4 Dec, 2021 | No Comments
Taw Win Pann
တော်ဝင်ပန်းသို့…
(အပိုင်း၁၁)
(၂၀)
ပတ်ဝန်းကျင်တခုလုံး မှောင်ပိန်းကျနေသည်။ တချက်တချက် အသံတွေကြားရသည်ဟုတော့ ထင်မိသည်။အိမ်မက်လားဘာလားမသိ။ ကုတင်ဘေးတွင် ခွဲစိတ် မျက်နှာဖုံး စွပ်ထားသော လူကြီးတယောက်က သူ့ကိုလက်ညှိုးထိုးပြီး တစုံတခုပြောနေသည်။ ဘေးတွင် ခေါင်းတညိတ်ညိတ်နှင့် နားထောင်သူတယောက်ရှိပေမယ့် ပုံစံကို သဲသဲကွဲကွဲမမြင်ရပါ။
ခဏနေတော့ “သမီးလက်ခံပါတယ်ဆရာ”ဟူသော အသံကို ဝိုးတဝါးကြားလိုက်ရသည်။ ဒီအသံလေးကို ငါကြားဖူးပါတယ်။ ဘယ်မှာ ကြားဖူးပါလိမ့်။ ရုတ်တရက် ခေါင်းထဲတွင် ချစ်စရာကောင်းသည့် မိန်းကလေးတယောက်၏ပုံလွှာက လှစ်ခနဲထင်လာသည်။
“ပန်း….”
(၂၁)
ခေါင်းတခုလုံး ကိုက်ခဲနေပြီး ချွေးတွေစိုရွှဲနေသည်။ သတိက ရတချက်၊မရတချက်ဖြစ်နေသည်။ နားထဲတွင်စကားပြောသံတွေက တချက်တချက် ဝင်လာသည်။ တိုးသွားလိုက် ကျယ်သွားလိုက်။
“သွေးအဆင်သင့်လုပ်ထား၊နှလုံးခုန်နှေးလာပြီ”
“အက်ဒရီနယ်လင် ပြင်ထားတော့ဟေ့”
“တော်ပြီ။ လိုင်းချလိုက်တော့”
“ရပြီ အခြေအနေကောင်းတယ်။ ကဲ..ဆရာမ သူ့ကိုဆေးထိုးပေးလိုက်တော့”
ထိုအသံကိုနောက်ဆုံးကြားလိုက်ရပြီး မကြာမှီပတ်ဝန်းကျင်တခုလုံး အမှောင်တိုက်ကျသွားသည်။
(၂၃)
မည်မျှကြာအောင် သတိလစ်နေမှန်းမသိ။ မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်တော့ အသိတရားတခုက ခေါင်းထဲဝင်လာသည်။ ဟင်….ငါ မသေသေးဘူးပဲ။
သူမျက်လုံး ဖွင့်လာတာ မြင်သည်နှင့် တပြိုင်နက် အားလုံးလှုပ်လှုပ်ရှားရှားဖြစ်သွားသည်။
“သားလေး သတိရပြီလား၊ မေမေ့ကို မှတ်မိရဲ့လားသားရယ်”
“ကိုဖုန်းမော် သတိရလာပြီလား”
စိုးရိမ်တကြီး လှမ်းမေးနေသော မေမေ့မျက်နှာကို အရင် မြင်လိုက်ရသည်။ ပြီးတော့ ဖေဖေရယ်၊ငြိမ်းငြိမ်းရယ်၊ငြိမ်းငြိမ်းမေမေနှင့် တင်ထွတ်ကိုပါ အစဉ်လိုက် မြင်လိုက်ရသည်။ တင်ထွတ်ကတော့ ခြေထောက်တဖက်ကျိုးသွားဟန်တူသည်။ ကျောက်ပတ်တီးကိုင်ထားရပေမယ့် မျက်နှာကတော့ ခပ်ပြုံးပြုံးပင်။ ဘေးတွင် ဂျိုင်းထောက်တခုထောင်ထားသည်။ အားလုံးက သူ့ကို စိုးရိမ်သော မျက်လုံးများဖြင့် ကြည့်နေပေမယ့် သူတွေ့ချင်နေတဲ့ မျက်ဝန်းတစုံကတော့ ရှိမနေခဲ့ပါချေ။
“သားလေးသတိရပြီလား။ မေမေ့ကို တခုခုပြောဦးလေ”
စိတ်ပူနေသော မေမေ၏အသံကို ကြားလိုက်ရသဖြင့် ဖုန်းမော်က အသာခေါင်းညိတ်ပြလိုက်သည်။ ပူ၍ခြောက်ကပ်နေသော ပါးစပ်ကို မနည်းအားယူဖွင့်လိုက်သည်။
“ရေ…ရေ”
သူရေဆာနေမှနိးသိသဖြင့် ငြိမ်းငြိမ်းက အလိုက်သတိ ရေကို အာဆွတ်ပေးသည်။ ရေတိုက်ရင်းဒေါက်တာဖုန်းမော်မျက်နှာလေးကို ကြည့်လိုက်တော့ ရင်ထဲစို့နင့်သွားမိသည်။ တချိန်က အစဉ်တောက်ပခဲ့သော ဒေါက်တာ ဖုန်းမော်၏မျက်လုံးများက အခုတော့ အရောင်အဆင်းကင်းမဲ့နေရှာသည်။ နှုတ်ခမ်းကစ ဖြူဖတ်ဖြူရော် ဖြစ်နေသည်။ ခွဲစိတ်ပြီးကာစမို့ အလွန်အားနည်းနေဟန်တူသည်။
ထိုအချိန် လူနာခန်းထဲသို့ လူတသိုက်ဝင်လာသည်။ရှေ့ဆုံးမှ ဦးဆောင်ဝင်လာသော ဆရာကြီးက သူတို့ကို ပြုံးချိုသောမျက်နှာနှင့် ဆီး၍မေးသည်။
“ဘယ်လိုလဲ၊လူနာသတိရလာပြီလား”
“အခုလေးတင်သတိရလာတာပါ ဆရာကြီး”
ဖေဖေက ကမန်းကတန်းထ၍ ဖြေသည်။ ဆရာကြီးက ခေါင်းတဆတ်ဆတ် ညိတ်၍ “လူနာသတိမြန်မြန်ရလာပြီဆိုတော့ ကောင်းတဲ့အခြေအနေပဲ၊ခွဲစိတ်မှုအောင်မြင်တယ် ပြောရမယ်။ တကယ်က ဒီလိုရုတ်တရက်ဖြစ်တဲ့ လူနာမျိုးအသည်းအစားထိုးရင် အောင်မြင်မှုနည်းတယ်။ ဒီလူနာကတော့ အလွန်ကံကောင်းတယ်ပြောရမှာပဲ။ အသည်းအစားထိုးဖို့ လိုတဲ့အချိန်မှာ အသည်းလှူမဲ့သူရှိတာကိုက ကံကောင်းလွန်းလို့ဗျ။လူတရာမှာတယောက်တောင် မဖြစ်နိုင်ဘူး၊ပိုကံကောင်းတာက လှူမယ့်သူနဲ့ အမျိုးအစားသွားတူနေတာ။ ဒါတော့ လူနာရဲ့ ရှေးကုသိုလ်ကံလို့ ပြောရမှာပေါ့။ အခု လူနာလည်း သတိ ရလာပြီဆိုတော့ သိပ်မစိုးရိမ်နဲ့တော့။ လောလောဆယ် သူ့ကို ဘာစကားမှ မပြောစေချင်သေးဘူး။ သူကောင်းကောင်း နားပါစေဗျာ”
ဘုရားရေ…ငါအသည်းအစားထိုးထားတယ် ဆိုပါလား။
ဆရာကြီးပြောမှ ဒေါက်တာ ဖုန်းမော်တယောက် အခြေအနေအရပ်ရပ်ကို နားလည်သွားသည်။ အမှန်တော့ အမြန်လမ်းမှာ ကားမှောက်ပြီး ဆေးရုံရောက်လာပြီးနောက်ပိုင်း ဘာကိုမှမသိတော့။ သူ့ဘာသာ သေလူဟုသာသဘောထားခဲ့သည်။ ဆရာကြီးပြောတဲ့အတိုင်းဆိုရင် ဆေးရုံပေါ်ရောက်ပြီး အရေးပေါ် အသည်းအစားထိုးကုသခံခဲ့ရသည်။ သူက ကံကောင်းသဖြင့် ကုသမှုအောင်မြင်သွားသည်။ ဖြစ်စဉ်က ဒါပဲ။ ဒါပေမယ့် မေးစရာရှိတာကအသည်း အစားထိုးထားရတယ်ဆိုရင် အသည်းလှူတဲ့ အလှူရှင်ရှိရမှာပေါ့။
ဒါဆို အဲဒီအသည်းအလှူရှင်ကော……..
သူဘယ်သူလဲ…….ဘယ်မှာလဲ…..
အပိုင်း (၁၂) ဆက်ရန်…
https://drayeminhtoo.com/taw-win-pann-12/
Author – Dr. Aye Min Htoo
Genre – Novella
Write Reviews
Leave a Comment
No Comments & Reviews