9 Nov, 2021 | No Comments
Erythema annulare centrifugum
Erythema annulare centrifugum ဆေးဝါးကြောင့်ဖြစ်တဲ့ အနီကွင်းများ
Erythema annulare centrifugum (EAC) ဆိုတာ ခုခံအားတုံ့ပြန်မှုကြောင့်ဖြစ်တဲ့ နာတာရှည်အရေပြားရောဂါတစ်ခုဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ အနီကွင်းတွေ တခုနဲ့တခု ချိတ်ဆက်ထားတဲ့ပုံစံ တွေ့ရတယ်။ အနီကွင်းတွေက ရောင်ရမ်းပြီး ကွင်းအတွင်းပိုင်းက အရောင်ဖျော့တယ်။ အနီကွင်း အတွင်းဖက် အနားသတ်လိုင်းတွေက အရေခွံလန်တတ်တယ်။ ပေါင်၊ တင်ပါး၊ လက်မောင်း စတဲ့နေရာတွေမှာ အဖြစ်များတယ်။
ဘာ့ကြောင့်ဖြစ်လဲ
ဒီအနီကွင်းတွေဟာ ရောဂါ (သို့) ဆေးဝါးတစ်မျိုးမျိုးကို တုံ့ပြန်ရာက ဖြစ်လာတယ်။တနည်းအားဖြင့် ခုခံအားတုံ့ပြန်မှုကြောင့် ဖြစ်လာတယ်။ ဆေးဝါးတွေရဲ့ဘေးထွက်ဆိုးကျိုး တုံ့ပြန်မှု ဖြစ်နိုင်တယ်။ finasteride, spironolatone, amitriptyline, piroxicam စတဲ့ဆေးဝါးတွေက ဖြစ်နိုင်တယ်။ ကင်ဆာရောဂါ၊ သွေးရောဂါ၊ လေးဖက်နာ၊ ဆီးချို အပါအဝင် မှိုပိုးစွဲတာတွေကြောင့်ဖြစ်နိုင်တယ်။ ကိုယ်ဝန်ဆောင်စဉ် ဓာတ်တုံ့ပြန်မှုကြောင့်လည်း ဖြစ်နိုင်တယ်။ ဒိန်ခဲ၊ခရမ်းချဉ်သီး ဓာတ်မတဲ့တာဖြစ်နိုင်တယ်။ အသက် (၄၀)ဝန်းကျင်အရွယ်တွေ အဖြစ်များတယ်။
လက္ခဏာရပ်များ
ဖြစ်စမှာ ပန်းရောင်အကွက်က တဖြည်းဖြည်းကြီးလာတယ်။ အကွက်သေး၊ အကွက်ကြီး၊ လခြမ်းပုံ၊ လှိုင်းတွန့်ပုံကနေ ကွင်းအထပ်ထပ်တွေထိ အမျိုးမျိုးဖြစ်နိုင်တယ်။ အရွယ်ကြီးထွားလာတာနဲ့အမျှ ကွင်းတွေတစ်ခုနဲ့တစ်ခု ချိတ်ဆက်လာတယ်။ အရေပြားက ရောင်ပြီး ထူနေမယ်။ဖြစ်တဲ့နေရာက ယားယံတတ်တယ်။ နာတာရှည်အရေပြားရောဂါဖြစ်လို့ ပွားလာမှ သိကြတာများတယ်။ ဖြစ်တဲ့အရေပြားကို လေ့လာကြည့်တဲ့အခါ lymphocytes သွေးဖြူဆဲလ်တွေ စုပုံနေတာ တွေ့ရတယ်။
ဘာဆက်လုပ်မလဲ
ရောဂါ၊ ဆေးဝါးစတာတွေကြောင့် ဖြစ်လို့ နောက်ခံအကြောင်းရင်းကို ကုသသင့်တယ်။ ဆေးဝါးကြောင့်ဖြစ်ရင် သုံးတဲ့ဆေးတွေ အရင်ရပ်ပါ။ ရောဂါပိုးကြောင့်ဖြစ်ရင် ပိုးသတ်ဆေးတွေ လိုနိုင်တယ်။ azithromycin, erythromycin, mettonidazole, fluconazole စတဲ့ ပိုးသတ်ဆေးတွေ ရောဂါပေါ်မူတည်ပေးရတယ်။ အရေပြားရောင်ရမ်းတာအတွက် steroid လိမ်းဆေးနဲ့ tacrolimus လိမ်းဆေးတွေ လိုနိုင်တယ်။ တကိုယ်လုံးအနှံ့ဖြစ်ရင် Etanerceptလို ဘေးထွက်ဆိုးကျိုးများတဲ့ဆေးတွေပါ သုံးရတတ်တယ်။
ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်
အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။
If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.
Write Reviews
Leave a Comment
No Comments & Reviews