Open 9:00-12:00 AM
+95 92051590

Lichen planopilaris

1 Nov, 2021 | No Comments

Lichen planopilaris

Lichen planopilaris (ဦးခေါင်း ချပ်ပြားနာရောဂါ) ဆိုတာ ဦးရေပြားရောင်ရမ်းတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး ဆံပင်အကွက်လိုက်ကျွတ်တတ်ပါတယ်။ ကိုယ်ခံအား lymphocyte ဆဲလ်တွေက ဆံပင်အမြစ်ခြေကို ရောင်ရမ်းစေတာကြောင့် ဆံပင်အခြေ မွှေးညှင်းအိတ်က တဖြည်းဖြည်းရောင်ရမ်းပြီး နောက်ဆုံးမှာ ဆံပင်ကျွတ်တဲ့ထိ ခံစားရတယ်။ autoimmune ခုခံအားချင်းတုံ့ပြန်မှုလွန်ကဲရာက ဖြစ်တယ်လို့ဆိုတယ်။ lichen planus ရဲ့ အမျိုးအစားခွဲတစ်ခုလို့လည်း ယူဆထားကြတယ်။ (Lichen planus အကြောင်း အသေးစိတ်ကို https://drayeminhtoo.com/lichen-planus ဝင်ဖတ်နိုင်ပါတယ်)

Lichen Planopilaris ဟာ ပုံမှန်အားဖြင့် ဆံပင်ကျွတ်တဲ့ ဦးရေပြားဟာ ချောမွေ့သော အဖြူရောင်အကွက်များအဖြစ် ဖြစ်ပေါ်လာပါတယ်။ ဆံပင်ကျွတ်တဲ့အခါ ဆံပင်မွေးညင်းအိတ်မမြင်ရဘဲ ပြောင်ချောနေတတ်တယ်။ ဖြစ်တဲ့နေရာမှာ အကြေးခွံအကွက်တွေနဲ့ အတူ ဦးရေပြားနီရဲနေပြီးအဖြူရောင် အကြေးခွံတွေဟာ ဆံပင်မွေးညင်းပေါက်တစ်ခုစီကို ဝန်းရံထားလေ့ရှိတယ်။ ဒီအကွက်ဖြစ်တဲ့ ဆံပင်တွေကို ကျွတ်လွယ်ပြီး အလွယ်တကူ ဆွဲနှုတ်နိုင်ပါတယ်။ တချို့အကွက်တွေဟာ သေးငယ်ပြီး တခုနဲ့တခု ပေါင်းစပ်လာတဲ့အခါ ပိုကြီးသော ပုံမမှန်အကွက်တွေ ဖြစ်လာတယ်။ အဖြစ်များတဲ့နေရာတွေက ဦးရေပြား၏ဘေးစောင်း၊ ရှေ့ပိုင်းနဲ့ နောက်စေ့အောက်ပိုင်းများဖြစ်ပါတယ်။ တချို့အကွက်တွေဟာ ယားယံတာ၊ နာကျင်တာ၊ ပူစပ်ပူလောင် ဖြစ်တာမျိုး တွေ့ရတတ်တယ်။ များသောအားဖြင့် ဒီအကွက်တွေဟာ ဦးခေါင်းတစ်ခုလုံးမတွေ့ရဘဲ အကွက်လိုက်ကျွတ်တာမျိုး တွေ့ရတတ်ပါတယ်။ ဒီအရေပြားပြဿနာဟာ လူငယ်ပိုင်းအမျိုးသမီးတွေမှာ အဓိကတွေ့ရပါတယ်။ နောက်ဆက်တွဲဆိုးကျိုးက ဆံပင်ကျွတ်တာ၊ မျက်တောင်မျက်ခုံးမွှေးကျွတ်တာ စတဲ့ ဆိုးကျိုးတွေဆက်ဖြစ်နိုင်ပါတယ်။

ကုသနည်း

ကိုယ်ခံအားချင်း တုံ့ပြန်ရာက ဖြစ်တဲ့အရေပြားရောဂါမို့ ခုခံအားကို ထိန်းညှိပြီး အရောင်ကျတဲ့ဆေးတွေ သုံးရတယ်။ အရောင်ကျဆေးတွေထဲမှာ Corticosteroids ထိုးဆေး၊သောက်ဆေးနဲ့ လိမ်းဆေးတွေသုံးနိုင်တယ်။ ခုခံအားအတွက် tacrolimus လိမ်းဆေးတွေသုံးနိုင်တယ်။ သောက်ဆေးထဲမှာ Hydroxychloquine, acitretin, methotrexate, cyclosporin, mycophenolate mofetil တွေ သုံးနိုင်တယ်။ NSAIDs ဆေးဝါးတွေက နာကျင်မှုနှင့် ရောင်ရမ်းမှုကို လျော့နည်းစေနိုင်တယ်။

ထူးခြားချက်က Pioglitazone (PPAR-γ agonist)သောက်ဆေးက ရောဂါလက္ခဏာရဲ့ ထက်ဝက်ကျော်ကို သက်သာစေတယ်။ Adalimumab (TNFα inhibitor)ထိုးဆေးက လူနာတစ်ချိို့မှာ သိသာတတ်တယ်။ tofacitinib သောက်ဆေးက နောက်ဆုံးပေါ်ဆေးဖြစ်ပြီး ရောဂါကုသရာမှာ အသုံးဝင်တယ်။ ဆံပင်ကျွတ်တာအတွက် Platelet rich plasma ကုထုံးလည်း သုံးကြတာရှိတယ်။

ကာကွယ်ခြင်း

ဒီရောဂါဟာ စိတ်ဖိစီးမှုနဲ့ သက်ဆိုင်တဲ့အတွက် စိတ်ဖိစီးမှုလျှော့ချဖို့လည်ါ် လိုပါတယ်။ ဆံပင်ကိုထိခိုက်စေတာမို့ ပျော့ပျောင်းပြီး ဓာတုဆေးနည်းတဲ့ ခေါင်းလျှော်ရည်မျိုးကိုသာ သုံးသင့်တယ်။ ဆံပင်အားဖြည့်ဆေးတွေက ဆံပင်မကျွတ်အောင် ဟန့်တားနိုင်တယ်။ဆံပင်ကျွတ်တဲ့နေရာတွေဟာ ပြန်ပေါက်နိုင်ချေနည်းလို့ ဖြစ်စကတည်းက ဆရာဝန်နဲ့ တိုင်ပင်ပြီး စနစ်တကျကုသသင့်တယ်။

Write Reviews

Leave a Comment

No Comments & Reviews