4 Dec, 2021 | No Comments
Taw Win Pann
တော်ဝင်ပန်းသို့…
(အပိုင်း ၁၀)
(၁၉)
အသည်းအလှုရှင်က နှင်းပန်းအိမ်ဖြစ်ကြောင်း ရှင်းပြတော့ အန်တီက မယုံကြည်နိုင်သော မျက်လုံးများဖြင့် ငေးကြည့်နေသည်။ သူဘယ်လိုမှ ထင်မှတ်မထားခဲ့သူက သူ့အသည်းတခြမ်းကို လိုလိုချင်ချင် လှူပါမည် ပြောနေပြီမဟုတ်လား။
“ကျေး..ကျေးဇူးတင်လိုက်တာ သမီးလေးရယ်၊သမီးကို ဘယ်လိုကျေးဇူးတင်ရမှန်းမသိပါဘူး၊သမီးကျေးဇူးကိုအန်တီဒီတသက်မမေ့ပါဘူး၊နောက်ပြီး အန်တီ့ဖက်က ပြောမှားဆိုမှားရှိရင် ခွင့်လွှတ်ပါလို့ အန်တီ့ဖက်ကတောင်းပန်ပါတယ်ကွယ်”
နှင်းပန်းအိမ်၏ လက်ဖဝါးနှစ်ဖက်ကို ဆုပ်ကိုင်ရင်း ပြောလိုက်သော အသံတွေက ဝမ်းသာမှုကြောင့် တုန်ယင်နေသည်။ တချိန်က သူပြောခဲ့သောစကားများကိုအခုတော့ နောင်တရနေဟန်တူသည်။ သူတန်ဖိုးထားခဲ့သောစည်းစိမ်ဥစ္စာတွေက သူ့သား၏အသက်ကို ကယ်တင်ဖို့ လုံးဝအသုံးမဝင်တော့မှန်း ကောင်းကောင်းနားလည်လိုက်ပြီမဟုတ်ပါလား။
မျက်ရည်စများကြားမှ တောင်းပန်နေသော အစ်ကို့မိခင်ကို နှင်းပန်းအိမ်က စာနာနားလည်စွာပြုံးပြလိုက်သည်။
“တောင်းပန်စရာမလိုပါဘူးအန်တီရယ်၊သမီးဖက်က အခုလိုကျေးဇူးဆပ်ခွင့်ရတာကိုပဲ ကျေနပ်ပြီးသားပါ။နောက်ပြီး အန်တီ့ကိုလည်း ဘယ်တုန်းကမှ အပြစ်မမြင်ခဲ့ပါဘူး၊အန်တီ့ကိုလေ စမြင်ကတည်းက သမီးအမေရင်းတယောက်လို သဘောထားပြီး ချစ်ခဲ့မိတာပါ။ ဒါပေမယ့် သမီးဖက်က တခုလောက်တော့ တောင်းဆိုပါရစေ အန်တီ”
“ဘာများလဲသမီးလေးရယ်”
“အကယ်၍ ခွဲစိတ်မှုအောင်မြင်ခဲ့ရင် သမီးအသည်းတခြမ်းလှုတဲ့အကြောင်း အစ်ကို့ကို လုံးဝပြန်မပြောပြပါဘူးဆိုတဲ့ကတိပါအန်တီ”
“ဟင်”
ဖုန်းမော်နှင့်သူမကိစ္စကိုသဘောတူပါဟု တောင်းဆိုလိမ့်မည် သေချာပေါက် တွက်ထားရာက လုံးဝမထင်မှတ်သောစကားကို ပြောလာသဖြင့် အံအားသင့်သွားသည်။
“သမီးလေး ဘယ်လိုပြောလိုက်တယ်။သားကို ဒီအကြောင်းမပြောရဘူးဟုတ်လား”
နှင်းပန်းအိမ်ကခေါင်းညိတ်ပြလိုက်သည်။ထို့နောက် ဆွေးမြေ့ကြေကွဲသော မျက်လုံးများဖြင့် သူမကို ကြည့်လိုက်သည်။
“ဟုတ်ပါတယ်အန်တီ။အခုကိစ္စကို အစ်ကို့ကို ဘယ်တော့မှ ဖွင့်မပြောပါဘူးလို့သမီးကို ကတိပေးပါလားဟင်။အစ်ကိုမှာ ရှိတဲ့အသည်းက သမီးအသည်းမှန်းသိသွားရင် အစ်ကို ဘယ်လိုမှ စိတ်ကောင်းမှာ မဟုတ်ဘူးဆိုတာသမီးသိပါတယ်။ ဒါ့ကြောင့် ဖွင့်မပြောပဲ ရေငုံနှုတ်ပိတ်နေပေးဖို့ တောင်းဆိုတာပါ။ နောက်ပြီး သမီးအနားမှာရှိရင်အစ်ကိုပိုပြီးစိတ်ဆင်းရဲနေလိမ့်မယ်။အစ်ကို့ကို အသည်းလှုပြီးတာနဲ့ သမီးဒီကနေ ထွက်သွားတော့မယ်လို့ ဆုံးဖြတ်ပြီးသားပါ”
အန်တီကော၊ဘေးတွင်ရှိနေသော အစ်ကို့ဖေဖေကပါ ဒီစကားကို လက်မခံဟန်မတူပါ။
“ဟင့်အင်း..အဲလိုတော့ မလုပ်ပါနဲ့ သမီးလေးရယ်၊ သမီးဖက်က အဲဒီလောက်ကြီး အနစ်နာခံဖို့ မလိုပါဘူးကွယ်။သမီးကို သားဘယ်လောက်ချစ်တယ်ဆိုတာ အန်တီအသိဆုံးပါ၊အန်တီပြောခဲ့သမျှကို အန်တီဖက်က ထပ်တောင်းပန်ပါရစေ၊သားလေးစိတ်ဆင်းရဲအောင် ဘာလို့လုပ်ချင်ရတာလဲကွယ်”
ငိုသံကြီးနှင့်ပြောတော့ နှင်းပန်းအိမ်က ကြေကွဲစွာ တချက်ပြုံးသည်။ ထို့နောက် အတားအဆီးမရှိ စီးကျလာသောမျက်ရည်စများကိုဖောင်းအိနေသော လက်ဖမိုးလေးဖြင့် အသာသုတ်လိုက်သည်။
“သမီးလေ အစ်ကို့ကို စချစ်မိကတည်းက အရာရာစွန့်လွှတ်ပြီးမှ ချစ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ အစ်ကို့ဆီက ဘာတခုမှပိုင်ဆိုင်ခွင့်ရဖို့ မမျှော်လင့်ခဲ့ပါဘူး။ အန်တီ့ကိုလည်း သမီးဘယ်တုန်းကမှ မမုန်းခဲ့ပါဘူး။ အခုလိုဆုံးဖြတ်လိုက်တာအားလုံးအတွက် အဆင်ပြေမယ်ထင်လို့ ဆုံးဖြတ်ခဲ့တာပါ။ အစ်ကိုပြောခဲ့ဖူးတဲ့ စကားတခွန်းရှိတယ်။ သူများအတွက် အနစ်နာခံဖို့ရှိလာရင် ကိုယ်အရင်ဆုံး အနစ်နာခံလိုက်ပါတဲ့။ ကျောင်းတက်တုန်းက ဆုံးမခဲ့တဲ့စကားကိုသမီးအခုချိန်ထိ အမှတ်ရနေတုန်းပဲ။သမီးရှိနေရင် အားလုံးစိတ်ဆင်းရဲရမယ့်အတူတူ သမီးတယောက်တည်းအနစ်နာခံလိုက်တာ အဆင်ပြေဆုံးဖြစ်မှာပါ အန်တီရယ်”
အစ်ကို့ဖေဖေကော၊အန်တီပါ ခေါင်းတရမ်းရမ်းဖြစ်သွားသည်။ တဖက်ကလည်း သူမပြောတာက မှန်သလိုရှိနေသဖြင့် ဘာဆကိပြောလို့ပြောရမှန်းမသိတော့။
ဘေးတွင် ထိုင်နေသော ငြိမ်းငြိမ်းကတော့ သူမကို သနားကြင်နာသော မျက်လုံးအစုံဖြင့် ငေးကြည့်နေမိသည်။အသက်ငယ်သလောက် စိတ်သဘောထားပြည့်ဝလွန်းသည့် ချစ်စရာကောင်းသော နှင်းပန်းအိမ်၏မျက်နှာလေးကိုတစိမ့်စိမ့်ကြည့်ရင်း ရင်ထဲတွင် ဆို့နင့်လာသည်။ ချစ်၍ စွန့်လွှတ်သူတွေ ရှိပါသည်။ သို့သော် နှင်းပန်းအိမ်ကတော့ထိုသို့မဟုတ်။စွန့်ပြီးမှ ချစ်ခဲ့သူမျိုး။ချစ်ရသူအတွက် အရာရာကို ပေးဆပ်ဖို့ အမြဲရှိနေသည့်အပြင် သူများစိတ်ချမ်းသာဖို့ မိမိနှလုံးသားကို စတေးပစ်ဖို့ထိ အသင့်ရှိနေခဲ့တဲ့ နှလုံးလှပိုင်ရှင် နှင်းပန်းအိမ်၏ မျက်နှာလေးကို စာနာသော မျက်လုံးအစုံဖြင့် ကြည့်နေမိပါသည်။
ဪ အစ်ကိုရယ်…တကယ်ဆို အစ်ကိုက ကံကောင်းပါတယ်။ လောကမှာ ဒီလောက် ချစ်တတ်တဲ့ မိန်းကလေးတယောက်ကို အစ်ကို့ဘဝမှာ ပိုင်ဆိုင်ထားခဲ့ဖူးပြီမဟုတ်လား။
အပိုင်း (၁၁) ဆက်ရန်…
https://drayeminhtoo.com/taw-win-pann-11/
Author – Dr. Aye Min Htoo
Genre – Novella
Write Reviews
Leave a Comment
No Comments & Reviews