4 Dec, 2021 | No Comments
Taw Win Pann
တော်ဝင်ပန်းသို့…
(အပိုင်း ၁၃)
(၂၅)
အိပ်မက်ထဲတွင် နှင်းပန်းအိမ်နှင့် တွေ့သည်။ ဘေးတွင်ကောင်လေးတယောက်လည်း ပါလာသည်။ ကောင်လေးကနှင်းပန်းအိမ်၏လက်ကို ဆုပ်ကိုင်ထားပြီး ပန်းခြံထဲတွင် လျှောက်သွားနေသည်။ နှင်းပန်းအိမ်ကိုယ်တိုင် သူနှင့်လက်ချင်းတွဲပြီး လျှောက်လည်နေရတာကို သဘောကျနေဟန်တူသည်။ ပန်းခြံထဲမှာ ရပ်ကြည့်နေသော လူတွေကတော့ သူတို့စုံတွဲကို ကြည့်ပြီး လိုက်ဖက်လိုက်တာဟု ချီးကျူးနေကြသည်။ နှင်းပန်းအိမ်ကတော့ သူ့ကို လားလားမှ မြင်ဟန်မတူပါ။ ထိုအချိန် ကောင်လေးက သူ့အနားရောက်လာသည်။ မျက်နှာ တဖက်လှည့်လာသဖြင့် သူ့မျက်နှာကို မြင်လိုက်ရသည်။
“ဟင်….စည်သူမင်းမောင်”
ထိတ်လန့်ခြောက်ခြားခြင်းကြီးစွာလန့်နိုးလာသည်။ တကိုယ်လုံးချွေးတွေ ရွှဲနစ်နေသည်။ ဘေးကို ကြည့်လိုက်တော့ငြိမ်းငြိမ်းက လူနာကုတင်ဘေးတွင် လက်ကလေးတင်၍ ခပ်ကွေးကွေးလေးအိပ်နေတာတွေ့သည်။
ဪ..ငြိမ်းငြိမ်းလည်း အတော်ပင်ပန်းရှာမှာပဲ။ တကယ်ဆို ဒီဆေးရုံတက်တဲ့ရက်တွေအတွင်း သူဘယ်လောက်ပင်ပန်းခဲ့လဲသိပါသည်။ စိတိပန်းလူပန်းမို့လားမသိ။ မျက်နှာလေးက သိသိသာသာ ချောင်ကျနေသည်။ ငြိမ်းငြိမ်းမျက်နှာလေးက ကြည့်ရင်း မျက်လုံးထဲတွင် နှင်းပန်း၏ ချစ်စရာမျက်နှာလေးကို မြင်ယောင်လာမိသည်။ သူကောအခုဆို ဘာလုပ်နေရှာမလဲ။တယောက်တည်းနေရှာမလား။ အို…ငါဘာတွေတွေးနေတာလဲ။ အခုချိန်ဆို သူက စည်သူမင်းမောင်နဲ့ ပျော်နေလောက်ရောပေါ့။ ခေါင်းကို အသာခါရင်း ကုတင် ဘေးနားမှာရှိသော ရေသန့်ဗူးကို လှမ်းယူလိုက်သည်။
“ရေယူမလို့လားအစ်ကို၊ညီမယူပေးမယ်လေ”
အအိပ်ဆတ်သော ငြိမ်းငြိမ်းတယောက် ဘယ်အချိန်က နိုးနေမှန်းမသိ။ ကုတင်ဘေးသို့ရောက်လာပြီး ရေထည့်ပေးသည်။
“ငြိမ်းငြိမ်းလည်း အစ်ကို့အတွက် အတော်ပင်ပန်းနေမှာပဲနော်”
ဖုန်းမော်၏စကားသံကို ကြားတော့ ငြိမ်းငြိမ်းက ပါးချိုင့်လေးများပေါ်အောင် ပြုံးလိုက်သည်။
“ရပါတယ်အစ်ကိုရယ်၊မပန်းပါဘူး၊ငြိမ်းဖက်က အလုပ်ရှုပ်တယ်လို့ သဘောမထားပါဘူး”
“အင်းလေ ဘယ်လိုပဲဖြစ်ဖြစ် ငြိမ်းငြိမ်းကို အစ်ကိုကျေးဇူးတင်ပါတယ်။ ကိ်ုယ်ဒုက္ခရောက်နေတဲ့အချိန် ကိုယိ့အနားနေပေးလို့လေ”
“ရပါတယ် အစ်ကိုရယ်၊ငြိမ်းတို့က တနေ့ကျလက်ထပ်ရမယ့်သူတွေပဲဥစ္စာ အားနာစရာမလိုပါဘူး”
“အင်းလေ ဟုတ်ပါတယ်၊ဒါနဲ့ ငြိမ်းမေမေကော လက်ထပ်ဖို့ကိစ္စဘာပြောသေးလဲ”
“မေမေကတော့ အစ်ကို နေပြန်ကောင်းလာမှ စီစဉ်ကြတာပေါ့တဲ့။ ဒါနဲ့အစ်ကိုက ငြိမ်းကိုပဲ မေးနေ၊အစ်ကို့သဘောထားကိုကျမပြောဘူး”
“ကိုယ့်သဘောထားကို ငြိမ်းတကယ်နားထောင်ချင်တာလား”
ငြိမ်းငြိမ်းက ခပ်မြန်မြန် ခေါင်းလေးညိတ်ပြလိုက်ပြီး “နားထောင်ချင်တာပေါ့”ဟု ဖြေသည်။ ဖုန်းမော်ကငြိမ်း၏မျက်နှာလေးကို အားနာသလိုတချကိကြည့်လိုက်သည်။
“ကိုယ်အမှန်အတိုင်း ဝန်ခံလို့ စိတ်မဆိုးနဲ့နော်။ ကိုယ်ငြိမ်းကို အရင်ကတည်းက ကိုယ့်ညီမလေးအရင်းတယောက်လိုပဲ သဘောထားခဲ့တာပါ။အဲဒီအချက်က အခုချိန်ထိလည်း မပြောင်းလဲသေးဘူး။နောင်လည်း ပြောင်းလဲမယ်မထင်ဘူး။ ပန်းဖက်က ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ကတော့ သူ့ကို ဆက်ချစ်နေမှာပဲ။ ကိုယ်သူ့ကို စချစ်ကတည်းက တဘဝလုံးအတွက် ရည်ရွယ်ပြီးမှ ချစ်ခဲ့တာပါ။ သူ့နေရာမှာ တခြားတယောက်ကို အစားမထိုးဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူး။အဲဒီအတွက်လည်း ငြိမ်းကိုကိုယ်ကြိုပြီး တောင်းပန်ပါရစေ။”
ငြိမ်းမျက်တောင်လေး ပုပ်ခတ်ပုပ်ခတ်ဖြစ်သွားသည်။ ကျဆင်းလာအံ့ဆဲဆဲ မျက်ရည်စများကို မနည်းထိန်းလိုက်ပြီး အသံကို မတုန်အောင်ထိန်းလိုက်ရသည်။
“တောင်းပန်စရာမလိုပါဘူးအစ်ကိုရယ် ။ အစ်ကို့ဖက်က အခုလိုပွင့်ပွင့်လင်းလင်းပြောတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်ပြီး အစ်ကို့ကိုလည်း စိတိမဆိုးပါဘူး။ စိတ်မဆိုးတဲ့အပြင် ပိုလေးစားမိတယ်။ တကယ်တော့ အစ်ကိုကမေတ္တာအကြင်နာတရား ကြီးမားတဲ့ ယောကျာ်းမြတ်တယောက်ပါ”
ဖုန်းမော်ကတော့ ငြိမ်းငြိမ်း၏မျက်နှာလေးကို ကြည့်ပြီး အားနာနေမိသညိ။ တကယ်ဆို သူ့ဖကိက အဲလောကိကြီးဖွင့် ပြောခဲ့ဖို့မကောင်းဘူး။ ဘာပဲဖြစ်ဖြစ် ငြိမ်းငြိမ်းကိုတော့ သူသနားပါသည်။
“ကိုယ်တောင်းပန်ပါတယ်ကွာ၊တကယ်ဆိုကိုယိ့ဖက်က အဲလောက်ပွင့်ပွင့်လင်းလင်း မပြောသင့်ဘူးထင်တယ်”
ငြိမ်းငြိမ်းက ခေါင်းခါလိုက်သည်။
“ဟင့်အင်း..တကယ် တောင်းပန်ရမှာ အစ်ကိုမဟုတ်ပါဘူး။ငြိမ်းက တောင်းပန်ရမှာ”
ထူးထူးဆန်းဆန်းစကားကိုပြောလာသဖြင့် ဖုန်းမော်တယောက်နားရှုပ်သွားသည်။
“ဘာ…ဘယ်လို၊ငြိမ်းကတောင်းပန်ရမှာ ဟုတိလား၊ ဘာကို တောင်းပန်တာလဲ”
ငြိမ်းငြိမ်းက သူ့မျက်နှာကို မကြည့်ဝံ့တော့သဖြင့် မျကိနှာလွဲလိုက်သည်။ ပြီးမှခေါင်းလေးငုံ့ရင်း တိုးတိုးပြောသည်။
“အစ်ကို့ကို အသညိးတခြမ်းလှုသွားတဲ့သူအကြောင်း အစ်ကိုဘာသိထားလဲ”
ဖုနိးမော်က ခေါင်းခါရင်း ဖြေသည်။
“ဟငိ့အင်း၊မသိဘူးလေ၊ကိုယ့်ကျေးဇူးရှင်အကြောင်း ကိုယ်သိချင်တာပေါ့။ ဒါပေမယ့် အလှုရှင်က အားလုံးမသိအောင် တိတ်တိတ်လေး လှုသွားတာဆို၊ဒါနဲ့ ငြိမ်းငြိမ်းကကော သူ့အကြောင်း သိလို့လား”
ငြိမ်းငြိမ်းက သက်ပြင်းရှည်ကြီးချ၍ ခေါင်းညိတ်ပြသည်။
“သိပါတယ်။ တကယ်တော့ သူ့ကို ညီမတင်မဟုတ်ဘူး၊ အစ်ကိုလည်းကောင်းကောင်းသိပါတယ်။ သိတာမှ ထဲထဲဝင်ဝင်ကိုသိတာ။ သူ့နာမည်က တခြားမဟုတ်ဘူး။ ပန်းတဲ့”
ဖုန်းမော်တယောက် တုန်လှုပ်သွားသည်။ တစုံတခုကိုလညိး ရုတ်ခြည်းနားလည်လိုက်သည်။ဘုရား…ဘုရား….ငါ့ကိုအသည်းလှူခဲ့တာ ပန်းဆိုပဲ။
“ဒါ…ဒါဆို….”
“ဟုတ်ပါတယ်။ အစိကို့ကို အသည်းလှုသွားတာ အစ်ကိုမြတ်မြတ်နိုးနိုးချစ်ရပါတယ်ဆိုတဲ့ နှင်းပန်းအိမ်ပါပဲ။တကယ်တော့ဒီအကြောင်းတွေ ဖွင့်မပြောဖို့ ကာယကံရှင် ကိုယ်တိုင်က မှာခဲ့လို့ ညီမတို့ မပြောခဲ့ရတာပါ။ အစ်ကိုဆေးရုံစရောက်တဲ့နေ့ကတည်းက သူဆေးရုံထိ လိုက်လာပါတယ်။ အစ်ကို့အခြေအနေအရ အရေးပေါ် အသည်းတခြမ်း လိုနေပြီဆိုတာလည်း သိရော သူ့အသည်းတခြမ်းကို လှူပါရစေဆိုပြီး ခွငိ့ပန်တယ်လေ။ ဆရာကြီးက နှစ်ယောက်လုံး အသက်အန္တရာယ်ရှိတယ်လို့ပြောတာတောင် သူ့ဖက်က တချက်မှ အပြုံးမပျက်ခဲ့ဘူး။ အသက်နှစ်ချောင်းမှာ အစ်ကို့အသက်တချောင်းကယ်တင်လို့ရရင်ပဲ သူကျေနပ်ပါပြီတဲ့”
ဖုန်းမော်တယောက် စိတ်ထိခိုက်လွန်းသဖြင့် မေ့မြောလုမတတ်ခံစားလိုက်ရသည်။ မေတ္တာတရားကြီးမားလွန်းသော..ပန်း၊ချစိစရာကောင်းလွန်းသည့်..ပန်း၊သူများအတွက် စွန့်လွှတ်အနစ်နာခံတတ်တဲ့..ပန်း။
“ပန်းရယ်…မင်းဘာလို့ အဲလိုလုပ်ရတာလဲကွာ။တကယ်ဆို မင်းဖက်က အဲဒီလောက်ထိ ပေးဆပ်ဖို့ တန်လို့လားကွာ၊ငါအခု ဘာဆက်လုပ်ရမှာလဲ၊ငါဘာလုပ်ရတော့မှာလဲကွာ”
မျက်ရည်တွေဝဲ တယောက်တည်း တမ်းတ ကြေကွဲနေသော ဖုန်းမော်ကို ငြိမ်းငြိမ်းက စာနာသနားစွာ ကြည့်နေမိသည်။တကယ်ဆို သူကိုယ်တိုင်တောင် ပန်းကို ချစ်ခင်သနားမိခဲ့သည်မဟုတ်လား။ ကာယကံရှင်ဖြစ်တဲ့ ဖုန်းမော်တယောက် ဘယ်လောက်ခံစားရမလဲ နားလည်ပါသည်။
“ငြိမ်းလေ. အဲဒီအကြောင်းတွေ အစကတညိးက ဖွငိ့ပြောမလို့ပါ။ အစ်ကိုနေမကောင်းသေးတာရော ပန်းကိုယ်တိုင်က ဘယ်သူ့ကိုမှ ဖွင့်မပြောပါနဲ့ မှာသွားလို့ လှို့ဝှက်ထားခဲ့ရတာပါ။ အခုတခါ အစ်ကိုရဲ့ သဘောထားကို သိလိုက်တော့ ငြိမ်းဘယ်လိုမှ ဖုံးကွယ်မထားရက်တော့ဘူး။ ကိုယ့်ကိုကိုယ်လည်း စိတ်မလုံတော့ဘူး။ ဒါ့ကြောင့် အဖြစ်မှန်ကိုပြောဖို့ ဆုံးဖြတ်လိုက်တာပါ။ ပန်းကသွားခါနီး ပြောသွားသေးတယ် သိလား။ ဒီအကြောင်းတွေ အစ်ကိုသိသွားရင် စိတ်ဆင်းရဲရလိမ့်မယ်။ နောက်ပြီး ငြိမ်းတို့ မင်္ဂလာဆောင်လည်း ပြတ်သွားလိမ့်မယ်။ဒါ့ကြောင့် ဘယ်သူ့ကိုမှ မပြောဘဲ အဝေးကို ထွက်သွားလိုက်ပါ့မယ်တဲ့။ တကယ်က စာထဲမှာ ရေးထားသလို စည်သူမင်းမောင်နဲ့ ဘာမှမဖြစ်ပါဘူး။ အစ်ကိုလိုက်လာမှာစိုးလို့ တမင် စာတစောင်ရေးပေးပြီး ရှောင်ထွက်သွားခဲ့တာပါ၊ အခုချိန်ဆို သူလည်း တယောက်တည်းနေရှာမှာပေါ့၊ တကယ်တော့ ပန်းက အရမ်းသနားဖို့ကောင်းတဲ့ မိန်းကလေးတယောက်ပါ အစ်ကိုရယ်”
စကားကြားလိုက်တော့ ဖုန်းမော်တယောက် အူအသည်းတွေ အပိုင်းပိုင်းကြွေပျက်မတတ် နင့်နင့်သီးသီးခံစားလိုက်ရသည်။ မေတ္တာတရားကြီးမားလွန်းသော ပန်းမျက်နှာလေးကို မြင်ယောင်လာပြီး မျက်ရည်တွေစီးကျလာသည်။
“ဘာတဲ့။ ဒီအကြောင်းတွေ အစ်ကိုသိသွားရင် စိတ်ဆင်းရဲရလိမ့်မယ်။ နောက်ပြီး ငြိမ်းတို့ မင်္ဂလာဆောင်လည်းပြတ်သွားလိမ့်မယ်။ဒါ့ကြောင့် ဘယ်သူ့ကိုမှ မပြောဘဲ အဝေးကို ထွက်သွားလိုက်ပါ့မယ်။”
ဟုတ်လား။ မင်းအဲလိုပြောခဲ့တယ်ပေါ့ ဟုတ်လား.. ကလေး။ တကယ်ဆို မင်းဖက်က အဲလောက်ထိ မစွန့်စားခဲ့သင့်ဘူး။ နောက်ပြီး မင်းအတွက်လည်း မင်းနည်းနည်းတော့ ပြန်ကြည့်သင့်ပါတယ်ကွာ။ အခု ငါ ဘာဆက်လုပ်ရမှာလဲ။ဘာလုပ်မှာလဲ။
“ဒါပေမယ့် မင်းစိတ်ချပါ ပန်း။ မင်းကိုကိုယ် တွေ့အောင်ရှာပြမယ်။ မိုးကုတ်စက်ဝိုင်း ဆုံးပါစေ။ မင်းကိုကိုယ်တွေ့အောင် ရှာမယ်လို့ ကတိပေးပါတယ် ပနိးရယ်”
ငြိမ်းငြိမ်းကတော့ ခံစားချက်ကြောင့် မျက်နှာအမူအရာအမျိုးမျိုးပြောင်းနေသော ဖုန်းမော်ကို အနှောက်အယှက်မပေးပဲ ကြည့်နေသည်။ တအောင့်လောက်နေမှ စကားစလိုက်သည်။
“အစ်ကို ပန်းနောက်ကို လိုက်သွားချင်လို့လား။ အစ်ကိုလိုက်သွားချင်ရင် ငြိမ်းလိုက်ပို့ပေးပါ့မယ်။ သူသွားတဲ့နေရာကိုလည်း ငြိမ်းစုံစမ်းထားပြီးပြီ။နောက်တပတ် အစ်ကို ဆေးရုံကဆင်းရင် ငြိမ်းလိုက်ပို့ပေးပါ့မယ်”
မထင်မှတ်သော စကားကို ကြားလိုကိရသဖြင့် ဖုန်းမော်မျက်နှာ ဝင်းပသွားသည်။ငြိမ်းလက်ကလေးကို ဆုပ်ကိုင်ရင်း တုန်တုန်ယင်ယင်မေးလိုက်သည်။
“တကယ်ပြောတာနော်ငြိမ်း၊တကယ်ပြာတာနော်။ ဝမ်းသာလိုက်တာကွာ၊ဝမ်းသာလိုက်တာ။ငြိမ်းကို ကိုယ်ဘယ်လိုကျေးဇူးတင်ရမှန်း မသ်တော့ဘူး၊အရမ်းကျေးဇူးတင်ပါတယ်ကွာ။တကယ်ပါ”
သူ့လက်ကလေးကို ဆုပ်ကိုင်လိုက်ပြီး ကလေးတယောက်လို ဝမ်းသာကြည်နူးစွာ ပြောနေသော ဖုန်းမော်၏မျက်နှာလေးကို ဆို့နင့်စွာ ငေးကြည့်နေမိသည်။ တကယ်ဆိုသူလည်း ဖုန်းမော်နှင့် ထပ်တူထပ်မျှ ခံစားရပါသည်။ ချစ်သူဆိုတာ ကိုယ်ချစ်ရသူအတွက် ပျော်ရွှင်မှုတွေ၊အနာဂတ်တွေ အမြဲ ဆောင်ကြဉ်းပေးဖို့လိုအပ်တယ်ဆိုတာ သူ လေးလေးနက်နက် ယုံကြည်လက်ခံထားပြီ မဟုတ်လား……
အပိုင်း(၁၄) ဇာတ်သိမ်းပိုင်း ဆက်ရန်…
https://drayeminhtoo.com/taw-win-pann-14/
Author – Dr. Aye Min Htoo
Genre – Novella
Write Reviews
Leave a Comment
No Comments & Reviews