တော်ဝင်ပန်းသို့…. အပိုင်း (၂) (၂) လွယ်လွယ်ပြောရလျှင် အစကတည်းက ဥာဏ်ကောင်းသော ကောင်မလေးမှာ ၁၀တန်းဆက်တက်ပြီး အောင်တော့ဆေးကျောင်းတက်ရသည်။သူမဆေးကျောင်းရောက်တော့ ပြောထားသည့်အတိုင်း ဒေါက်တာဖုန်းမော်ကပင်အစစအရာရာကူညီပေးသည်။ အဆောင်စရိတ်၊နေစရာ လိုအပ်သမျှကူညီ ထောက်ပံ့ပေးသည်။ ငွေရေးကြေးရေးနှင့် ပတ်သက်၍ မပူပန်စေရ။ အစကတော့ အားနာနာနှင့်ငြင်းသေးသည်။ နောက်ပိုင်းတွင်တော့ သူမကူညီပဲ ရပ်တည်လို့မရတာ နားလည်သွားပြီးလက်ခံလိုက်သည်။ ဆေးကျောင်းရောက်ရောက်ချင်း စာတော်၍ ချောမောလှပလွန်းသော သူမကို လူတော်တော်များများသတိထားမိကြသည်။ ယောကျာ်းလေးတွေဝိုင်းဝိုင်းလည်နေပေမယ့် သူမကတော့ ဘယ်သူ့က်ိုမှ စိတ်ဝင်စားလို့မရ။ ဘဝပေးအခြေအနေအရ ကြိုးစားမှဖြစ်မှန်းနားလည်သည်။ ဘယ်လိုပဲဖြစ်ဖြစ် သူမ၏တနေ့တာအချိန်က မပြောင်းလဲ။ နေ့တိုင်း အချိန်မှန်ကျောင်းတက်သည်။ ကျောင်းဆင်းတာနဲ့ ဒေါက်တာ ဖုန်းမော် ဆေးခန်းသွားကူသည်။ ဆေးခန်းနှင့်ဆေးကျောင်းက နီးနီးလေးပါ။ သူနေသည့်အဆောင်နှင့်လည်း သိပ်မလှမ်းတော့ လာရတာအဆင်ပြေသည်။ ဒေါက်တာ ဖုန်းမော်ကတော့ သူ့ဆီတခါမှမလာဖူးခဲ့။ သူမကို ပတ်ဝန်းကျင်က အထင်လွဲမှာစိုးလို့ပါတဲ့လေ။ ဟုတ်တော့လည်း ဟုတ်သည်။ ဒီလောက် ကင်းကင်းရှင်းရှင်းနေတာတောင် ပတ်ဝန်းကျင်အပြောက မလွတ်ချင်။ ကွယ်ရာမှာ ဆရာနဲ့ဘာလိုလိုဟု ပြောပြန်သည်။ ပြောသူတွေက အရင်းနှိးဆုံးသူငယ်ချင်းတွေထဲက။ တခါက အဆောင်က သူငယ်ချင်းမိန်းကလေးတယောက် ဆရာနှင့်ပြချင်သည်ဆိုတော့ ခေါ်လာပြသည်။ နောက်ရက်ကျ သူက ဆရာ့ကို လက်ဆောင်ပေးချင်သည်ဟု အတင်း ပူဆာသည်။ ဆရာ့အကြောင်း သိနေသူပီပီ ဆရာယူမှာမဟုတ်ဘူးတားတော့ “ဘာလဲ ငါ့ဖက်ပါမှာဆိုးလို့လား”ဟု စိတိဆိုးမာန်ဆိုး ပြောဆိုတာလည်း ခံခဲ့ရဖူးသည်။နောက်ရက် ထိုသူငယ်ချင်းကပဲ ဆရာ့ကို သူ့နဲ့ ဘာလိုလိုဖြစ်နေပြီဟု မဟုတ်မမှန် သတငိးလွင့်ပြန်သည်။ သူ့ဖက်ကတော့ ကိစ္စမရှိပေမယ့် မဟုတ်ပဲနဲ့ အပြောခံရတဲ့ ဆရာ့ဖက်က နာသည်။ တကယ်ဖြစ်ခဲ့ရင်တော့ ဘာအရေးလဲ။ ဒီအကြောင်းကို ဆရာကို ပြောတော့ ဆရာက ပြုံးသည်။ “လောကကြီးက ဒီလိုပါပဲကွာ၊သိပ်ဂရုစိုက်မနေပါနဲ့၊ကိုယ့်ဖက်က စေတနာမှန်ဖို့ပဲ အရေးကြီးတာပါ၊ဆရာကတော့ ကိုယ့်စေတနာကိုယ် ယုံတယ်ကွာ”ဟုနှစ်သိမ့်သည်။ ဆရာနှင့်အနီးကပ်နေမှ ဆရာ့စိတ်ရင်းစေတနာ၊ဆရာ့၏သိက္ခာကို ပိုနားလည်လာသည်။ သူတပါးအပေါ်တွင် အမြဲစေတနာထားပြီး ကူညီတတ်သော ဆရာ့ကို ပိုမို လေးစားမိသည်။ အမြဲပြုံးနေတတ်သော ဆရာ့မျက်နှာမြင်လိုက်တိုင်း ဘဝအမောတွေ ပြေပျောက်သွားသလို ခံစားရသည်။ တခါတရံ စိတ်ဓာတ်ကျခဲ့တဲ့ နေ့ရက်တွေမှာ ဆရာ့အပြုံးနဲ့ ရှင်သန်ခဲ့ရတဲ့နေ့တွေ မနည်းခဲ့ပါဘူး။ တဖြည်းဖြည်း ဆရာ့စကားတွေ၊အားပေးမှုတွေနဲ့ ဘဝကိုကောင်းကောင်းရင်ဆိုင်နိုင်ခဲ့လေသည်။ ဆရာကသဘောကောင်းတော့ လူနာပေါသည်။ဆေးခန်းထဲတွင် အကူလုပ်သည့် သက်တမ်းတလျှောက် သူ့အပေါ်ရော၊လူနာတွေကိုပါ ငေါက်ငမ်းအော်ဟစ်တာမျိုး မကြုံဖူးခဲ့။ လူချစ်လူခင်ပေါသဖြင့် ဆေးခန်းလေးမှာ လူစည်ကားသည်။ အဲဒီအကြောင်း စကားစပ်လို့ပြောတိုင်း “လောကမှာ လူစည်ကားလို့ သိပ်မကောင်းတဲ့နေရာတွေထဲမှာဆေးခန်းလည်း ပါတယ်လေကွာ”ဟု ပြုံးပြီး ပြောတတ်သည်။ နောက်ပြီး ဆရာက ဟော့ဟော့ရမ်းရမ်းတွေသိပ်မကြိုက်တဲ့ သူမျိုးမဟုတ်တာလည်း သတိထားမိသည်။အဝတ်အစားကအစ သတ်သတ်ရပ်ရပ်ဝတ်မှကြိုက်သည်။ တခါကလည်း ကျောင်းကပွဲမှအပြန် အဝတ်မလဲမိဘဲဘောင်းဘီရှည်နှင့် ဆေးခန်းသွားကူဖူးသည်။ ဆေးခန်းရောက်ရောက်ချင်း ဆရာ့မျက်နှာ ကွက်ခနဲ ပျက်သွားသည်။ဒါပေမယ့် ဘာမှတော့ မပြော။ ပြန်ခါနီးတွင် “ဆရာ ကတော့ မ်ိန်းကလေးဆိုရင် သိက္ခာရှိရှိဝတ်စားတာမျိုးပဲသဘောကျတယ်ကွာ”ဟု မသိမသာပြောဖူးသည်။ ထို့နောက်ပိုင်းတွင် ဆရာမကြိုက်သော အမူအကျင့်မျိုးကို တတိနိုင်သမျှ ရှောင်ခဲ့သည်။ နေက်ပိုင်း ဆရာနှင့် ပတိသက်လာလျှင် အသေးအဖွဲလေးတွေကအစ ဂရုစိုက်တတ်လာသည်။ ဥပမာ ဆရာအနီရောင်ကြိုက်တတ်တာသိသဖြင့် ပန်းအိုးထဲတွင် နှင်းဆီပန်းများကို အမြဲထိုးပေးထားသည်။ ဆရာကြိုက်တဲ့တဲ့ဟင်းမျိုးဆိုလျှင် ချက်တတ်အောင် တိတ်တခိုးလေ့ကျင့်နေမိသည်။ တခါကလည်း ဆရာကြိုက်သည့် မုန့်ဟင်းခါးချက်နည်းကို တပတ်လောက်သင်ပြီး ဆေးခန်းယူလာတော့ အံ့သြတကြီး “ကောင်မလေး နင့်ဟာ ဟုတ်ရဲ့လားဟာ”ဟု မေးသည်။ စားပြီး သူ့လက်ရာဘယ်လိုကောင်းကြောင်းပြောတော့ ပျော်လွန်းသဖြင့် တညလုံးအိပ်မရခဲ့တာသူသာသိသည်။ ဘာ့ကြောင့်မှန်းမသိ။ ဆရာကြိုက်တတ်တာ လုပ်ပေးနေရတာကိုက သူ့အတွက်ပျော်ရွင်စရာပါ။တကယ်ဆို သူ့ပါရမီဖြည့်ရသည်ကိုပင် စိတ်ထဲတွင် ကြည်နူးမိသည်။ အမှန်တော့ ဒေါက်တာ ဖုန်းမော်ဆိုသောလူတယောက်သည် သူ့ဘဝတွင် သူမသိလိုက်မှီ နေရာတနေရာ အပြီးအပိုင် ရယူပြီးဖြစ်သည်ကို သတိမပြုမိခဲ့ပါပေ။ အပိုင်း(၃) ဆက်ရန်… https://drayeminhtoo.com/taw-win-pann-3/ Author – Dr. Aye Min Htoo Genre – Novella
တော်ဝင်ပန်းသို့ (အပိုင်း ၁) (၁) “နာမည်ဘယ်လိုခေါ်လဲ” “နှင်းပန်းအိမ်ပါ ဆရာ” “အခု ဘာဖြစ်လို့လဲ” “သမီး ဒီနားက ဗိုက်နာနေလို့ပါဆရာ” ဗိုက်ညာဖက်အောက်ပိုင်းသို့ လက်ထောက်ပြတော့ ဒေါက်တာဖုန်းမော်တယောက် လက်ဖြင့် အသာယအယာစမ်းသပ်ကြည့်သည်။ ထောက်သည့်နေရာကို နည်းနည်းဖိကြည့်တော့ နှင်းပန်းအိမ်ဆိုသော ကောင်မလေးက အင့်ခနဲ ဖြစ်သွားသည်။ မျက်နှာကို ကြည့်မိလိုက်တော့ နာကျင်နေဟန်ဖြင့် မျက်နှာလေးက ရှုံ့မဲ့နေသည်။ သို့သော် ရှုံ့မဲ့နေသည့်ကြားမှ အလွန်ချစ်စရာကောင်းသော မျက်နှာလေးကို မထင်မှတ်ဘဲ သတိပြုမိလိုက်သည်။ကောင်မလေးက အသက်အရွယ်အားဖြင့် ၁၆၊၁၇ လောက်သာရှိဦးမည်။ အသားလေးက ဖြူသလို ရုပ်လေးကနုဖတ်နေသည်။ ရှုံ့မဲ့သွားသော မျက်နှာလေးကို ကြည့်ရင်း နာကျင်မှုကို စိတ်ပြောင်းအောင် စကားလမ်းလွှဲလိုက်ရသည်။ “မန္တလေးကပဲလား” “မဟုတ်ပါဘူး သထုံကပါဆရာ” “ဒီကိုကျောငိးလာတက်တာပေါ့” “မဟုတ်ဘူး အလုပ်လာလုပ်တာပါ၊သမီးက ၉တန်းဘဲ အောင်တာပါ” ဒေါက်တာ ဖုန်းမော်အံ့သြသွားသည်။ ပုံစံလေးက နုဖတ်နေပြီး သူဌေးသမီးပုံပေါက်နေသည့် ဤကောင်မလေးက၁၀တန်းတောင် မအောင်ဘူးတဲ့။ အံ့သြစိတ်ကို မြိုသိပ်ပြီး ထပ်မေးမိသည်။ “ဘာလို့ဆယ်တန်းဆက်မတက်တာလဲ” “သမီးအိမ်က အဆင်မပြေဘူးဆရာ။ ကိုးတန်းအောင်ပြီး ကျောင်းထွက်လိုက်ရတယ်။ အမှန်ပြောရရင် ကျောင်းဆက်တက်ချင်တာပေါ့ဆရာရယ်။ သမီးလည်း ဆရာတို့လို ဆရာဝန်အရမ်းဖြစ်ချင်တာပါ၊ဒါပေမယ့် “ ဝမ်းနည်းစိတ်ကြောင့် အသံတိမ်ဝင်သွားသည်။ ဒေါက်တာ ဖုန်းမောရင်ထဲ နင့်ခနဲ ခံစားလိုက်ရသည်။ “ဒါဖြင့်အခု ဘာအလုပ်လုပ်နေလဲ” ကောင်မလေး၏မျက်နှာမှာ ရဲခနဲ ဖြစ်သွားသည်။ မျက်နှာလေးအောက်ငုံ့သွားပြီး”ဟို…ဟို KTVမှာ လုပ်တာပါ”ဟုမဝံ့မရဲ ပြောသည်။ ကောင်မလေးကို ကြည့်ရင်း ဒေါက်တာဖုန်းမော် စိတ်မကောင်း ဖြစ်သွားပြန်သည်။ လုံးဝထင်ရက်စရာမရှ်ိအောင်လှပလွန်းသော အပျိုဖော်ဝင်စ မိန်းကလေးတယောက်လုပ်တဲ့ အလုပ်က KTVမှာတဲ့လား။ “မိုက်လိုက်တာကွာ၊ဘာဖြစ်လို့ဒါမျိုးတွေ လုပ်ရတာလဲဟင်” ဂရုဏာဒေါသကြောင့် လေသံက အနည်းငယ်မာသွားသည်။ ကောင်မလေး၏ မျက်လုံးထဲတွင် မျက်ရည်တွေစို့တက်လာသည်။ “သမီးလည်း ဒီအလုပ်တွေ ဘယ်လုပ်ချင်ပါ့မလဲ ဆရာရယ်။ ဒါပေမယ့် အိမ်ကအဆင်မပြေဘူးဆရာရဲ့၊အိမ်မှာသမီးက အကြီးဆုံးပါ၊ညီမလေးနှစ်ယောက် ကျောင်းထားဖို့နဲ့သူတို့တွေ ကျောင်းစရိတ်ရအောင် သမီးက ရှာပြီးပို့ပေးရတာပါ” “မိဘတွေရော ဒီအလုပ်လုပ်တာ သိရဲ့လား၊အိမ်ကိုရော ဘာမှမပြောဘူးလား” “မေမေတော့ သိတယ်ဆရာ၊ဖေဖေ့ကိုတော့ ပြောပြမထားဘူး” “အဲတော့ မေမေက ဘာပြောလဲ” “သူလည်း မလုပ်စေချင်ဘူးပေါ့ ဆရာရယ်၊အစကတော့ ဆိုသေးတယ်၊ဒါပေမယ့် နောက်တော့ ညီမလေးနှစ်ယောက် အတွက်ကျောင်းထားနိုင်ဖို့ စရိတ်ကလည်း ရှိသေးတော့ သိပ်မပြောတော့ဘူး” “ဒီအလုပ်လုပ်တာ ကြာပြီလား” “သိပ်မကြာသေးပါဘူး၊သုံးလလောက်ဘဲ ရှိသေးတာ” ပြောပုံဆိုပုံက ရိုးရိုးသားသားထဲကပါ။ တကယ်ဆို ကောင်မလေးကိုသူ အထင်မသေးပါ။ ကိုယ့်အလုပ်ကို ရဲရဲဝင့်ဝင့်ပြောရဲသညိ့ စိတ်ဓာတ်ကို သဘောကျပါ၏။ ဒါပေမယ့် ငယ်ရွယ် ချောမောလှပလွန်းသော မိန်းကလေးတယောက်၏ ဘဝဖြတ်သန်းနေပုံကိုတော့ ဘဝင်မကျမိပါ။ “ညီမလေး နင့်ကိုငါ ညီမလေးတယောက်လိုခင်လို့ စကားတခွန်းပြောမယ်နော်” ကောင်မလေးက မျက်လုံးရွှဲကြီးများဖြင့်မော့ကြည့်ရင်း ခေါင်းညိတ်ပြသည်။ “နင်ဒီအလုပ်တွေမလုပ်ဘဲ ကျောင်းပြန်တက်ပါလား” ကောင်မလေးက တချက်တွေသွားသည်။ ပြီးမှ မျက်လုံးလေးထောင့်ကပ်အောင် စဉ်းစားပြီး ပြောသည်။ “ဒါပေမယ့် အခုကျမှ ကျောင်းပြန်တက်လို့ရပါဦးမလား ဆရာရယ်” “ဘာလို့မရရမှာလဲ၊ကြိုးစားရင် ဖြစ်ရမှာပေါ့။ ဆယ်တန်းမှာ သေချာကြိုးစားရင် ဆေးကျောင်းတောင် တက်လို့ရဦးမှာ။ စိတ်မလျှော့နဲ့။ နောက်ဆုံး ကုန်ကုန်ပြောမယ်ဟာ၊ အကယ်၍ ဆေးကျောင်းရောက်မှ ကျောင်းစရိတ်မတတ်နိုင်လို့ထောက်မဲ့သူမရှိရင် ငါထောက်ပံ့ပေးပါ့မယ်။ ကျောင်းတော့ တက်ဖြစ်အောင် ပြန်တက်လိုက်ပါကွာ” ဘုရားရေ။လောကကြီးမှာ ဒီလိုယောကျာင်္းမျိုးလည်း ရှိသေးတယ်ပေါ့။နူးညံ့သိမ်မွေ့ဟန်ပေါက်နေသော ယောကျာ်းတယောက်က တခါမှမမြင်ဖူးသည့်မိန်းကလေးတယောက်ကို သွေးသားမတော်စပ်သည့် ကူညီမည်ဆိုတာ ဟုတ်နိုင်ပါ့မလား။ဒေါက်တာ ဖုန်းမော်၏စကားကို မယုံရဲဟန်ဖြင့် စဉ်းစားနေသည်။ သူတွေဝေနေတာမြင်တော့ “ဘာလဲ ဒီအလုပ်က်ို မစွန့်လွှတ်နိုင်ဘူးလား၊ဒီအလုပ်ပဲ ဆက်လုပ်ချင်တာလား”ဟု အသံခပ်မာမာနှင့် မေးလိုက်သည်။ ကောင်မလေးက ခေါင်းလေးမော့၍ လက်တကာကာ ဖြင့် “မဟုတ်ပါဘူးဆရာရယ်၊အဲလိုမဟုတ်ပါဘူး။ သမီးလည်း ဒီအလုပ်ကို ဆက်မလုပ်ချင်ပါဘူး၊အကယ်၍ ဒီအလုပ်ထွက်ပြီးရင် ညီမလေးနယ်မှာ ကျောင်းပြန်တက်ရမှာပေါ့” သိချင်စိတ်ဖြင့် မဝံ့မရဲ မေးလိုက်သည်။ ဒေါက်တာဖုန်းမော်က ခေါင်းညိတ်ပြသည်။ “ဟုတ်တယ်လေ၊ကျောင်းပြန်တက်၊စာကြိုးစား၊ဆေးကျောင်းရောက်အောင်လုပ်၊အဲဒီရောက်ရင် ဘာမှမပူနဲ့။ ဆေးကျောင်းရောက်တာနဲ့ ကျန်တာတွေအားလုံး ကူညီပေးမယ်ဟုတ်ပြီလား၊နင်လုပ်ရမှာက ကျောင်းတက်ပြီး ဆရာဝန်ဘွဲ့ရအောင် ကြိုးစားဖို့ပဲ” ဘုရားရေ။ လောကကြီးမှာ ဒီလိုယောကျာ်းမျိုး တကယ်ရှိတယ်ပေါ့။ ငါအိပ်မက်များမက်နေတာလား။တွေးရင်းစိတ်ထားတည်ကြည်မြင့်မြတ်လှပြီး နူးညံ့သိမ်မွေ့လှသော ဒေါက်တာ ဖုန်းမော်ကို အံ့အားသင့်ခြင်းကြီးစွာ ငေးကြည့်နေမိသည်။ ထိုအကြည့်တွင် လေးစားခြင်း၊မြတ်နိုးခြင်း၊အားကိုးခြင်းစတဲ့ အရိပ်အယောင်တွေ ရှက်သန်းနေတာကိုတော့ ဘယ်လိုမှမဖုန်းကွယ်နိုင်ပါ။ တကယ်တော့ ထိုဆေးခန်းပြသည့် တခဏတာသည် သူမဘဝတခုလုံးကိုအပြောင်းလဲကြီး ပြောင်းသွားစေခဲ့ကြောင်း သူမသိခဲ့ပါပေ။ အပိုင်း (၂) ဆက်ရန် https://drayeminhtoo.com/taw-win-pann-2/ Author – Dr. Aye Min Htoo Genre – Novella