့ ပဋိဇီဝဆေးတွေ၊မှိုပိုးသတ်ဆေးတွေကို တပါတည်းထည့်သွင်းအသုံးပြုကြရတယ်။ ပြင်းထန်ပြီး ပိုးဝင်တဲ့ အနာတွေရှိတဲ့အခါ combined cream ရောစပ်ထားပြီးဖြစ်တဲ့ စျေးကွက်ဝင် လိမ်းဆေးတွေက ပိုမိုထိရောက်ပါတယ်။ ပိုဆိုးတဲ့ရောဂါတွေအတွက် သောက်ဆေး၊ ထိုးဆေးအသုံးပြုကြရတယ်။ စတီးရွိုက်ဆေးတွေဟာ ဘေးထွက်ဆိုးကျိုးများလို့ ဆရာဝန်ကိုယ်တိုင် သတိထားသုံးစွဲရတယ်။ ယားယံတာအတွက် anti-histamine အုပ်စုဝင် diphenhydramine , promethazine,hydroxyzine အစရှိသဖြင့်သုံးစွဲနိုင်တယ်။ ညပိုင်းမအိပ်နိုင်အောင်ယားယံသူတွေအတွက် အိပ်စေနိုင်တဲ့ antihistamine အုပ်စုဝင်တွေကို ပေးကြတယ်။ Tacrolimus နဲ့ pimecrolimus စတဲ့လိမ်းဆေးတွေကို FDA က အသိအမှတ်ပြုထားပြီးဖြစ်တယ်။ ဘေးထွက်ဆိုးကျိုးကြောင့် လိုအပ်မှ သုံးစွဲဖို့ အကြံပြုထားတယ်။ ကင်ဆာနဲ့ ခုခံအားရောဂါတွေမှာသုံးတဲ့methotrexate, cyclosporine, azathioprine တွေကိုလဲ လိုအပ်ရင် ပေးတတ်ကြပါတယ်။ ဒီဖက်ခေတ်မှာ အပူစွမ်းအင်၊ အအေးစွမ်းအင်က လူနာကုသရာမှာ အရေးကြီးတဲ့အခန်းကဏ္ဍအဖြစ် ပါဝင်လာကြတယ်။ radiation ဓာတ်ကင်တာ၊ phototherapy အလင်းပေးကုထုံးစသဖြင့် သုံးစွဲလာကြတာတွေ့ရမှာဖြစ်တယ်။တချို့က နှင်းခူတွေက UVA, UVB အလင်းကုထုံးနဲ့ အလုပ်ဖြစ်တယ်။ အလင်းတန်းမှာပါတဲ့ ခရမ်းလွန်ဓာတ်ရောင်ခြည် UVA ကို အသုံးပြုကြည့်တဲ့အခါ ရလာဒ်ကပိုမိုကောင်းမွန်တာတွေ့ရတယ်။ အလင်းကုထုံးရဲ့ အာနိသင်ပိုကောင်းစေဖို့ psoralen လိုလိမ်းဆေးနဲ့ အသုံးပြုလာကြပါတယ်။ နှင်းခူနာအရေပြားအတွက် နောက်ထပ်အဓိကကျတဲ့ ဆေးတမျိုးက emollient ခေါ်တဲ့ အစိုဓာတ်ထိန်းဆေးတွေဖြစ်ပါတယ်။ နှင်းခူအရေပြားဟာ ခြောက်သွေ့ယားယံတာဖြစ်တဲ့အတွက် အရေပြားအစိုဓာတ်က အရေးကြီးဆုံးပါ။ အမြဲလိမ်းပေးတာ ကာကွယ်ရာရောက်တဲ့ပြင် အသားရေကို ထိန်းသိမ်းပေးတယ်။ အအေးပိုင်းဒေသတွေ ပိုမိုအာနိသင်ကောင်းစေဖို့ emollient glove ခေါ်တဲ့ အစိုဓာတ်ထိန်းလက်အိတ်တွေကို ညအိပ်ယာဝင်ချိန် ညလုံးပေါက်ဝတ်ဆင်ကြပါတယ်။ ဓာတ်မတဲ့လို့ဖြစ်တဲ့ အရေပြားရောဂါတွေမှာ desensitisation ဓာတ်မတဲ့တာတွေနည်းနည်းစီပေးပြီး ဖြည်းဖြည်းချင်းဓာတ်တဲ့အောင် လုပ်တဲ့နည်းလမ်းကောင်းတွေလည်း ရှိပါသေးတယ်။ ကရိကထကများ၊ အချိန်လည်းကြာမြင့်တာမို့ ဒီနိုင်ငံမှာ အသုံးနည်းတယ်။ဆာလဖာလိမ်းဆေး၊ probiotic ဆေးတွေ အပြင် အပ်စိုက်ကုနည်းနဲ့ ကုသသူက ကုသကြတယ်။ အထူးရှောင်ကြဉ်ရမည့် အချက်များ နှင်းခူနာမှာ အရေးကြီးဆုံးက မိမိနဲ့ ဓာတ်မတဲ့တာကို သိဖို့ ဖြစ်ပါတယ်။ မိမိနဲ့ မတဲ့တာကို အရင်သိအောင်ကြိုးစားပြီးမှ ရှောင်ကြဉ်ပါ။အမှုန်အမွှား၊ အမွှေးနံ့သာ၊ ဆေးလိပ်ငွေ့၊ ဓာတုဆေးရည်၊ ခြင်ဆေး၊ ဆိုးဆေး၊ ဆပ်ပြာခဲ၊ဆပ်ပြာမှုန့်၊ ပျားဝတ်မှုန်နဲ့ အစားအသောက်တွေမှာ သတိထားရမယ်။ အစားအသောက်တွေအနက် နွားနို့၊ ကြက်ဥ၊အခွံမာသီး၊ ဂျုံ၊ ပဲနို့စတာတွေက ပိုမိုဆိုးရွားစေလို့ရှောင်ကြဉ်သင့်ပါတယ်။ အထူးသဖြင့် ကလေးငယ်တွေဟာအစားအသောက်နဲ့ ပိုမိုဆက်စပ်လို့ ဂရုပြုပေးသင့်တယ်။ ရေမကြာခဏချိုးတတ်သူ၊ စိတ်ဖိစီးမှုများသူ ချွေးထွက်လွန်းသူ၊ အသားအရေခြောက်သွေ့သူဟာ နှင်းခူအဖြစ်များအုပ်စု ထဲမှာပါဝင်နေကြလို့အနေအထိုင် အလေ့အကျင့်နဲ့ပက်သတ်ရင် သတိပြုသင့်တယ်။ ဒါ့ပြင် ဓာတ်သဘောအရ ပန်းနာရင်ကျပ်နဲ့ ဆက်စပ်နေသလို allergic rhinitis တခုခုဖြစ်ပြီဆိုတာနဲ့ နှာရည်ယိုလိုက်ရမှ ဆိုတဲ့ လူတွေမှာ ပိုမိုအဖြစ်များလို့ တခြားလူတွေထက် သတိထားသင့်တယ်။ လိုက်နာရမည့် အချက်များ နှင်းခူအရေပြားမှာ အေးတဲ့ရေချိုးပေးခြင်းက နွေးတဲ့ရေချိုးခြင်းထက် ပိုမိုသင့်တော်တယ်။အရေပြား အစိုဓာတ်ထိန်းပေးတဲ့ emollient လိမ်းဆေးတွေကို ပုံမှန်သုံးစွဲပေးပါ။ အင်တီအောက်စီးဒင့် ကြွယ်ဝတဲ့ဆေး (Vit A, C, E)၊cholecalciferol (vit D3)၊ ဘိုအိုတင် ပါဝင်တဲ့ ဆေးတွေကို မှီဝဲပါ။ စိတ်ဖိစီးမှုလျော့ပါးအောင် တရားထိုင်တာ၊ယောဂကျင့်တာတွေလုပ်ကြည့်ပါ။ အသက်၉လ မပြည့်မှီ ကလေးငယ်ရဲ့ ဖြည့်စွက်စာမှာ ငါးထည့်စားစေခြင်းဟာ နှင်းခူဖြစ်နှုန်းကို သိသိသာသာ လျော့ပါးစေတယ်။ ဒီအချက်ဟာ မိဘမျိုးရိုးရှိတဲ့ ကလေးတွေအတွက် မိဘတွေ အထူးသတိထားလိုက်နာသင့်တဲ့ အချက်ဖြစ်ပါလိမ့်မယ်။ ဒေါက်တာ အေးမင်းထူး (အရေပြားအထူးကုဆရာဝန်) If you have been suffering from some of the above symptoms, you should contact a local dermatologist or by […]
Halo nevus မှဲ့အဖြူကွင်း
Pityriasis alba ပါးပြင် အဖြူကွက် ကလေး ပါးပြင်အဖြူကွက် (pityriasis alba)ဟာ နှင်းခူနာ အမျိုးအစား (atopic dermatitis) ထဲ ပါဝင်တယ်လို့ယေဘုယျသတ်မှတ်ထားတယ်။ နားလည်လွယ်အောင်ပြောရင် ခုခံအားက အရေပြားဆဲလ်ကို ပြန်တိုက်ခိုက်တာပါပဲ။ ဒါကိုသက်သာအောင်မလုပ်ပေးနိုင်ရင် အရေပြားအဖြူကွက်က ပိုကြီးလာနိုင်တယ်။ တခါတရံ ပါးပြင်အဖြူကွက်ဟာ သံဓာတ် အားနည်းတာ၊ ကြေးနီဓာတ် ပုံမှန်မဟုတ်တာ တွေကြောင့် ဖြစ်နိုင်သေးတယ်။ ဗီတာမင်အီိးနဲ့ ဗီတာမင်ဒီဓာတ် လျှော့နည်းတာနဲ့လည်း ဆိုင်တယ်။ ပါးပြင်အဖြူကွက်က ကလေးတွေမှာ အဖြစ်များတယ်။ ယောကျာ်းလေးတွေ ပိုဖြစ်တယ်။ ဒီအဖြူကွက် ဖြစ်ပွါးသူရဲ့ ၉၀% က အသက် ၃-၁၂ နှစ်ကြား ကလေးတွေဖြစ်ကြပါတယ်။ သို့သော် ဆေးခန်းမှာတော့ မိန်းကလေးတွေမှာပိုတွေ့ရပြီး အများစုက အသက် ၈နှစ်နဲ့ ၁၄နှစ်ကြား အရွယ်တွေ ဖြစ်ကြတယ်။အီဂျစ်နဲ့ မာလီလို အပူပိုင်းဒေသတွေမှာ ကလေးငယ်တွေရဲ့ ၂၀% နီးပါးက ဒီအဖြူကွက်မျိုး ဖြစ်ကြတယ်လို့ ဆိုတယ်။ ရောဂါလက္ခဏာအနေနဲ့ ပါးပြင်နဲ့ မေးရိုးကြား ကျပ်ပြားစေ့အရွယ် အနီကွက်မျိုး အရင် ပေါ်လာတယ်။တဖြည်းဖြည်းကြာလာတာနဲ့အမျှ အနီကွက်က အဖြူရောင်အဖြစ် ပြောင်းလာတယ်။ တကယ်ဆေးခန်းလာပြတဲ့အချိန်မှာ အဖြူကွက်အဆင့်ရောက်နေကြသူပဲ များတယ်။ နွေရာသီမှာ အဖြူကွက်က ပိုထင်းလာတတ်တယ်။ဆောင်းရာသီမှာ အသားခြောက်တာ၊ အဖြူဖတ်လန်တာက ပို အဖြစ်များတယ်။ ဒီအချက်က ခရုသင်းနဲ့ ခွဲခြားရာမှာ အသုံးဝင်တယ်။ အရေပြားဆရာဝန်အချို့က ခွဲရခက်တဲ့ အရေပြားရောဂါတွေမှာ dermatoscope (ဆဲလ်မှန်ဘီလူး) သုံးပြီး ခွဲခြားနိုင်တယ်။ Pityriasis alba ကို အဏုကြည့်မှန်ပြောင်း(microscope) အောက် လေ့လာကြည့်တဲ့အခါ နာတာရှည် အရေပြားရောင်ရမ်းတဲ့ လက္ခဏာ(chronic dermatitis)မျိုး တွေ့ရတယ်။ အကျိုးဆက်အနေနဲ့ မယ်လနင်ထွက်တဲ့ ဆဲလ်အလုပ်မလုပ်တော့ဘဲ အမဲရောင်ခြယ်ထုတ်လုပ်မှုက တဖြည်းဖြည်း ကျဆင်းသွားတယ်။ ဒါ့ကြောင့် ဖြစ်တဲ့နေရာလေးကွက်ပြီး အဖြူကွက်အဖြစ်မြင်နေရတာပါ။ အရေပြားဆဲလ်က ရောင်ပြီး ရှုံ့တာ(skin atrophy) ရှိိတယ်။အမှန်တော့ ပါးပြင်အဖြူကွက် (pityriasis alba)ဆိုပေမယ့် တခြားနေရာတွေမှာလည်း အကွက်တွေ ပေါ်တတ်တယ်။ အကြံပြုချက်များ (၁) နေလောင်ကာလိမ်းဆေး တမျိုးမျိုး လိမ်းပါ။ (၂) ရနံ့မပါ အစိုဓာတ်လိမ်းဆေး နေ့စဉ် လိမ်းပေးသင့်တယ်။ (၃) ဆပ်ပြာခဲနဲ့ မျက်နှာသစ်ဆေး အပြင်းစားတွေ မသုံးပါနဲ့။ (၄) ရနံ့ပါတဲ့ လိမ်းဆေး (သို့) အမြှုပ်ထွက် ဆပ်ပြာတွေ မသုံးပါနဲ့။ (၅) လိုအပ်ရင် ဆရာဝန်နဲ့ သေချာပြသပါ။ သေချာကုရင် ၁-၃လအတွင်း ပျောက်နိုင်တယ်။ ဒေါက်တာအေးမင်းထူး (အရေပြားအထူးကုဆရာဝန်) Note: If you have suffering from some of above symptoms, you should contact local dermatologists or by calling 092051590 for further advanced treatment.