တော်ဝင်ပန်းသို့… (အပိုင်း ၁၄) (ဇာတ်သိမ်းပိုင်း) (၂၆) ခုံတန်းကွပ်ပျစ်လေးပေါ်တွင် အသားဖြူဖြူ ခပ်ချောချာ ကောင်မလေးတယောက်ထိုင်ပြီး အဝေးသို့ငေးကြည့်နေသည်။ တချက်တချက် လေအဝှေ့မှာ ဆံနွယ်လေးများ လွင့်ပါသွားသည်။ သူမ၏မျက်လုံးအစုံက ရီဝေမှုန်မှိုင်းနေပြီး ဆွေးရိပ်သန်းနေသည်။ မျက်လုံးက အဝေးကို ငေးကြည့်နေပေမယ့် ပတ်ဝန်းကျင်ကို မြင်ဟန်မတူပါ။ တကယ်ဆို ဒီကွပ်ပျစ်လေးပေါ်မှာ ထိုင်နေတာ နှစ်နာရီမကတော့။ ဆရာဝန်က ဒီလိုအမူအကျင့်တွေ ရှောင်ဖို့မှာထားပေမယ့် အခုချိန်မှာ ဂရုမစိုက်ချင်။ ဘဝတွင် ခါးသီးမှုပေါင်းများစွာ ခံစားခဲ့ရပြီမို့ ဘာကိုမှသိပ် မတုန်လှုပ်ချင်တော့။ တချိန်က သူနဲ့ပတ်သက်ပြီး ပျော်ရွှင်ခဲ့ရတာ၊ ဝမ်းနည်းခဲ့ရတာကို တလှည့်စီပြန်ပြောင်း သတိရနေမိသည်။ မည်မျှကြာအောင် စဉ်းစားနေမိမှန်းမသိ။ အနက်ရောင်အရိပ်တရိပ် ဖျက်ကနဲ လှုပ်သွားတာ မြင်လိုက်တော့မှ သတိပြန်ဝင်လာသည်။ ရှေ့ကို ကြည့်မိလိုက်တော့ သူဘယ်လိုမှမထင်မှတ်ထားသော မျက်နှာတခုကို မြင်လိုက်ရသည်။ “ဟင် အစ်ကို” ဟုတ်ပါသည်၊သူမရှေ့တွင် ရပ်နေသူက တခြားသူမဟုတ်။ ဘဝမှာ ဘယ်လိုမှ အစားထိုးရန် မရှိခဲ့သည့် ဒေါက်တာဖုန်းမော်ဖြစ်သည်။ဖုန်းမော်ကတော့ သူနှင့်တွေ့စကအတိုင်း နူးညံ့သိမ်မွေ့သော မျက်လုံးအစုံဖြင့် သူမကိုကြည့်နေသည်။ “ဘယ်ထွက်ပြေးချင်သေးလို့လဲပန်းရယ်” ရုတိတရက်မို့ နှင်းပန်းအိမ်တယောက် ဘာပြောရမှနိးမသိပဲ ကြောင်ကြည့်နေမိသည်။ ခဏနေမှ သတိပြန်ဝင်လာသည်။ “အစ်ကိုဘယ်လိုလုပ်ဒီရောက်လာတာလဲ။အစ်က်ိုတို့ လက်ထပ်ပြီးပြီမဟုတ်လား” “မမတို့အခုချိန်ထိ လက်မထပ်ရသေးပါဘူး ညီမလေးရယ်” နောက်ဖက်နားဆီမှ အမျိုးသမီး အသံတသံ ထွက်လာသဖြင့်လှည့်ကြည့်မိလိုက်သော ငြိမ်းငြိမ်းဆိုသောမိန်းကလေးက ကားအောက်သို့ ဆင်းလာပြီး သူ့ဆီ လှမ်းလာသည်ကို တွေ့လိုက်သည်။ “တကယ်တော့ ဒီလောက်ချစ်တဲ့ချစ်သူနှစ်ယောက်ကို ခွဲဖို့ မမဘယ်တုန်းကမှ စိတ်မကူးခဲ့ပါဘူး။ ညီမလေးဆေးရုံကဆင်းသွားပြီးကတည်းက မမဖက်က ဆုံးဖြတ်ပြီးသားပါ။ မေမေတို့ကို အကျိုးအကြောင်းပြောတော့မေမေတို့ကလည်း အတင်းမစီစဉ်တော့ဘူးလေ။ အခုလိုက်လာတာလည်း ညီမလေးနဲ့ ကိုဖုန်းမော်တို့အဆင်ပြေတာကို မမမသွားခင် မြင်သွားချင်လို့ပါ။ မနက်ဖြန်ပဲ အမ ယူကေကို အပြီးပြန်တော့မယ်၊ ဟိုမှာပဲ အခြေချပြီး စီးပွားရေးဇောက်ချလုပ်ဖို့ ဆုံးဖြတ်ထားတယ်” ငြိမ်းငြိမ်းစကားကို ဖုန်းမော်က ခေါင်းညိတ်၍ ဝင်ထောက်ခံလိုက်သည်။ “ဟုတ်တယ်ပန်းရဲ့၊ပန်းဒီမှာရှိတာ သူပဲပြောလို့လေ။ကဲ..အားလုံးရှင်းသွားပြီဆိုတော့ ပန်းသဘောကကော ဘယ်လိုလဲ။ ကိုယ့်ကို လက်ခံမှာလားပြောပါဦး” ပန်းကခေါင်းလေးတချက်ငုံ့သွားသည်။ ပြီးမှ ခပ်တိုးတိုးဖြေသည်။ “ပန်းဖက်က အစကတည်းက အစ်ကို့ကို လက်မခံဖူးလို့ ပြောဖူးလို့လားအစ်ကိုရယ်” သူတို့ချစ်သူနှစ်ယောက် အဆင်ပြေသွားတာမြင်တော့ ငြိမ်းငြိမ်းက ကျေနပ်စွာပြုံးလိုက်သည်။ “ညီမလေးသိလား..မမအရင်က အချစ်ဆိုတာကို အယုံကြည်မရှိခဲ့ဘူး။ အခုညီမလေးတို့ကိုမြင်မှ အချစ်ဆိုတာကိုကောင်းကောင်း သဘောပေါက်ခဲ့တာပါ။ တကယ်တော့ ညီမလေးရော၊ကိုဖုန်းမော်ရော အရမ်းကံကောင်းကြပါတယ်။ အရမ်းချစ်ခဲ့ကြတဲ့ချစ်သူနှစ်ယောက် တသက်လုံးထာဝရပျော်ရွှင်နိုင်ပါစေလို့ အစ်မဖက်က ဆုတောင်းပေးပါတယ်” ထို့နောက် ဒေါက်တာ ဖုန်းမော်ဖက်သို့ လှမ်းကြည့်ရင်း ပြုံးပြလိုက်သည်။ “အခုလို အစ်ကိုတို့နှစိယောက် အဆင်ပြေတာမြင်တော့ ငြိမ်းစိတ်ချမ်းသာသွားပါပြီ။မင်္ဂလာဆောင်ကျရင် ဖိတ်စာပို့ဖြစ်အောင်ပို့လိုက်လေ။ ငြိမ်းလာနိုင်မှာ မဟုတ်ပေမယ့် လက်ဖွဲ့တော့ ပို့ချင်လို့ပါ။ အစ်ကိုတို့နှစ်ယောက် အိုအောင်မင်းအောင်ပေါင်းသင်းနိုင်ပါစေလို့ အခုကတည်းက ဆုတောင်းလိုက်ပါတယ်။ ကဲ..ငြိမ်းသွားတော့မယ်နော်” ငြိမ်းငြိမ်းကသူတို့ကို နောက်ဆုံးအနေဖြင့် တချက်ကြည့်လိုက်ပြီး ကားပေါ်သို့ လေးကန်သော ခြေလှမ်းများဖြင့်တက်သွားသည်။ ကားပေါ်ရောက်သည်နှင့် အတင်းမြိုသိပ်ချိုးနှိမ်ထားခဲ့သော မျက်ရည်များ ပိုးပိုးပေါက်ပေါက်စီးကျလာသည်။ ဒါဟာ ဝမ်းသာလို့ကျတဲ့မျက်ရည်လား၊ဝမ်းနည်းလို့ကျတဲ့မျက်ရည်လား ကာယကံရှင်ကိုယ်တိုင်သာ သိပါလိမ့်မည်။ ငြိမ်းငြိမ်းကားလေး မောင်းထွက်သွားတော့ ဖုန်းမော်က ပန်းပခုံးလေးကို အသာဆုပ်ကိုင်လိုက်သည်။နွေးထွေးကြင်နာသော မျက်လုံးများဖြင့်စိုက်ကြည့်လိုက်ပြီး ကောင်းကင်ကြီးဆီ လက်ညှိုးထိုးပြလိုက်သည်။ “ကဲ …ကောင်းကင်ကြီးကိုကြည့်လိုက်စမ်းပန်း၊အခု..ဘယ်လောက်သာယာသွားလဲ၊ ကံဆိုးမှုတွေရဲ့နောက်မှာကံကောင်းတာတွေ အမြဲရှိနေတတ်တယ်လို့ ကိုယ်တခါပြောဖူးတယ်မလား၊ ကဲ..အခုပြောတာလက်ခံပြီမဟုတ်လား” နှင်းပန်းအိမ်က ရှက်ပြုံးလေးပြုံးပြီး ခေါင်းညိတ်လိုက်သည်။ ပါးပြင်မှာ ရှက်သွေးကြောင့် ရဲတွတ်နေသည်။ ရှက်သွေးဖြာနေသော သူ့အမူအယာလေးကိုမြင်တော့ ဒေါက်တာဖုန်းမော်တယောက် ရင်ခုန်သွားသည်။ “လုပ်ပြန်ပြီ။ အဲဒီအမူအရာလေးတွေကို အသည်းယားတာပါဆို၊ကဲ.. ဒီတခါတော့ အလွတ်မပေးတော့ဘူး၊ နောက်ဘယ်တော့မှ အဝေးထွက်မသွားအောင် ကိုယ့်ရင်ခွင်ထဲ အပြီးသိမ်းထားလိုက်တော့မယ်” “ဟာ အဲလိုကြီးမလုပ်နဲ့ကွာ၊ပန်းရှက်တယ်” ဖုန်းမော်ကတော့ ပန်း၏ကိုယ်လုံးလေးကို လွတ်ထွက်သွားတော့မည့်အလား တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်သည်။ပန်းကတော့ သူ့ရင်ခွင်လေးထဲမှာ။ ထိုအချိန် နေမင်းက တိမ်ကင်းစင်၍ ထွက်လာသည်။ မကြာမှီ ချစ်သူနှစ်ဦး၏ ကိ်ုယ်ပေါ်သို့ သန့်စင်သော အနွေးဓာတ်က လွှမ်းခြုံထားလိုက်လေပြီ။ ပြီးပါပြီ။ ဒေါက်တာအေးမင်းထူး စာဖတ်ပရိသတ်များအားလုံး ကျန်းမာရွှင်လန်းကြပါစေ။ Author – Dr. Aye Min Htoo Genre – Novella
တော်ဝင်ပန်းသို့… (အပိုင်း ၁၃) (၂၅) အိပ်မက်ထဲတွင် နှင်းပန်းအိမ်နှင့် တွေ့သည်။ ဘေးတွင်ကောင်လေးတယောက်လည်း ပါလာသည်။ ကောင်လေးကနှင်းပန်းအိမ်၏လက်ကို ဆုပ်ကိုင်ထားပြီး ပန်းခြံထဲတွင် လျှောက်သွားနေသည်။ နှင်းပန်းအိမ်ကိုယ်တိုင် သူနှင့်လက်ချင်းတွဲပြီး လျှောက်လည်နေရတာကို သဘောကျနေဟန်တူသည်။ ပန်းခြံထဲမှာ ရပ်ကြည့်နေသော လူတွေကတော့ သူတို့စုံတွဲကို ကြည့်ပြီး လိုက်ဖက်လိုက်တာဟု ချီးကျူးနေကြသည်။ နှင်းပန်းအိမ်ကတော့ သူ့ကို လားလားမှ မြင်ဟန်မတူပါ။ ထိုအချိန် ကောင်လေးက သူ့အနားရောက်လာသည်။ မျက်နှာ တဖက်လှည့်လာသဖြင့် သူ့မျက်နှာကို မြင်လိုက်ရသည်။ “ဟင်….စည်သူမင်းမောင်” ထိတ်လန့်ခြောက်ခြားခြင်းကြီးစွာလန့်နိုးလာသည်။ တကိုယ်လုံးချွေးတွေ ရွှဲနစ်နေသည်။ ဘေးကို ကြည့်လိုက်တော့ငြိမ်းငြိမ်းက လူနာကုတင်ဘေးတွင် လက်ကလေးတင်၍ ခပ်ကွေးကွေးလေးအိပ်နေတာတွေ့သည်။ ဪ..ငြိမ်းငြိမ်းလည်း အတော်ပင်ပန်းရှာမှာပဲ။ တကယ်ဆို ဒီဆေးရုံတက်တဲ့ရက်တွေအတွင်း သူဘယ်လောက်ပင်ပန်းခဲ့လဲသိပါသည်။ စိတိပန်းလူပန်းမို့လားမသိ။ မျက်နှာလေးက သိသိသာသာ ချောင်ကျနေသည်။ ငြိမ်းငြိမ်းမျက်နှာလေးက ကြည့်ရင်း မျက်လုံးထဲတွင် နှင်းပန်း၏ ချစ်စရာမျက်နှာလေးကို မြင်ယောင်လာမိသည်။ သူကောအခုဆို ဘာလုပ်နေရှာမလဲ။တယောက်တည်းနေရှာမလား။ အို…ငါဘာတွေတွေးနေတာလဲ။ အခုချိန်ဆို သူက စည်သူမင်းမောင်နဲ့ ပျော်နေလောက်ရောပေါ့။ ခေါင်းကို အသာခါရင်း ကုတင် ဘေးနားမှာရှိသော ရေသန့်ဗူးကို လှမ်းယူလိုက်သည်။ “ရေယူမလို့လားအစ်ကို၊ညီမယူပေးမယ်လေ” အအိပ်ဆတ်သော ငြိမ်းငြိမ်းတယောက် ဘယ်အချိန်က နိုးနေမှန်းမသိ။ ကုတင်ဘေးသို့ရောက်လာပြီး ရေထည့်ပေးသည်။ “ငြိမ်းငြိမ်းလည်း အစ်ကို့အတွက် အတော်ပင်ပန်းနေမှာပဲနော်” ဖုန်းမော်၏စကားသံကို ကြားတော့ ငြိမ်းငြိမ်းက ပါးချိုင့်လေးများပေါ်အောင် ပြုံးလိုက်သည်။ “ရပါတယ်အစ်ကိုရယ်၊မပန်းပါဘူး၊ငြိမ်းဖက်က အလုပ်ရှုပ်တယ်လို့ သဘောမထားပါဘူး” “အင်းလေ ဘယ်လိုပဲဖြစ်ဖြစ် ငြိမ်းငြိမ်းကို အစ်ကိုကျေးဇူးတင်ပါတယ်။ ကိ်ုယ်ဒုက္ခရောက်နေတဲ့အချိန် ကိုယိ့အနားနေပေးလို့လေ” “ရပါတယ် အစ်ကိုရယ်၊ငြိမ်းတို့က တနေ့ကျလက်ထပ်ရမယ့်သူတွေပဲဥစ္စာ အားနာစရာမလိုပါဘူး” “အင်းလေ ဟုတ်ပါတယ်၊ဒါနဲ့ ငြိမ်းမေမေကော လက်ထပ်ဖို့ကိစ္စဘာပြောသေးလဲ” “မေမေကတော့ အစ်ကို နေပြန်ကောင်းလာမှ စီစဉ်ကြတာပေါ့တဲ့။ ဒါနဲ့အစ်ကိုက ငြိမ်းကိုပဲ မေးနေ၊အစ်ကို့သဘောထားကိုကျမပြောဘူး” “ကိုယ့်သဘောထားကို ငြိမ်းတကယ်နားထောင်ချင်တာလား” ငြိမ်းငြိမ်းက ခပ်မြန်မြန် ခေါင်းလေးညိတ်ပြလိုက်ပြီး “နားထောင်ချင်တာပေါ့”ဟု ဖြေသည်။ ဖုန်းမော်ကငြိမ်း၏မျက်နှာလေးကို အားနာသလိုတချကိကြည့်လိုက်သည်။ “ကိုယ်အမှန်အတိုင်း ဝန်ခံလို့ စိတ်မဆိုးနဲ့နော်။ ကိုယ်ငြိမ်းကို အရင်ကတည်းက ကိုယ့်ညီမလေးအရင်းတယောက်လိုပဲ သဘောထားခဲ့တာပါ။အဲဒီအချက်က အခုချိန်ထိလည်း မပြောင်းလဲသေးဘူး။နောင်လည်း ပြောင်းလဲမယ်မထင်ဘူး။ ပန်းဖက်က ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ကတော့ သူ့ကို ဆက်ချစ်နေမှာပဲ။ ကိုယ်သူ့ကို စချစ်ကတည်းက တဘဝလုံးအတွက် ရည်ရွယ်ပြီးမှ ချစ်ခဲ့တာပါ။ သူ့နေရာမှာ တခြားတယောက်ကို အစားမထိုးဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူး။အဲဒီအတွက်လည်း ငြိမ်းကိုကိုယ်ကြိုပြီး တောင်းပန်ပါရစေ။” ငြိမ်းမျက်တောင်လေး ပုပ်ခတ်ပုပ်ခတ်ဖြစ်သွားသည်။ ကျဆင်းလာအံ့ဆဲဆဲ မျက်ရည်စများကို မနည်းထိန်းလိုက်ပြီး အသံကို မတုန်အောင်ထိန်းလိုက်ရသည်။ “တောင်းပန်စရာမလိုပါဘူးအစ်ကိုရယ် ။ အစ်ကို့ဖက်က အခုလိုပွင့်ပွင့်လင်းလင်းပြောတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်ပြီး အစ်ကို့ကိုလည်း စိတိမဆိုးပါဘူး။ စိတ်မဆိုးတဲ့အပြင် ပိုလေးစားမိတယ်။ တကယ်တော့ အစ်ကိုကမေတ္တာအကြင်နာတရား ကြီးမားတဲ့ ယောကျာ်းမြတ်တယောက်ပါ” ဖုန်းမော်ကတော့ ငြိမ်းငြိမ်း၏မျက်နှာလေးကို ကြည့်ပြီး အားနာနေမိသညိ။ တကယ်ဆို သူ့ဖကိက အဲလောကိကြီးဖွင့် ပြောခဲ့ဖို့မကောင်းဘူး။ ဘာပဲဖြစ်ဖြစ် ငြိမ်းငြိမ်းကိုတော့ သူသနားပါသည်။ “ကိုယ်တောင်းပန်ပါတယ်ကွာ၊တကယ်ဆိုကိုယိ့ဖက်က အဲလောက်ပွင့်ပွင့်လင်းလင်း မပြောသင့်ဘူးထင်တယ်” ငြိမ်းငြိမ်းက ခေါင်းခါလိုက်သည်။ “ဟင့်အင်း..တကယ် တောင်းပန်ရမှာ အစ်ကိုမဟုတ်ပါဘူး။ငြိမ်းက တောင်းပန်ရမှာ” ထူးထူးဆန်းဆန်းစကားကိုပြောလာသဖြင့် ဖုန်းမော်တယောက်နားရှုပ်သွားသည်။ “ဘာ…ဘယ်လို၊ငြိမ်းကတောင်းပန်ရမှာ ဟုတိလား၊ ဘာကို တောင်းပန်တာလဲ” ငြိမ်းငြိမ်းက သူ့မျက်နှာကို မကြည့်ဝံ့တော့သဖြင့် မျကိနှာလွဲလိုက်သည်။ ပြီးမှခေါင်းလေးငုံ့ရင်း တိုးတိုးပြောသည်။ “အစ်ကို့ကို အသညိးတခြမ်းလှုသွားတဲ့သူအကြောင်း အစ်ကိုဘာသိထားလဲ” ဖုနိးမော်က ခေါင်းခါရင်း ဖြေသည်။ “ဟငိ့အင်း၊မသိဘူးလေ၊ကိုယ့်ကျေးဇူးရှင်အကြောင်း ကိုယ်သိချင်တာပေါ့။ ဒါပေမယ့် အလှုရှင်က အားလုံးမသိအောင် တိတ်တိတ်လေး လှုသွားတာဆို၊ဒါနဲ့ ငြိမ်းငြိမ်းကကော သူ့အကြောင်း သိလို့လား” ငြိမ်းငြိမ်းက သက်ပြင်းရှည်ကြီးချ၍ ခေါင်းညိတ်ပြသည်။ “သိပါတယ်။ တကယ်တော့ သူ့ကို ညီမတင်မဟုတ်ဘူး၊ အစ်ကိုလည်းကောင်းကောင်းသိပါတယ်။ သိတာမှ ထဲထဲဝင်ဝင်ကိုသိတာ။ သူ့နာမည်က တခြားမဟုတ်ဘူး။ ပန်းတဲ့” ဖုန်းမော်တယောက် တုန်လှုပ်သွားသည်။ တစုံတခုကိုလညိး ရုတ်ခြည်းနားလည်လိုက်သည်။ဘုရား…ဘုရား….ငါ့ကိုအသည်းလှူခဲ့တာ ပန်းဆိုပဲ။ “ဒါ…ဒါဆို….” “ဟုတ်ပါတယ်။ အစိကို့ကို အသည်းလှုသွားတာ အစ်ကိုမြတ်မြတ်နိုးနိုးချစ်ရပါတယ်ဆိုတဲ့ နှင်းပန်းအိမ်ပါပဲ။တကယ်တော့ဒီအကြောင်းတွေ ဖွင့်မပြောဖို့ ကာယကံရှင် ကိုယ်တိုင်က မှာခဲ့လို့ ညီမတို့ မပြောခဲ့ရတာပါ။ အစ်ကိုဆေးရုံစရောက်တဲ့နေ့ကတည်းက သူဆေးရုံထိ လိုက်လာပါတယ်။ အစ်ကို့အခြေအနေအရ အရေးပေါ် အသည်းတခြမ်း လိုနေပြီဆိုတာလည်း သိရော သူ့အသည်းတခြမ်းကို လှူပါရစေဆိုပြီး ခွငိ့ပန်တယ်လေ။ ဆရာကြီးက နှစ်ယောက်လုံး အသက်အန္တရာယ်ရှိတယ်လို့ပြောတာတောင် သူ့ဖက်က တချက်မှ အပြုံးမပျက်ခဲ့ဘူး။ အသက်နှစ်ချောင်းမှာ အစ်ကို့အသက်တချောင်းကယ်တင်လို့ရရင်ပဲ သူကျေနပ်ပါပြီတဲ့” ဖုန်းမော်တယောက် စိတ်ထိခိုက်လွန်းသဖြင့် မေ့မြောလုမတတ်ခံစားလိုက်ရသည်။ မေတ္တာတရားကြီးမားလွန်းသော..ပန်း၊ချစိစရာကောင်းလွန်းသည့်..ပန်း၊သူများအတွက် စွန့်လွှတ်အနစ်နာခံတတ်တဲ့..ပန်း။ “ပန်းရယ်…မင်းဘာလို့ အဲလိုလုပ်ရတာလဲကွာ။တကယ်ဆို မင်းဖက်က အဲဒီလောက်ထိ ပေးဆပ်ဖို့ တန်လို့လားကွာ၊ငါအခု ဘာဆက်လုပ်ရမှာလဲ၊ငါဘာလုပ်ရတော့မှာလဲကွာ” မျက်ရည်တွေဝဲ တယောက်တည်း တမ်းတ ကြေကွဲနေသော ဖုန်းမော်ကို ငြိမ်းငြိမ်းက စာနာသနားစွာ ကြည့်နေမိသည်။တကယ်ဆို သူကိုယ်တိုင်တောင် ပန်းကို ချစ်ခင်သနားမိခဲ့သည်မဟုတ်လား။ ကာယကံရှင်ဖြစ်တဲ့ ဖုန်းမော်တယောက် ဘယ်လောက်ခံစားရမလဲ နားလည်ပါသည်။ “ငြိမ်းလေ. အဲဒီအကြောင်းတွေ အစကတညိးက ဖွငိ့ပြောမလို့ပါ။ အစ်ကိုနေမကောင်းသေးတာရော ပန်းကိုယ်တိုင်က ဘယ်သူ့ကိုမှ ဖွင့်မပြောပါနဲ့ မှာသွားလို့ လှို့ဝှက်ထားခဲ့ရတာပါ။ အခုတခါ အစ်ကိုရဲ့ သဘောထားကို သိလိုက်တော့ ငြိမ်းဘယ်လိုမှ ဖုံးကွယ်မထားရက်တော့ဘူး။ ကိုယ့်ကိုကိုယ်လည်း စိတ်မလုံတော့ဘူး။ ဒါ့ကြောင့် အဖြစ်မှန်ကိုပြောဖို့ ဆုံးဖြတ်လိုက်တာပါ။ ပန်းကသွားခါနီး ပြောသွားသေးတယ် သိလား။ ဒီအကြောင်းတွေ အစ်ကိုသိသွားရင် စိတ်ဆင်းရဲရလိမ့်မယ်။ နောက်ပြီး ငြိမ်းတို့ မင်္ဂလာဆောင်လည်း ပြတ်သွားလိမ့်မယ်။ဒါ့ကြောင့် ဘယ်သူ့ကိုမှ မပြောဘဲ အဝေးကို ထွက်သွားလိုက်ပါ့မယ်တဲ့။ တကယ်က စာထဲမှာ ရေးထားသလို စည်သူမင်းမောင်နဲ့ ဘာမှမဖြစ်ပါဘူး။ အစ်ကိုလိုက်လာမှာစိုးလို့ တမင် စာတစောင်ရေးပေးပြီး ရှောင်ထွက်သွားခဲ့တာပါ၊ အခုချိန်ဆို သူလည်း တယောက်တည်းနေရှာမှာပေါ့၊ တကယ်တော့ ပန်းက အရမ်းသနားဖို့ကောင်းတဲ့ မိန်းကလေးတယောက်ပါ အစ်ကိုရယ်” စကားကြားလိုက်တော့ ဖုန်းမော်တယောက် အူအသည်းတွေ အပိုင်းပိုင်းကြွေပျက်မတတ် နင့်နင့်သီးသီးခံစားလိုက်ရသည်။ မေတ္တာတရားကြီးမားလွန်းသော ပန်းမျက်နှာလေးကို မြင်ယောင်လာပြီး မျက်ရည်တွေစီးကျလာသည်။ “ဘာတဲ့။ ဒီအကြောင်းတွေ အစ်ကိုသိသွားရင် စိတ်ဆင်းရဲရလိမ့်မယ်။ နောက်ပြီး ငြိမ်းတို့ မင်္ဂလာဆောင်လည်းပြတ်သွားလိမ့်မယ်။ဒါ့ကြောင့် ဘယ်သူ့ကိုမှ မပြောဘဲ အဝေးကို ထွက်သွားလိုက်ပါ့မယ်။” ဟုတ်လား။ မင်းအဲလိုပြောခဲ့တယ်ပေါ့ ဟုတ်လား.. ကလေး။ တကယ်ဆို မင်းဖက်က အဲလောက်ထိ မစွန့်စားခဲ့သင့်ဘူး။ နောက်ပြီး မင်းအတွက်လည်း မင်းနည်းနည်းတော့ ပြန်ကြည့်သင့်ပါတယ်ကွာ။ အခု ငါ ဘာဆက်လုပ်ရမှာလဲ။ဘာလုပ်မှာလဲ။ “ဒါပေမယ့် မင်းစိတ်ချပါ ပန်း။ မင်းကိုကိုယ် တွေ့အောင်ရှာပြမယ်။ မိုးကုတ်စက်ဝိုင်း ဆုံးပါစေ။ မင်းကိုကိုယ်တွေ့အောင် ရှာမယ်လို့ ကတိပေးပါတယ် ပနိးရယ်” ငြိမ်းငြိမ်းကတော့ ခံစားချက်ကြောင့် မျက်နှာအမူအရာအမျိုးမျိုးပြောင်းနေသော ဖုန်းမော်ကို အနှောက်အယှက်မပေးပဲ ကြည့်နေသည်။ တအောင့်လောက်နေမှ စကားစလိုက်သည်။ “အစ်ကို ပန်းနောက်ကို လိုက်သွားချင်လို့လား။ အစ်ကိုလိုက်သွားချင်ရင် ငြိမ်းလိုက်ပို့ပေးပါ့မယ်။ သူသွားတဲ့နေရာကိုလည်း ငြိမ်းစုံစမ်းထားပြီးပြီ။နောက်တပတ် အစ်ကို ဆေးရုံကဆင်းရင် ငြိမ်းလိုက်ပို့ပေးပါ့မယ်” မထင်မှတ်သော စကားကို ကြားလိုကိရသဖြင့် ဖုန်းမော်မျက်နှာ ဝင်းပသွားသည်။ငြိမ်းလက်ကလေးကို ဆုပ်ကိုင်ရင်း တုန်တုန်ယင်ယင်မေးလိုက်သည်။ “တကယ်ပြောတာနော်ငြိမ်း၊တကယ်ပြာတာနော်။ ဝမ်းသာလိုက်တာကွာ၊ဝမ်းသာလိုက်တာ။ငြိမ်းကို ကိုယ်ဘယ်လိုကျေးဇူးတင်ရမှန်း မသ်တော့ဘူး၊အရမ်းကျေးဇူးတင်ပါတယ်ကွာ။တကယ်ပါ” သူ့လက်ကလေးကို ဆုပ်ကိုင်လိုက်ပြီး ကလေးတယောက်လို ဝမ်းသာကြည်နူးစွာ ပြောနေသော ဖုန်းမော်၏မျက်နှာလေးကို ဆို့နင့်စွာ ငေးကြည့်နေမိသည်။ တကယ်ဆိုသူလည်း ဖုန်းမော်နှင့် ထပ်တူထပ်မျှ ခံစားရပါသည်။ ချစ်သူဆိုတာ ကိုယ်ချစ်ရသူအတွက် ပျော်ရွှင်မှုတွေ၊အနာဂတ်တွေ အမြဲ ဆောင်ကြဉ်းပေးဖို့လိုအပ်တယ်ဆိုတာ သူ လေးလေးနက်နက် ယုံကြည်လက်ခံထားပြီ မဟုတ်လား…… အပိုင်း(၁၄) ဇာတ်သိမ်းပိုင်း ဆက်ရန်… https://drayeminhtoo.com/taw-win-pann-14/ Author – […]
တော်ဝင်ပန်းသို့… (အပိုင်း ၁၂) (၂၄) ခွဲစိတ်တဲ့အနာက အတော်သက်သာနေပြီ။ အခုတော့ အရည်သာမက အဖတ်ပျော့ စားနိုင်နေပြီး စကားပါကောင်းကောင်းပြောနိုင်နေပြီ။ ဒီရက်ပိုင်း ငြိမ်းငြိမ်းကတော့ သူ့ဘေးမှာနေပြီး မညည်းမညူ ပြုစုပေးရှာသည်။တခါတရံသူ့ကိုတောင် အားနာရသည်။ မေမေကတော့ သူတို့နှစ်ယောက်ကိုကြည့်ရင်း ဝမ်သာနေဟန်တူသည်။ ဒါပေမယ့် ဖုန်းမော်ဖက်ကတော့ ဝမ်းမသာနိုင်သေးပါ။ အခုချိန်ထိ သူသိချင်တာတွေဘာမှ ရေရေရာရာမသိရသေး။ အသည်းအလှူရှင်အကြောင်း မေးတော့လည်း သူတို့မသိပါဟု ငြင်းနေကြသည်။ တချို့အသည်းအလှူရှင်တွေက ဘာမျှော်ကိုးချက်မှ မပါဘဲ အသည်းလှူလေ့ရှိတာ သူသိပါသည်။ နာမည်လိပ်စာကအစ ဘာမှမပြောဘဲစေတနာသန့်သန့်လှုကြသည်မို့ ထားတော့။ ဒါဆို ပန်းကျတော့ကော။ သူဆေးရုံနေတဲ့ရက်တွေအတွင်း ဘာ့ကြောင့်ရောက်မလာတာလဲ။ ဒီအကြောင်းမေးတိုင်းမေမေ့မျက်နှာ ပျက်သွားသည်။ စိတ်မကောင်းသလို ငိုင်သွားတတ်တာ သတိပြုမိသည်။ ဒီနေ့လည်း သိချင်စိတ်ကိုမမြိုသိပ်နိုင်ဘဲ ထပ်မေးမိသည်။ မေမေကလည်း ထုံးစံအတိုင်း ပြန်ဖြေသည်။ “သားရယ်၊လောလောဆယ်အရင် အနားယူပါဦးကွယ်၊သားက အခုမှနေကောင်းစရှိသေးတာ မဟုတ်လား၊စိတ်ရှုပ်စရာတွေ ဘာမှမတွေးပါနဲ့ဦးကွယ်” “မဟုတ်သေးဘူးမေမေ၊ပန်းဘယ်ရောက်နေတာလဲ သားသိချင်တယ်။နောက်ပြီး ပန်းကိုသားတွေ့ချင်တယ်။သူ့ကိုပြောစရာစကားတွေ အများကြီးရှိတယ်။သားသတိလစ်နေတဲ့အချိန် သူမလာဘူးလား မေမေ” မေမေ့မျက်နှာထပ်ပျက်သွားပြန်သည်။ မလုံမလဲနှင့် ဘေးမှာထိုင်နေသော ငြိမ်းငြိမ်းကို ကြည့်လိုက်တော့ ငြိမ်းငြိမ်းက ခေါင်းငုံ့သွားသည်။ “သူမလာဘူးအစ်ကို၊ဒါပေမယ့် အစ်ကို့အတွက် လူကြုံနဲ့စာပေးခိုင်းလိုက်တယ်၊ရော့ ဒီမှာ” ငြိမ်းငြိမ်းက သူ့လက်ကိုင်အိတ်လေးထဲမှ စာတစောင်ကို ယူပြီး ဖုန်းမော်လက်ထဲထည့်ပေးလိုက်သည်။ဖုန်းမော်ကကမန်းကတန်းဖွင့်ဖတ်ကြည့်လိုက်သည်။ “အစ်ကို ပန်းတို့နှစ်ယောက်ချစ်ခဲ့ကြတာ အတိတ်မှာပဲ ထားလိုက်ရအောင်၊ညီမကိုလည်း လိုက်မရှာပါနဲ့တော့။ ညီမအခု စည်သူမင်းမောင်ရဲ့အချစ်ကို လက်ခံလိုက်ပြီ။ အဲဒီအတွက် အစ်ကို့ကို တောင်းပန်ပါတယ်။ အစ်ကိုလည်း အိမ်ကသဘောတူတဲ့ မငြိမ်းငြိမ်းနဲ့ လက်ထပ်လိုက်ပါ။ အစ်ကိုတို့ နှစ်ယောက် သာယာတဲ့ဘဝလေးထူထောင်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။ အရာအားလုံးအတွက် ပန်းတောင်းပန်ပါတယ်” အောက်တွင် ပန်းဟု လက်မှတ်ထိုးထားသည်။ လက်ရေးကတော့ ပန်းလက်ရေးအစစ်ပါ။ ဒါပေမယ့် သူကတော့ မယုံကြည်နိုင်သေး။ “မဖြစ်နိုင်ဘူး၊ လုံးဝမဖြစ်နိုင်ဘူး။ ပန်းက အဲလိုလုပ်မှာမဟုတ်ဘူး မေမေ။ နောက်ပြီး စည်သူမင်းမောင်ကိုလည်းလက်ခံမှာ မဟုတ်ဘူးဆိုတာ သားသိနေတယ်၊ဘယ်လိုတွေဖြစ်ကုန်တာလဲဗျာ၊သားကို ပြောပါဦး၊ပြောပါဦး မေမေရယ်” တုန်လှုပ်ခြောက်ခြားစွာ အော်ဟစ်ငိုကြွေးနေသော ဖုန်းမော်ကို ကြည့်ရင်း မေမေက စိတ်မကောင်းဖြစ်လာသည်။ “ဒီစာကို သားဆေးရုံရောက်ကတည်းက ပေးသွားတာပဲ။ သားစိတ်မကောင်းဖြစ်မှာ စိုးလို့ မေမေတို့ ဘာမှမပြောဘဲရေငုံနှုတ်ပိတ်နေခဲ့တာ။ ဒီစာထဲက လက်ရေးဟာ သူ့လက်ရေးကို သားလည်း သိမှာပါ။ တကယ်ဆို သူ့ဖက်ကတောင် ပြတ်သားနိုင်သေးတာပဲ။ ယောကျာ်းလေးဖြစ်တဲ့သားက ဘာလို့မပြတ်သားနိုင်ရတာလဲကွယ်။ သူ့ဖက်ကနှစ်ဦးနှစ်ဖက်လုံး အဆင်ပြေတဲ့လမ်းကို ရွေးချယ်သွားတာပါ သားရယ်” ဖုန်းမော်က မေမေ့စကားကို လက်ခံနိုင်သေးဟန်မတူပါ။ ခေါင်းကိုသာ တွင်တွင်ခါရမ်းနေသညိ။ “မဟုတ်ဘူး၊မဟုတ်ဘူး၊သူအဲလိုလုပ်မှာ မဟုတ်ဘူး။ တခုခုတော့ မှားနေပါပြီဗျာ” “ကဲပါသားရယ်။ လောလောဆယ် သား နေကောင်းအောင်နေပါ။ စိတ်ဆင်းရဲစရာတွေ ဘာမှမတွေးနဲ့။ သားလည်းအရမ်းပင်ပန်းနေပြီ။ ကျန်တဲ့ကိစ္စကို သားနေကောင်းလာမှ ဆက်စဉ်းစားကြတာပေါ့ကွယ် နော်” မေမေက ခေါင်းလေးကို အသာအယာဖွဖွလေးကိုင်လိုက်ပြီး နှစ်သိမ့်လိုက်သည်။ ဖုန်းမော်၏မျက်လုံးမှာ မျက်ရည်တွေဝိုင်းလာသည်။ထို့နောက် အံကိုတင်းတင်းကြိတ်ထားသည်။ ငြိမ်းငြိမ်းကတော့ သားအမိနှစ်ယောက်ကို ကြည့်ပြီး စိတ်မကောင်းဖြစ်လာမိသည်။ အန်တီ့ကို ကြည့်လိုက်ပြန်တော့သူ့မျက်လုံးတွင်လည်း မျက်ရည်တွေနှင့်။ သူလည်း သူ့သားအတွက် စိတ်မကောင်း ဖြစ်ရှာမှာပေါ့လေ။ ဒါဆိုနှင်းပန်းအိမ်ရော… သူ့မှာရော အားပေးနှစ်သိမ့်သူရှိရဲ့လား။ အခုချိန်ဆို သူ တယောက်တည်း ဘယ်လိုနေရှာမလဲ…. အပိုင်း (၁၃) ဆက်ရန်… https://drayeminhtoo.com/taw-win-pann-13/ Author – Dr. Aye Min Htoo Genre – Novella
တော်ဝင်ပန်းသို့… (အပိုင်း၁၁) (၂၀) ပတ်ဝန်းကျင်တခုလုံး မှောင်ပိန်းကျနေသည်။ တချက်တချက် အသံတွေကြားရသည်ဟုတော့ ထင်မိသည်။အိမ်မက်လားဘာလားမသိ။ ကုတင်ဘေးတွင် ခွဲစိတ် မျက်နှာဖုံး စွပ်ထားသော လူကြီးတယောက်က သူ့ကိုလက်ညှိုးထိုးပြီး တစုံတခုပြောနေသည်။ ဘေးတွင် ခေါင်းတညိတ်ညိတ်နှင့် နားထောင်သူတယောက်ရှိပေမယ့် ပုံစံကို သဲသဲကွဲကွဲမမြင်ရပါ။ ခဏနေတော့ “သမီးလက်ခံပါတယ်ဆရာ”ဟူသော အသံကို ဝိုးတဝါးကြားလိုက်ရသည်။ ဒီအသံလေးကို ငါကြားဖူးပါတယ်။ ဘယ်မှာ ကြားဖူးပါလိမ့်။ ရုတ်တရက် ခေါင်းထဲတွင် ချစ်စရာကောင်းသည့် မိန်းကလေးတယောက်၏ပုံလွှာက လှစ်ခနဲထင်လာသည်။ “ပန်း….” (၂၁) ခေါင်းတခုလုံး ကိုက်ခဲနေပြီး ချွေးတွေစိုရွှဲနေသည်။ သတိက ရတချက်၊မရတချက်ဖြစ်နေသည်။ နားထဲတွင်စကားပြောသံတွေက တချက်တချက် ဝင်လာသည်။ တိုးသွားလိုက် ကျယ်သွားလိုက်။ “သွေးအဆင်သင့်လုပ်ထား၊နှလုံးခုန်နှေးလာပြီ” “အက်ဒရီနယ်လင် ပြင်ထားတော့ဟေ့” “တော်ပြီ။ လိုင်းချလိုက်တော့” “ရပြီ အခြေအနေကောင်းတယ်။ ကဲ..ဆရာမ သူ့ကိုဆေးထိုးပေးလိုက်တော့” ထိုအသံကိုနောက်ဆုံးကြားလိုက်ရပြီး မကြာမှီပတ်ဝန်းကျင်တခုလုံး အမှောင်တိုက်ကျသွားသည်။ (၂၃) မည်မျှကြာအောင် သတိလစ်နေမှန်းမသိ။ မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်တော့ အသိတရားတခုက ခေါင်းထဲဝင်လာသည်။ ဟင်….ငါ မသေသေးဘူးပဲ။ သူမျက်လုံး ဖွင့်လာတာ မြင်သည်နှင့် တပြိုင်နက် အားလုံးလှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ “သားလေး သတိရပြီလား၊ မေမေ့ကို မှတ်မိရဲ့လားသားရယ်” “ကိုဖုန်းမော် သတိရလာပြီလား” စိုးရိမ်တကြီး လှမ်းမေးနေသော မေမေ့မျက်နှာကို အရင် မြင်လိုက်ရသည်။ ပြီးတော့ ဖေဖေရယ်၊ငြိမ်းငြိမ်းရယ်၊ငြိမ်းငြိမ်းမေမေနှင့် တင်ထွတ်ကိုပါ အစဉ်လိုက် မြင်လိုက်ရသည်။ တင်ထွတ်ကတော့ ခြေထောက်တဖက်ကျိုးသွားဟန်တူသည်။ ကျောက်ပတ်တီးကိုင်ထားရပေမယ့် မျက်နှာကတော့ ခပ်ပြုံးပြုံးပင်။ ဘေးတွင် ဂျိုင်းထောက်တခုထောင်ထားသည်။ အားလုံးက သူ့ကို စိုးရိမ်သော မျက်လုံးများဖြင့် ကြည့်နေပေမယ့် သူတွေ့ချင်နေတဲ့ မျက်ဝန်းတစုံကတော့ ရှိမနေခဲ့ပါချေ။ “သားလေးသတိရပြီလား။ မေမေ့ကို တခုခုပြောဦးလေ” စိတ်ပူနေသော မေမေ၏အသံကို ကြားလိုက်ရသဖြင့် ဖုန်းမော်က အသာခေါင်းညိတ်ပြလိုက်သည်။ ပူ၍ခြောက်ကပ်နေသော ပါးစပ်ကို မနည်းအားယူဖွင့်လိုက်သည်။ “ရေ…ရေ” သူရေဆာနေမှနိးသိသဖြင့် ငြိမ်းငြိမ်းက အလိုက်သတိ ရေကို အာဆွတ်ပေးသည်။ ရေတိုက်ရင်းဒေါက်တာဖုန်းမော်မျက်နှာလေးကို ကြည့်လိုက်တော့ ရင်ထဲစို့နင့်သွားမိသည်။ တချိန်က အစဉ်တောက်ပခဲ့သော ဒေါက်တာ ဖုန်းမော်၏မျက်လုံးများက အခုတော့ အရောင်အဆင်းကင်းမဲ့နေရှာသည်။ နှုတ်ခမ်းကစ ဖြူဖတ်ဖြူရော် ဖြစ်နေသည်။ ခွဲစိတ်ပြီးကာစမို့ အလွန်အားနည်းနေဟန်တူသည်။ ထိုအချိန် လူနာခန်းထဲသို့ လူတသိုက်ဝင်လာသည်။ရှေ့ဆုံးမှ ဦးဆောင်ဝင်လာသော ဆရာကြီးက သူတို့ကို ပြုံးချိုသောမျက်နှာနှင့် ဆီး၍မေးသည်။ “ဘယ်လိုလဲ၊လူနာသတိရလာပြီလား” “အခုလေးတင်သတိရလာတာပါ ဆရာကြီး” ဖေဖေက ကမန်းကတန်းထ၍ ဖြေသည်။ ဆရာကြီးက ခေါင်းတဆတ်ဆတ် ညိတ်၍ “လူနာသတိမြန်မြန်ရလာပြီဆိုတော့ ကောင်းတဲ့အခြေအနေပဲ၊ခွဲစိတ်မှုအောင်မြင်တယ် ပြောရမယ်။ တကယ်က ဒီလိုရုတ်တရက်ဖြစ်တဲ့ လူနာမျိုးအသည်းအစားထိုးရင် အောင်မြင်မှုနည်းတယ်။ ဒီလူနာကတော့ အလွန်ကံကောင်းတယ်ပြောရမှာပဲ။ အသည်းအစားထိုးဖို့ လိုတဲ့အချိန်မှာ အသည်းလှူမဲ့သူရှိတာကိုက ကံကောင်းလွန်းလို့ဗျ။လူတရာမှာတယောက်တောင် မဖြစ်နိုင်ဘူး၊ပိုကံကောင်းတာက လှူမယ့်သူနဲ့ အမျိုးအစားသွားတူနေတာ။ ဒါတော့ လူနာရဲ့ ရှေးကုသိုလ်ကံလို့ ပြောရမှာပေါ့။ အခု လူနာလည်း သတိ ရလာပြီဆိုတော့ သိပ်မစိုးရိမ်နဲ့တော့။ လောလောဆယ် သူ့ကို ဘာစကားမှ မပြောစေချင်သေးဘူး။ သူကောင်းကောင်း နားပါစေဗျာ” ဘုရားရေ…ငါအသည်းအစားထိုးထားတယ် ဆိုပါလား။ ဆရာကြီးပြောမှ ဒေါက်တာ ဖုန်းမော်တယောက် အခြေအနေအရပ်ရပ်ကို နားလည်သွားသည်။ အမှန်တော့ အမြန်လမ်းမှာ ကားမှောက်ပြီး ဆေးရုံရောက်လာပြီးနောက်ပိုင်း ဘာကိုမှမသိတော့။ သူ့ဘာသာ သေလူဟုသာသဘောထားခဲ့သည်။ ဆရာကြီးပြောတဲ့အတိုင်းဆိုရင် ဆေးရုံပေါ်ရောက်ပြီး အရေးပေါ် အသည်းအစားထိုးကုသခံခဲ့ရသည်။ သူက ကံကောင်းသဖြင့် ကုသမှုအောင်မြင်သွားသည်။ ဖြစ်စဉ်က ဒါပဲ။ ဒါပေမယ့် မေးစရာရှိတာကအသည်း အစားထိုးထားရတယ်ဆိုရင် အသည်းလှူတဲ့ အလှူရှင်ရှိရမှာပေါ့။ ဒါဆို အဲဒီအသည်းအလှူရှင်ကော…….. သူဘယ်သူလဲ…….ဘယ်မှာလဲ….. အပိုင်း (၁၂) ဆက်ရန်… https://drayeminhtoo.com/taw-win-pann-12/ Author – Dr. Aye Min Htoo Genre – Novella