Open 9:00-12:00 AM
+95 92051590

Category Archive : Infectious diseases

Trichomycosis axillaris ချိုင်းမွှေးပိုးဝင်ခြင်း

ခြေဖဝါး ကျောက်ပေါက်ခွက် ခြေဖဝါးကျောက်ပေါက်ခွက် (Pitted keratolysis)ဟာ ခြေဖဝါးပေါ်မှာ ကျောက်ပေါက်ပုံစံ အခွက်တွေ အကွက်လိုက်ဖြစ်တာကို ခေါ်ပါတယ်။ ခြေဖဝါး အပေါ်ယံ ဘက်တီးရီးယား ပိုးဝင်ခြင်းကြောင့်ဖြစ်ပေါ်လာပြီး ခြေဖဝါးကအနံ့ဆိုးတွေ ထွက်ပေါ်လာပါတယ်။ အထူးသဖြင့် ဒီရောဂါဟာ အစိုဓာတ်များတဲ့နေရာတွေမှာပေါက်ဖွားတဲ့corynebacteria နဲ့ Kytococcus ဗက်တီးရီးယားပိုးတွေကြောင့် အဓိကဖြစ်စေတယ်။ ဒါ့ပြင် Actinomyces, Streptomyces နဲ့ Dermatophilus ပိုးတွေကြောင့်လည်း ဖြစ်တတ်တယ်။ ဘာ့ကြောင့် ကျောက်ပေါက်ခွက်ဖြစ်လဲ ဗက်တီးရီးယားပိုးကထုတ်တဲ့ protease အင်ဇိုင်းက အရေပြားအပေါ်ဆုံးဆဲလ်လွှာ (stratum corneum)ကိုဖျက်ဆီးပစ်လိုက်လို့ ဖြစ်တယ်။ တခါတရံ ဗက်တီးရီးယားကထွက်တဲ့ ဆာလဖာဓာတ် (sulfides, thiols, thioesters)တွေကြောင့် အနံ့လည်းပျင်းတတ်တတ်တယ်။  လက္ခဏာရပ်များ ခြေဖဝါးကျောက်ပေါက်ခွက်ဟာ များသောအားဖြင့် ခြေဖဝါး၊ ခြေဖနောင့် စတဲ့နေရာတွေမှာ အဖြစ်များတယ်။လက်ဖဝါးမှာ အဖြစ်နည်းတယ်။ အပေါက်တွေများလာတာနဲ့အမျှ တဖြည်းဖြည်းစုစည်းမိပြီး တွင်းချိုင့်ခွက်တွေကပိုကျယ်လာတယ်။ တွင်းချိုင့် အတွင်းမျက်နှာပြင်က ဖြူတာ (သို့) ရဲတာ ရှိတယ်။ အထူးသဖြင့် ခြေဖဝါး စိုစွတ်တဲ့အခါ အသွင်အပြင်က ပိုသိသာတယ်။တချို့လူနာတွေမှာ ခြေဖဝါးတပြင်လုံး ဖြူတာမျိုးရှိတယ်။ တချို့လူနာတွေမှာ လမ်းလျှောက်တဲ့အခါ အနံ့အသက်ဆိုးထွက်ခြင်း၊ နာကျင်ခြင်း၊ ယားယံခြင်းကို ခံစားရတတ်တယ်။  ခြေဖဝါးတွင်းခွက်တွေဟာ အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ပိုအဖြစ်များပါတယ်။ ခြေဖဝါး စိုစွတ်မှုများတဲ့ အဝတ်လျှော်သူ၊ ရေပိုက်ပြင်သူ၊ လယ်သမား၊ တံငါသည်နဲ့ အားကစားသမားတွေမှာ အတွေ့များတယ်။ခြေဖဝါးလက်ဖဝါး ချွေးထွက်များသူ၊ ခြေပိတ်ဘွတ်ဖိနပ်အစီးများသူတွေမှာ ပိုတွေ့ရတယ်။ ပုံမှန်အားဖြင့်ဆရာဝန်တွေဟာ မြင်ရုံနဲ့ ရောဂါကို ခန့်မှန်းနိုင်တယ်။ အရေပြားဆရာဝန်တွေသုံးတဲ့ အလင်းရောင်မှန်ပြောင်း(Wood’s lamp)နဲ့ စမ်းသပ်ကြည့်ရင် လိမ္မော်ရောင် (သို့) ပန်းရောင်ကို တွေ့ရှိနိုင်တယ်။ ကုသနည်း ခြေဖဝါး ကျောက်ပေါက်ခွက်တွေကို လိမ်းဆေး (သို့) သောက်ဆေးတွေနဲ့ ပျောက်ကင်းအောင် ကုသနိုင်တယ်။ပိုးသတ်ဆေးတွေထဲမှာ roxythromycin, erythromycin, clindamycin, fusidic acid, mupirocin, benzoyl peroxide စတဲ့ဆေးတွေသုံးရတတ်တယ်။ ပိုးသတ်ဆေးရည်ကို အောက်ကခံလိမ်းပြီး အပေါ်က လိမ်းဆေးတစ်ထပ်အုပ်ရင် ပျောက်တာပိုမြန်တယ်။ တခါတရံ antiseptic ပိုးသတ်ဆေးဆပ်ပြာတွေပေးဖို့လည်း လိုအပ်တယ်။ပြန်မဖြစ်အောင် ဆက်လက်ကုသချင်ရင် ချွေးထွက်များခြင်းကိုကာကွယ်ပေးနိုင်တဲ့ aluminium chloride 20% ဆေးရည် (သို့မဟုတ်) ပိုးသတ်ဆေးမှုန့် တစ်မျိုးမျိုး လိမ်းပေးရတတ်တယ်။ ချွေးနံ့သိပ်ဆိုးတဲ့လူနာတွေမှာ ဘိုတောက်ထိုးဆေး(Botox injection) ထိုးနိုင်တယ်။ သဘာဝ ကျောက်ချဉ်ကိုလည်း လိုအပ်သလို သုံးနိုင်ပါသေးတယ်။   အကြံပြုချက် ခြေဖဝါးကို အမြဲခြောက်သွေ့အောင် ထားပါ။ ချွေးစုပ်ယူမှုအားကောင်းတဲ့ ချည်ထည် ခြေအိတ်မျိုးကိုသာဝတ်ဆင်ပါ။ ခြေအိတ်တွေ လဲလှယ်တဲ့အခါ နှစ်ရက်ဝတ်၊ နှစ်ရက်လျှော်နည်းကို သုံးပါ။ ခြေပိတ် ဘွတ်ဖိနပ်နေရာမှာ ညှပ်ဖိနပ်၊ ရှေ့ထိုးဖိနပ်တွေကို အဓိကဝတ်ဆင်သင့်တယ်။ ခြေဖဝါးအနံ့ဆိုးသူအတွက် အနံ့ပျောက်ဆေးတစ်မျိုးမျိုးကို တစ်ပတ်လျှင် နှစ်ကြိမ် လိမ်းပေးသင့်တယ်။ ဒါ့ပြင် ချွေးထွက်များစေတဲ့ အပူအစပ်၊အငန်နဲ့ နို့ထွက်ပစ္စည်းတွေကို ရှောင်ကြဉ်သင့်တယ်။ ဒေါက်တာအေးမင်းထူး အရေပြားအထူးကု ဆရာဝန် If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment. အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။

18 Nov, 2021 | No Comments

Tinea capitis

Tinea capitis ဒက်ပေါက်ခြင်း

အဖြစ်များတဲ့ ပွေးယားနာ  ပွေးယားနာဟာ microsporum, epidermophyton, trichophyton အစရှိတဲ့ မှိုပိုးတွေကြောင့် ဖြစ်ပါတယ်။  မှိုပိုးတွေက သေဆုံးခြောက်ကပ်နေတဲ့ လူ့အရေပြားဆဲလ်သေတွေပေါ်မှာ ရှင်သန်နေထိုင်တတ်ကြတယ်။ ယခင်ကသန်ကောင် (worm)ကြောင့်ဖြစ်တယ် ထင်ခဲ့တဲ့အတွက် ringwormဆိုပြီး ယနေ့ထက်တိုင် အမည်တွင်နေခဲ့တာ ဖြစ်ပါတယ်။ ဆေးပညာအခေါ်အဝေါ်အရ tineaလို့ ခေါ်ပါတယ်။ Tinea ဆိုတာ လင်တင်အဓိပ္ပါယ်ဖြစ်ပြီး “အစဉ်ရှင်သန် ကြီးထွားနေသော ပိုးကောင်”လို့ အဓိပ္ပါယ်ရတယ်။ ဒါ့ကြောင့် Tineaဆိုတာ ရောဂါပိုးကို ဆိုလိုတာ မဟုတ်ဘဲ ringwormရဲ့ အမည်ကွဲတစ်ခုသာဖြစ်တယ်။ ကူးစက်ခြင်း ပွေးယားနာဟာ ရောဂါရှိသူရဲ့ အသားအရေနဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံရာမှ ကူးစက်တတ်ပါတယ်။ အဝတ်အစား၊လူ့အသုံးအဆောင် မျှဝေသုံးစွဲခြင်း (ဘီး၊လက်ကိုင်ပဝါ) ကနေ ကူးစက်တတ်တယ်။ ခုခံအားကျဆင်းနေသူ၊အိပ်ရေးပျက်သူ၊ စိတ်ဓာတ်အလွန်အမင်း ကျဆင်းတတ်သူတွေမှာ အဖြစ်များပါတယ်။ ခြေအိတ်တမျိုးထဲကိုလဲလှယ်ခြင်းမရှိဘဲ အချိန်ကြာသုံးစွဲတတ်သူတွေမှာဖြစ်တယ်။ ရေကူးကန်တွေကတဆင့်လည်း ကူးစက်နိုင်ပါတယ်။ ခွေး၊ ကြောင် အစရှိတဲ့ အိမ်မွေးတိရိစ္ဆာန်တွေကတဆင့် ကူးစက်တတ်ပြန်တယ်။ လက္ခဏာရပ်များ ပွေးယားနာဖြစ်ရင် သိပ်သိသာတယ်။ ခန္ဓာကိုယ်မှာ အနီရောင် ကွင်းဝိုင်းငယ်လေးတွေ အဆုပ်လိုက်၊ အကွက်လိုက်ဖြစ်တတ်တယ်။ ခလယ်မှာတော့ ဘေးထက် အရောင်ဖျော့နေတတ်ပြီး အပြင်ဖက် အနီကွင်းဝိုင်းလေးက သာမန်ထက် ဖောင်းကြွနေတတ်တယ်။ ခန္ဓာကိုယ်ပေါ် လက်စွပ်အနီကွင်းတခု တင်ထားတာနဲ့ ပုံစံတူတယ်။ အနီကွင်းဟာအလွန်ယားယံတဲ့အတွက် ကုတ်ခြစ်မိတတ်ကြတယ်။ ဒီလိုကုတ်လိုက်မှပဲ အယားပြေပြီး နေသာထိုင်သာရှိတယ်။  ပွေးသဘောက ကုတ်လေ ယားလေ၊ ကုတ်လေ ပြန့်လေဘဲ။ ကုတ်မိတဲ့အခါ လက်သည်းကြားထဲပိုးဝင်ပြီး တခြားနေရာကုတ်မိတဲ့အခါ ပိုးကပြန့်ပြီး တဖြည်းဖြည်း ပွားလာတယ်။ အကုတ်လွန်တဲ့အခါ အရေခွံလန်ရင် အဖြူဖတ်လေးတွေ တွေ့ရတတ်ပါတယ်။ တဖြည်းဖြည်းနဲ့ အရေပြားလန်ပြီး ထပ်ဆင့်ပိုးဝင်တာမျိုး ဖြစ်တတ်တယ်။ အနားစွန်းလေးတွေမှာ ပြည်ဖုသေးလေးတွေအနေနဲ့လဲ တွေ့ရတတ်ပြန်တယ်။ အဖြစ်များသူ ပွေးယားနာဟာ လူမျိုးဘာသာ၊ အသက်အရွယ်၊ ကျားမ မရွေး ဖြစ်တတ်တယ်။ နွေရာသီလို ပူပြင်းတဲ့ရာသီတွေမှာပိုမိုဖြစ်တတ်တယ်။ အားကစားသမားတွေမှာ ပိုအဖြစ်များတယ်။ ရေကူးကန်မှာ မကြာခဏရေကူးတတ်သူတွေနဲ့အသုံးအဆောင်ပစ္စည်း(အောက်ခံဘောင်းဘီ၊တဘက်) မျှဝေသုံးစွဲသူတွေ အဖြစ်များလို့ ဂရုစိုက်စေချင်ပါတယ်။ ပွေး၊ယားနာဟာ ခန္ဓာကိုယ်တစ်ခုလုံး နေရာမရွေးဖြစ်တတ်တယ်။ ဂျိုင်း၊ပေါင်ခြံစတဲ့ ပူနွေးစိုစွတ်တဲ့ နေရာတွေမှာအဖြစ်များတယ်။ ဖြစ်တဲ့နေရာပေါ်လိုက်ပြီး အခေါ်အဝေါ်တွေ ပြောင်းလဲသွားကြပါတယ်။ ဦးရေပြားမှာ ပွေးပေါက်ရင် ဒက်ပေါက်တယ် (Tinea capatis) လို့  ခေါ်ကြတယ်။ မျက်နှာပေါ်မှာ ဖြစ်ရင် Tinea faciei လို့ခေါ်ပါတယ်။မုတ်ဆိတ်ရိတ်တဲ့နေရာတွေမှာ ဖြစ်ရင် Tinea barbae၊ ရင်ဘတ်နဲ့ ဝမ်းဗိုက်စတဲ့နေရာတွေမှာ ဖြစ်ရင် Tinea corporis၊ လက်ချောင်းတွေကြားဖြစ်ရင် Tinea manus၊ ပေါင်ခြံနဲ့ ဂွကြားတွေမှာဖြစ်ရင် Tinea cruris၊ခြေထောက်(သို့) ခြေချောင်းတွေကြားဖြစ်ရင် Tinea pedis၊ ခြေသည်း လက်သည်းတွေမှာဖြစ်ရင် Tinea ungium စသည်ဖြင့် အမျိုးမျိုးခေါ်ကြပါတယ်။ ဒါပေမယ့် အခေါ်အဝေါ်ထက် ပွေးဟုတ်၊မဟုတ် သိဖို့ပဲအရေကြီးတာပါ။ ဖြစ်တဲ့နေရာပေါ်လိုက်ပြီး လက္ခဏာတွေ ကွဲပြားတတ်ပါတယ်။ ဥပမာအားဖြင့် မျက်နှာမှာဖြစ်ရင် ကွင်းပုံသိပ်မပေါ်တော့ဘဲ လတစ်ခြမ်းပဲ့ ပုံစံ မထင်မရှား ရှိတတ်တယ်။ဦးရေပြားမှာ ပွေးပေါက်ရင် အကွက်လိုက် ဖြစ်တတ်တယ်။လက်သည်း၊ခြေသည်းတွေမှာ ဖြစ်ရင် ခြောက်ကပ်ကပ်နဲ့ ထူလပြစ်ကြီးတွေ့ရသလို အရောင်အဆင်းကင်းမဲ့တယ်။ခြေချောင်းတွေမှာ ဖြစ်တဲ့ Tinea pedisကို အားကစားသမားတွေမှာ အတွေ့များလို့ Athlete’s foot (သဲဝဲစားခြင်း) လို့လည်း ခေါ်ကြတယ်။ ကုသနည်း ပွေးယားနာအတွက် မှိုပိုးသတ်ဆေးတွေနဲ့ ကုသရတယ်။ miconazole 2%, clotrimazole 1%, terbinafine 1% အစရှိတဲ့ လိမ်းဆေးတွေ လိမ်းပေးနိုင်တယ်။ တစ်ရက် နှစ်ကြိမ် အနည်းဆုံးနှစ်ပတ်ကြာအောင် လိမ်းပေးရတယ်။ တခါတရံ ရောဂါတုံ့ပြန်မှုပေါ်မူတည်ပြီး ဒီထက်ပိုကြာအောင်ဆေးပေးရတတ်တယ်။  ဆေးလိမ်းတဲ့အခါ သေချာသန့်စင်ထားတဲ့ ဂွမ်းသုံးပြီး လိမ်းပေးရတယ်။ ဦးရေပြား၊ လက်သည်း၊ ခြေသည်းစတဲ့နေရာတွေမှာဖြစ်ရင် သောက်ဆေးလိုအပ်ပါတယ်။ အရင်ခေတ်က griseofulvin သောက်ဆေးတွေအသုံးများခဲ့ကြပေမယ့် နောက်ပိုင်းမှာ ဘေးထွက်ဆိုးကျိုးကြောင့် အသုံးပြုမှုနည်းသွားတယ်။ အဲဒီမတိုင်ခင်က mercury, sulfur, iodine စတာတွေကို အသုံးပြုခဲ့ဖူးတယ်။ ဒီဖက်ခေတ်မှာတော့ ketoconazole, itraconazole, fluconazole စသည်ဖြင့် သောက်ဆေးအမျိုးမျိုးရှိကြတယ်။ သောက်ဆေးပေးတဲ့အခါ အနည်းဆုံး သုံးလထိပေးဖို့ လိုအပ်တယ်။ ခြောက်လထိ သောက်ရတာမျိုးလဲ ရှိတတ်တယ်။ ပွေးပေါက်တဲ့အခါ နားလည်တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ကုသခြင်းသာ အကောင်းဆုံးဖြစ်ပါတယ်။  သဘာဝနည်းများ သဘာဝဆေးဖက်ဝင်အပင်တွေကလည်း ပွေးရောဂါ ကုသရာမှာ အသုံးဝင်တယ်။ ရှားစောင်းလက်ပတ်ပင်အနှစ်၊သစ်စေးခေါက်၊ မုန့်ညှင်းနက်စေ့ အနှစ်တို့ဟာ မှိုပိုးကြောင့်ဖြစ်တဲ့ ရောဂါတွေမှာ အသုံးပြုနိုင်တယ်။ ထပ်တရာပန်းနဲ့ လက်ဖက်ညွန့်ဟာ မှိုပိုးနိုင်စေတဲ့ အစွမ်းရှိပါတယ်။ တချို့က သဘောင်္သီး (သို့) ခါကြက်ဥအနှစ်ကို အရည်ဖျော်သောက်ခြင်းက မှိုပိုးအတွက် အကျိုးများစေတယ်။ ကာကွယ်နည်း ပွေးဖြစ်တဲ့နေရာကို ခြောက်သွေ့သန့်ရှင်းအောင်ထားခြင်းဖြင့် ရောဂါပိုးမပြန့်ပွားအောင် ကာကွယ်နိုင်တယ်။ ပွေးယားနာမှာ ကုတ်ခြင်းဟာ ရောဂါပျံ့နှံစေတဲ့အတွက် ရှောင်ကြဉ်သင့်တယ်။ ခြေသည်း၊ လက်သည်းတွေ သေချာလှီးဖြတ်ပါ။ အဝတ်အစား၊ လူ့အသုံးအဆောင်တွေ မျှဝေသုံးစွဲတာမျိုး ရှောင်ကြဉ်သင့်တယ်။ ကိုယ်ဝတ်ဆင်တဲ့အတွင်းခံဘောင်းဘီတွေနှစ်ရက်တစ်ခါ လဲလှယ်ပေးသင့်တယ်။ အဝတ်လျှော်တဲ့အခါ ဆပ်ပြာ၊ ရေနွေးနဲ့ လျှော်ဖွတ်ခြင်းက အကောင်းမွန်ဆုံး အလေ့အကျင့်ဖြစ်တယ်။ ပွေးယားနာဖြစ်တဲ့နေရာမှာ ပေါ့ပါးပြီး လေဝင်လေထွက်ကောင်းမွန်တဲ့ ချည်သားတွေ ဝတ်ဆင်သင့်တယ်။ တကိုယ်ရေသန့်ရှင်းရေးအတွက် shower, shampoo စတာတွေသုံးစွဲပါ။ မှတ်သားရန်အချက်များ ပွေးပေါက်တာ ရှက်စရာရောဂါမျိုး မဟုတ်ပါ။ သင့်ဘေးမှာရှိတဲ့ လူ၅ယောက်မှာ ၁ယောက်ဟာ ပွေးဖြစ်ခဲ့ဖူးပါတယ်။ အခုစာဖတ်နေသူတွေထဲက တစ်ယောက်မဟုတ် တစ်ယောက်ဟာ ပွေးယားနာကို မကြာခဏခံစားရသူတွေဖြစ်ကြပါတယ်။ ပူပြင်းတဲ့ နွေရာသီမှာ ပိုမိုအဖြစ်များတယ်။ မိမိဘာသာ ရမ်းသမ်းကုသခြင်းဟာ ရောဂါပိုမိုပျံ့ပွားစေနိုင်လို့ တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ စနစ်တကျ ကုသမှုခံယူခြင်းဖြင့် တစ်လအတွင်း သက်သာပျောက်ကင်းနိုင်ပါတယ်။ “ခြောက်သွေ့သန့်ရှင်း ရောဂါကင်း ကုတ်လေ၊ယားလေ ပိုဆိုးပေ လဲလှယ်ဝတ်ဆင် ခြေအိတ်အပြင် အကျ်ီလဲပါ လျှော်ဖွတ်ပါ ဆပ်ပြာ၊ရေနွေး မှန်မှန်ဆေး ကာကွယ်ရေးတွက် တို့အားပေး ဖြစ်တဲ့နေရာ ဆေးလိမ်းပါ ပျောက်ကင်းသက်သာ နှစ်ပတ်မှာ လိုလျှင်သောက်ဆေး သုံးလပေး ပွေးရောဂါမှ ကင်းဝေးရေး” ဒေါက်တာအေးမင်းထူး အရေပြားအထူးကုဆရာဝန် […]