Open 9:00-12:00 AM
+95 92051590

Epidermal nevus

24 Nov, 2021 | No Comments

Epidermal nevus

Epidermal nevus မွေးရာပါ ကြွက်နို့မှဲ့

Epidermal naevus ဆိုတာ အရေပြားမှာတွေ့ရတဲ့ ကြွက်နို့ဆန်ဆန် မှဲ့တစ်မျိုး ဖြစ်ပါတယ်။ ကြွင်နို့မှဲ့အများစုဟာ မွေးကင်းစအရွယ်ကတည်းကပါလာပြီး ကလေးအသက်တစ်နှစ်အတွင်း စတင်ပေါ်ပေါက်လာတတ်ပါတယ်။ သန္ဓေသားကြီးထွားစဉ် အပြင်ဆုံးလွှာ ectoderm မှာ ချို့ယွင်းချက်ဖြစ်လာရာက ဒီလိုအပေါ်ယံဆဲလ်ကဖြစ်တဲ့ ကြွက်နို့မှဲ့တွေ ပေါ်ပေါက်လာပါတယ်။သန္ဓေသားအရွယ်မှာ FGFR3, PIK3CA, HRAS ဗီဇဆဲလ်ပြောင်းလဲမှုကြောင့် ဖြစ်တယ်လို့ ဆိုကြတယ်။

ကြွက်နို့မှဲ့ဖြစ်တဲ့အခါ အရေပြားအပေါ်လွှာမှာရှိတဲ့ keratinocytes ဆဲလ်တွေဟာ အဆမတန်ကြီးထွားလာပါတယ်။ မှဲ့ပုံစံပေါ်မူတည်ပြီး Linear epidermal naevus၊ Linear porokeratosis၊ Epidermolytic epidermal naevus၊ Acantholytic epidermal naevus၊Systematised epidermal naevi စသည်ဖြင့် ပုံစံအမျိုးမျိုးရှိပါတယ်။ 

Linear epidermal naevus ဟာ ခန္ဓာကိုယ်နဲ့ ခြေလက်တွေမှာ အဓိကတွေ့ရတယ်။ မျက်နှာနဲ့ဦးရေပြားတွေမှာ အတွေ့နည်းတယ်။ Epidermal naevus တွေဟာ Blashko lines (ဘလက်စခို)အတိုင်း ဖြစ်ပေါ်တာများတယ်။ များသောအားဖြင့် ကြွက်နို့မှဲ့ဟာ မျဉ်းဖြောင့်လိုင်းပုံစံ ကွေးကွေးကောက်ကောက်တည်ရှိပြီး ခန္ဓာကိုယ်တစ်ခြမ်းထဲမှာပဲ တွေ့ရပါတယ်။ ဒါကို naevus unis lateralis ခေါ်ပါတယ်။ မွေးခါစမှာ ခပ်ပြားပြား အညိုရောင်အမှတ်အဖြစ်တွေ့ရပြီး အရွယ်ရောက်လာတာနဲ့အမျှ ဆဲလ်တွေပိုမိုကြီးထွားလာပြီး ကြွက်နို့ဆန်ဆန်မှဲ့တွေအဖြစ်ပြောင်းလဲလာပါတယ်။ ကြွက်နို့ဆန်ဆန် အသီးလေးတွေ ဆဲလ်ကွဲပွားတဲ့ လမ်းကြောင်းအလိုက် ပြွတ်သိပ်နေတတ်ပြီး အသားရောင်၊ အညိုရောင် အမျိုးမျိုး ဖြစ်နိုင်ပါတယ်။

Systematised epidermal naevi ဟာ ခန္ဓာကိုယ်မျက်နှာပြင်အနှံ့တွေ့ရပြီး ကြွက်နို့မှဲ့တွေဟာ မျဉ်းဖြောင့်လိုင်းပုံစံမဟုတ်ဘဲ အခွေလိုက်တွေ့ရတယ်။ ichthyosis hystrix လည်း ခေါ်ပါတယ်။အရိုးနဲ့ အာရုံကြောတွေမှာလည်း ဖြစ်ပေါ်တတ်ပါတယ်။ epidermal nevus syndrome ဆိုတာ ကြွက်နို့မှဲ့တွေ တကိုယ်လုံးအနှံ့ဖြစ်ပေါ်ပြီး ဦးနှောက်၊ မျက်လုံး၊ အရိုးစတဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေမှာပါ ဖြစ်ပေါ်လာပါတယ်။ 

ကြွက်နို့မှဲ့ (Epidermal naevus) အများစုဟာ ပြဿနာမပေးပါဘူး။ ဒါပေမယ့် သူ့အလိုအလျှောက်လည်း မပျောက်နိုင်ပါဘူး။ လိုအပ်ရင် လေဆာပစ်တာ၊ ခွဲစိတ်ပြုပြင်တာ ပြုလုပ်နိုင်ပါတယ်။ လိမ်းဆေးထဲမှာ အရေပြားပါးအောင်း calcipotriol လိမ်းဆေးတွေ လိမ်းပေးနိုင်တယ်။

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန် 

Write Reviews

Leave a Comment

No Comments & Reviews