Open 9:00-12:00 AM
+95 92051590

Seborrheic Keratosis

29 Oct, 2021 | No Comments

Seborrheic Keratosis

Seborrheic Keratosis (ဖယောင်းချပ် မှဲ့ခြောက်)ဆိုတာ အသက်အရွယ်ကြီးတဲ့လူတွေမှာ အဖြစ်များတဲ့ အရေပြားပြဿနာတစ်မျိုး ဖြစ်ပါတယ်။ ဖယောင်းချပ်မှဲ့ခြောက်ကို မူမမှန်တဲ့ ကရာတင်ဆဲလ်တွေနဲ့ ဖွဲ့စည်းထားပါတယ်။ အရေပြားအပေါ်ယံဆဲလ် မူမမှန်ဘဲ ကြီးထွားရာက ဖြစ်ပေါ်လာတယ်။ ကရာတင်မှဲ့ခြောက်ဟာ အရွယ်အစား ကြီးလာတဲ့အခါ အရေပြားဆဲလ်တွေဟာ တဖြည်းဖြည်းထူပြီး မာကျောလာတယ်။ နောက်ဆုံး အရေပြားအပေါ်ယံမှာ တွယ်ကပ်နေတဲ့ ဖယောင်းချပ်ကြီးတွေလို ဖြစ်လာတယ်။

ဖယောင်းချပ်မှဲ့ခြောက် (Seborrheic Keratosis)ဟာ အသက်(၆၀)တန်းအရွယ်တွေမှာ အဖြစ်များတယ်။ ငယ်ရွယ်သူတွေလည်း မျိုးရိုးရှိရင် ဖြစ်နိုင်တယ်။ FGFR3, PIK3CA, RAS, AKT1 and EGFR genes မျိုးဗီဇပြောင်းလဲမှုနဲ့ သက်ဆိုင်တာ တွေ့ရတယ်။ နေလောင်ခြင်းကြောင့် ပိုဖြစ်နိုင်တယ်။ နေလောင်မှဲ့ကွက် (solar lentigo)က ဖယောင်းချပ်မှဲ့ခြောက်အဖြစ်ပြောင်းလဲသွားနိုင်တယ်။ မကြာခဏပွတ်တိုက်မိခြင်းကြောင့်လည်း ဖြစ်နိုင်တယ်။

ဖယောင်းချပ် မှဲ့ခြောက် (seborrheic keratosis)တွေဟာ လူကို ဒုက္ခမပေးပေမယ့် တော်တော်အကြည့်ရဆိုးတယ်။ ခန္ဓာကိုယ် မျက်နှာ၊ လည်ပင်း၊ ရင်ဘတ်၊ ကျောပြင်စတဲ့နေရာမှာ အများအပြားတွေ့ရပါတယ်။ ပဲစေ့ကနေ ကျပ်ပြားဝိုင်းထိ အရွယ်အစား အမျိုးမျိုး ဖြစ်နိုင်တယ်။ ကျောပြင်မှာတော့ ကျပ်ပြားဝိုင်းအရွယ်အစားရှိတဲ့ ဖယောင်းချပ် မှဲ့ခြောက်တွေကို မြင်တွေ့ရတယ်။ တစ်နေရာထဲဖြစ်တတ်သလို နေရာစုံ ပြန့်ကျဲနေတာမျိုးလည်း ရှိတယ်။ အရေပြားက ထိုးထွက်နေတဲ့ အညိုရောင်၊အမဲရောင် ချပ်ပြင်တွေဟာ ပက်ကြားအက်ပြီး ခြောက်သွေ့နေပါတယ်။ မကြာခဏ ပွတ်တိုက်ပါများရင် ယားယံပြီး သွေးထွက်တတ်တယ်။

ကုသနည်းများ

  • ခြစ်ထုတ်ခြင်း (Curettage)
  • ဓားနဲ့ရိတ်ပစ်ခြင်း (scapel shaving)
  • အက်ဆစ်နဲ့ကုခြင်း (chemical peeling)
  • အေးခဲကုနည်း (Cryotherapy)
  • လေဆာပစ်ခြင်း (Ablative laser)

အကြံပြုချက်

ဖယောင်းချပ် မှဲ့ခြောက် (Seborrheic Keratosis)ကို ပျက်စီးယိုယွင်းမှုရဲ့ ပြယုဒ်အဖြစ် သတ်မှတ်နိုင်တယ်။ အသက်ကြီးတာနဲ့အမျှ ပိုပိုပွားလာမယ်။ မျိုးရိုးလိုက်တတ်တာမို့ ဗီဇကြောင့်ဖြစ်ရင် တခြားနေရာတွေလည်း ဆက်ဖြစ်နိုင်တယ်။ ကုသမှုခံယူပြီး တခြားနေရာက ထပ်ဖြစ်နိုင်တယ်။ ကင်ဆာအဆင့်ထိ မရောက်နိုင်ပေမယ့် အကြည့်ရဆိုးတဲ့ အရေပြားပြဿနာဖြစ်ုလို့ ဆရာဝန်နဲ့ ပြသပြီး ကုသမှုခံယူသင့်ပါတယ်။

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန်

Write Reviews

Leave a Comment

No Comments & Reviews