28 Nov, 2024 | No Comments
Non-hodgkin lymphoma (NHL)
Non-hodgkin lymphoma (NHL)ဆိုတာ ပြန်ရည်ကြောစနစ်ကို ထိခိုက်စေတဲ့ ပြန်ရည်ကြောကင်ဆာတစ်မျိုးဖြစ်ပါတယ်။ ကင်ဆာဆိုတာ တကယ်တော့ မူမမှန်တဲ့ဆဲလ်တွေ ကြီးထွားလာတာကို ဆိုလိုပါတယ်။ NHL ကင်ဆာမှာ မူမမှန်တဲ့ lymphocytes သွေးဖြူဥဆဲလ်တွေဟာ တဖြည်းဖြည်းကြီးထွားလာပြီး ခန္ဓာကိုယ်အနှံ့မှာ ပြန်ရည်ကြောအကျိတ်တွေအဖြစ် မြင်တွေ့ရပါတယ်။ အမှန်တော့ သွေးဖြူဥဆဲလ်တွေဟာ ခုခံအားကိုဖြစ်စေပြီး ခန္ဓာကိုယ်တွင်း ဝင်ရောက်လာတဲ့ ရောဂါပိုးမွှားတွေကို တိုက်ထုတ်နိုင်ပါတယ်။
NHL ဟာ သွေးနဲ့ဆိုင်တဲ့ ကင်ဆာတစ်မျိုးဖြစ်ပါတယ်။ ပြန်ရည်ကြောကင်ဆာ(NHL)ဟာ မျိုးကွဲပေါင်း (၆၀)ကျော်ရှိတဲ့အနက် large B-cell lymphoma နဲ့ follicular lymphoma တွေက အဖြစ်များဆုံးအမျိုးစားတွေ ဖြစ်ပါတယ်။ပြန်ရည်ကြောအကျိတ်ဟာ အရွယ်မရွေးဖြစ်နိုင်ပေမယ့် ဖြစ်ပွားသူရဲ့ ထက်ဝက်ကျော်ဟာ အသက်(၆၀)ကျော် အရွယ်တွေဖြစ်ကြတယ်။ အထူးသဖြင့် အသက်ကြီးရင့်သူ၊ ခုခံအားကျဆင်းသူနဲ့ အမျိုးသားတွေဟာ ဖြစ်နိုင်ချေပိုများတယ်။ ရောဂါနဲ့ ကင်ဆာအဆင့်ကို သိဖို့ အသားစယူစစ်ဆေးနိုင်တယ်။
ဒီနေရာမှာ ကင်ဆာဖြစ်စေတဲ့ lymphocytes (သွေးဖြူဥ)တွေ အကြောင်း အရင်နားလည်ဖို့ လိုပါတယ်။ lymphocytes တွေထဲမှာ B lymphocytes၊ T lymphocytes နဲ့ NK cells ဆိုပြီး အမျိုးအစား (၃)မျိုး ရှိပါတယ်။ B lymphocytes ဆိုတာ antibody ခေါ်တဲ့ ခုခံအားကို ဖြစ်ပေါ်စေတယ်။ အလွယ် B cells လို့ခေါ်ပါတယ်။ Non-Hodgkin lymphoma (NHL)အများစုဟာ မူမမှန်တဲ့ B lymphocytesတွေကြောင့် ဖြစ်ပါတယ်။ T lymphocytes ဆိုတာ B cellsတွေ antibody ခုခံအားတွေ ဖြစ်ပေါ်လာအောင် ကူညီပံ့ပိုးပေးတယ်။ NK cells တွေဟာ ဗိုင်းရပ်စ်နဲ့ ကင်ဆာဆဲလ်တွေကို သတ်ပေးတဲ့ သွေးဖြူဆဲလ်အမျိုးအစားတွေ ဖြစ်ပါတယ်။
NHL အကြောင်းမပြောခင် ပြန်ရည်ကြောစနစ်တွေရဲ့ အလုပ်လုပ်ပုံကို အရင်နားလည်ဖို့ လိုပါတယ်။ ပြန်ရည်ကြောစနစ်မှာ ပြန်ရည်အိတ်(lymph node)တွေရှိပြီး ပြန်ရည်ကြော(lymph vessels)တွေနဲ့ အချင်းချင်း ဆက်သွယ်ထားတယ်။ ဒီပြန်ရည်ကြောတွေဟာ lymph ခေါ်တဲ့ အရည်ကြည်တွေကို သယ်ယူပို့ဆောင်ပေးတယ်။ lymph ဆိုတာ lymphocytes ခေါ်တဲ့ သွေးဖြူဆဲလ်တွေ သယ်ဆောင်ပေးတဲ့ အရည်ကြည်တစ်မျိုးဖြစ်ပါတယ်။
lymphocytes သွေးဖြူဆဲလ်တွေကို သရက်ရွက်(spleen)က ထုတ်လုပ်ပေးတယ်။ ပြန်ရည်အိတ်တွေဟာ lymph သွေးရည်ကြည်ကို သီးသန့်စစ်ထုတ်ပေးပြီး lymphocytes သွေးဖြူဆဲလ်တွေကို သိုလှောင်ပေးပါတယ်။ thymus ကတော့ မွေးထုတ်လိုက်တဲ့ T lymohocyes တွေ ဖွံ့ဖြိုးရင့်မှည့်လာအောင် ပြုစုပြိုးထောင်ပေးတဲ့ နေရာဖြစ်တယ်။ thymus က ရင်ညွန့်ရိုး နောက်ဖက်လောက်မှာရှိပါတယ်။ တကယ်တော့ အာသီးတွေဟာ ပြန်ရည်ကြောစနစ်တစ်ခုပဲဖြစ်ပါတယ်။ ပိုးဝင်ရင် အာသီးရောင်တယ်ဆိုတာ ခုခံအားဆဲလ်တွေပိုမိုပွားများလာလို့ဖြစ်တယ်။ ရိုးတွင်းခြင်ဆီတွေကတော့ သွေးဖြူဥ၊ သွေးနီဥ၊ သွေးဥမွှားတွေ မျိုးစုံထုတ်ပေးတဲ့ အစိတ်အပိုင်းဖြစ်တာကြောင့် သွေးကင်ဆာတွေစစ်ဆေးတဲ့အခါ ရိုးတွင်းခြင်ဆီတွေကို စစ်ဆေးတာဖြစ်ပါတယ်။
ပြန်ရည်ကြောကင်ဆာကျိတ်(NHL)တွေမှာ မူမမှန်တဲ့ lymphocytes တွေ ထိန်းမနိုင်သိမ်းမရ ပွားများလာပါတယ်။ ကင်ဆာဖြစ်စေတဲ့ မူမမှန်ဆဲလ်တွေကို lymphoma cells လို့ ခေါ်ပါတယ်။ဒီဆဲလ်တွေ တဖြည်းဖြည်း စုရုံးလာတဲ့အခါ အကျိတ်တွေဖြစ်လာပါတယ်။ ပြန်ရည်အိတ်တွေ တည်ရှိတဲ့ လည်ပင်း၊ ဂျိုင်း၊ ပေါင်ခြံစတဲ့နေရာတွေမှာ အကျိတ်တွေစတင်ဖြစ်ပေါ်လာပါတယ်။ တခြားလက္ခဏာရပ်တွေအနေနဲ့ ညဖက်ပိုင်း ဇောချွေးပြန်တာ၊ နေထိုင်မကောင်းတာ၊ အားကုန်လွယ်တာ၊ အလေးချိန်လျှော့ကျပြီး တဖြည်းဖြည်းပိန်ချုံးလာတာ၊ ခြေဆစ်လက်ဆစ်ကိုက်ခဲတာ၊ ခန္ဓာကိုယ်ယားယံတာ၊ ချောင်းဆိုးတာ၊ ဗိုက်ဖောရောင်တာနဲ့ အသက်ရှုမဝတာတွေ အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ တခါတရံ ပြန်ရည်ကြောကင်ဆာကျိတ်တွေဟာ အရေပြားပြဿနာတွေနဲ့ တွဲဖြစ်တတ်ပါတယ်။ အထူးသဖြင့် prurigo nodularis (သွေးယားကျိတ်)နဲ့ အတူတွဲတွေ့ရတတ်ပါတယ်။ သွေးယားကျိတ်ဆိုတာ မူမမှန်တဲ့ ခုခံအားဆဲလ်တွေ ပုံမှန်မဟုတ်ဘဲ ကြွတက်လာတာကြောင့် ခန္ဓာကိုယ်တခုလုံး မခံမရပ်နိုင်ယားယံတာဖြစ်ပါတယ်။
lymphoma ကင်ဆာကျိတ်တွေကုသတဲ့အခါ ဘယ်အမျိုးအစားမှာ ကင်ဆာဖြစ်လည်း (ဥပမာ B cells or T cells)အရင်သိဖို့ လိုပါတယ်။ NHL ထဲမှာ အိပ်နေတဲ့ ကင်ဆာကျိတ် (Indolent lymphomas)နဲ့ တက်ကြွပျံ့ပွားနေတဲ့ ကင်ဆာကျိတ် (Aggressive lymphomas)ဆိုပြီး ယေဘုယျနှစ်မျိုး ခွဲထားပါတယ်။ လေ့လာမှုတွေအရ follicular lymphoma အမျိုးအစားဟာ အိပ်နေတဲ့ ကင်ဆာကျိတ်မျိုးဖြစ်ပြီး diffuse large B cell lymphoma တွေက တက်ကြွပျံ့ပွားလွယ်တဲ့ ကင်ဆာကျိတ်တွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် large B cell lymphoma တွေကို စောစောကုသဖို့ လိုပါတယ်။ သို့သော် ဘယ်အမျိုးအစားပဲဖြစ်ဖြစ် non-Hodgkin lymphomas မှန်ရင် တချိန်မဟုတ် တချိန် တခြားပြန်ရည်ကျိတ်တွေ ထပ်မံပေါ်ပေါက်လာနိုင်တာကြောင့်စနစ်တကျကုသဖို့ လိုအပ်ပါတယ်။ မကုဘဲထားရင် အသည်း၊ ဦးနှောက်နဲ့ ရိုးတွင်းခြင်ဆီတွေကို ဆက်လက်ပျံ့ပွားနိုင်ပါတယ်။
Non-Hodgkin lymphoma (NHL)တွေဟာ အမျိုးစားကွဲတွေ အများအပြားရှိတာကြောင့် ဆရာဝန်တွေတောင် မျက်စိလည်ရတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ အမျိုးအစားကွဲတွေ မတူကြသလို ကုသနည်းတွေ၊ ဆေးပေးနည်းတွေလည်း မတူကြပါဘူး။ ခြင်ဆီအစားထိုးတာ၊ သွေးရည်ကြည်လဲလှယ်တာ၊ ဓာတ်ကင်တာနဲ့ ခီမိုဆေးသွင်းတာမျိုး လုပ်လေ့ရှိပါတယ်။
ပြန်ရည်ကြောကင်ဆာကျိတ်တွေဟာ စနစ်တကျကုသရင် ပျောက်ကင်းနိုင်ပါတယ်။ စောစောကုသနိုင်လေ ပျောက်ကင်းနိုင်ချေများလေဖြစ်ပါတယ်။ အမျိုးသမီးတွေ၊ အသက်ငယ်ရွယ်သူတွေမှာ ဖြစ်ရင် ရောဂါပျောက်ကင်းနိုင်ချေ ပိုများတာတွေ့ရတယ်။ ပြန်ရည်ကြောကင်ဆာကျိတ်တွေကုသတဲ့အခါ ခီမိုဆေးသွင်းတာနဲ့ ဓာတ်ကင်တာအသုံးများဆုံးဖြစ်ပါတယ်။ကီမိုဆေးပေးတဲ့အခါ CHOP (cyclophosphamide, doxorubicin, vincristine and prednisolone), Pola-R-CHP (cyclophosphamide, doxorubicin hydrochloride, prednisolone, polatuzumab vedotin, rituximab), CODOX-M (cyclophosphamide, vincristine, doxorubicin, methotrexate) စသည်ဖြင့် အမျိုးမျိုးရှိပါတယ်။ lymphoma cells ရဲ့ chromosome ပုံစံငယ်တွေ၊ ကင်ဆာဆဲလ်မျက်နှာပြင်မှာ တွေ့ရတဲ့ ပရိုတင်းအမျိုးအစားတွေပေါ်မူတည်ပြီး ကုသရပါတယ်။
ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်
အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။
If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.