Open 9:00-12:00 AM
+95 92051590

Skin Tags

29 Oct, 2021 | No Comments

Skin Tags

ခန္ဓာကိုယ်မှာ တွေ့ရတဲ့ အသားပိုတွေကို skin tags ခေါ်ပါတယ်။ ဆေးပညာလို acrocordons, Papilloma, Soft fibroma လည်း ခေါ်ပါတယ်။ အသားပိုတွေဟာ လျော့တွဲနေတဲ့ ကိုလာဂျင်မျှင်တွေ၊ သွေးကြောငယ်တွေနဲ့ ဖွဲ့စည်းထားပြီး တွဲကျနေတဲ့အစိုင်ခဲပုံစံငယ်တစ်ခုဖြစ်ပါတယ်။ နားလည်လွယ်အောင် ဥပမာပေးရရင် အူကျွံကျနေတဲ့ သဘောမျိုး တွဲကျလာတာဖြစ်ပါတယ်။ အသားချင်းပွတ်တိုက်မိတဲ့နေရာတွေမှာ ပိုဖြစ်တာတွေ့ရတယ်။ ဖိအားဒဏ်တွေနဲ့ ပွတ်တိုက်မှုလွန်ကဲရာက အရေပြားကျွံကျလာတာဖြစ်တယ်။ လည်ပင်း၊မျက်ခွံ၊ ဂျိုင်း၊ ပေါင်ခြံနဲ့ ရင်သားအောက်ပိုင်းတွေမှာ အဓိကတွေ့ရတယ်။ ဆွဲကြိုး၊လက်ကောက်၊အဝတ်အစားပွတ်တိုက်မိတဲ့နေရာတွေမှာ ပိုဖြစ်နိုင်တယ်။

အသားပိုအများစုဟာ အသားရောင်ရှိပြီး တခါတရဲ အမဲရောင် မှဲ့ဆန်ဆန် ဖုသီးလေးတွေလည်းဖြစ်တတ်တယ်။ များသောအားဖြင့် ဆန်စေ့အရွယ်အစားလောက်ပဲ ရှိတယ်။ အသက်ကြီးလာတာနဲ့အမျှ ဖြစ်နိုင်ချေများလာပြီး လူနှစ်ယောက်မှာ တစ်ယောက်နှုန်းတွေ့ရတယ်။ ကျား၊မ မရွေး ဖြစ်နိုင်ပြီး အဝလွန်တာ၊ ဆီးချိုနဲ့ မျိုးရိုးရှိတဲ့သူတွေ ပိုအဖြစ်များတယ်။ ကိုယ်ဝန်ဆောင်စဉ် ပိုဖြစ်နိုင်တယ်။ Human papilloma virus (ကြွက်နို့ဗိုင်းရပ်စ်)နဲ့ ဆက်စပ်နေနိုင်တယ်။တချို့သော အသားပိုတွေဟာ seborrheic keratosis၊ မှဲ့ခြောက်၊ ကြွက်နို့၊ အရေပြားကင်ဆာနဲ့ ဆင်တူလို့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ 

အသားပိုတွေကို ကုသတဲ့နည်းအမျိုးမျိုးရှိတယ်။ ဓား၊ကတ်ကြေးသုံးပီး ဖြတ်တောက်တာ (surgical excision)၊ အပူပေးမီးရှို့တာ (diathermy)၊ အေးခဲနည်း (liquid nitrogen cryotherapy)၊ လေဆာပစ်တာ (laser)စသည်ဖြင့် နည်းအမျိုးမျိုးရှိပါတယ်။ အိမ်သုံးနည်းတွေထဲမှာ အထိရောက်ဆုံးက အသားပိုရဲ့အခြေရင်းကို အပ်ချည်နဲ့တင်းနေအောင်ချည်ထားပြီး သူ့အလိုအလျောက် ပြုတ်ထွက်အောက်လုပ်တဲ့နည်း(Ligation)ပဲ ဖြစ်ပါတယ်။ သွေးလျှောက်အား ဖြတ်တောက်လိုက်တဲ့အခါ အသားပိုတွေက သူ့အလိုလိုကြွေကျသွားနိုင်ပါတယ်။ ဒါ့ပြင် အဆီအစိမ့်ရှောင်ကြဉ်တာ၊ ဝိတ်တက်မလာအောင် ထိန်းသိမ်းတာ၊ လေ့ကျင့်ခန်းပုံမှန်လုပ်တာတွေက အသားပိုဖြစ်ပွားနှုန်းကို လျှော့နည်းစေပါတယ်။

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန် 

Write Reviews

Leave a Comment

No Comments & Reviews