Open 9:00-12:00 AM
+95 92051590

Geographic tongue

17 Nov, 2021 | No Comments

Geographic tongue

Geographic tongue (လျှာကွက်ထခြင်း)ဆိုတာ လျှာမျက်နှာပြင်မှာ ရောင်ရမ်းတဲ့အကွက်တွေ ဖြစ်လာတာကိုခေါ်ပါတယ်။ ဆေးပညာမှာ benign migratory glossitis လို့သုံးတယ်။ ပုံမှန်အားဖြင့် လျှာမျက်နှာပြင်မှာ သေးငယ်တဲ့ အာရုံခံ ဖုသီးလေး(papillae)တွေ ရှိတယ်။ ဒီအသီးလေးတွေက အရသာကို ခံစားနိုင်တယ်။ လျှာရောင်ရမ်းတဲ့အခါ အဆိုပါ အာရုံခံဖုသီးလေးတွေ ပျောက်ကွယ်သွားပြီး ပန်းရောင်အကွက်တွေ ဖြစ်လာပါတယ်။ ပန်းရောင်အကွက်တွေဟာ လျှာရောင်ရမ်းတဲ့အစိတ်အပိုင်းဖြစ်ပြီး ဘေးမှာ အဖြူရောင်အကွက်အနားသတ်တွေနဲ့ ဝန်းရံထားတယ်။ ပန်းရောင်အကွက်တွေက မြေပုံပေါ်က အကွက်တွေလို အနားမညီညာလို့ geographic tongue ခေါ်ပါတယ်။

Geographic tongue အသက်အရွယ် ကျားမ မရွေးဖြစ်နိုင်တယ်။ အသက်ကြီးသူတွေထက် လူငယ်တွေမှာ ပိုဖြစ်တယ်။ အိပ်မပျော်သူ၊ စိတ်ဖိစီးမှုများသူတွေမှာ အဓိကတွေ့ရတယ်။ ခုခံအားချင်းတိုက်တဲ့ရောဂါရှိသူတွေမှာ ပိုဖြစ်တယ်။ ဟော်မုန်းအပြောင်းအလဲနဲ့ သက်ဆိုင်တတ်တယ်။ တားဆေးသောက်သူတွေမှာ တွေ့ရတယ်။ zinc, iron, folic acid, vitamin B6, vitamin B12 စတဲ့ ဓာတ်တွေ ချို့တဲ့ခြင်းကြောင့် ဖြစ်နိုင်တယ်။ လျှာကွဲသူတွေမှာ ပိုဖြစ်နိုင်တယ်။ နှင်းခူရောဂါရှိသူ၊ ကြေးခွံနာအရေပြားရှိသူ၊ အမျိုးအစား(၁) ဆီးချိုရောဂါသည်နဲ့ ဓာတ်မတဲ့သူတွေဟာ geographic tongue ဖြစ်ဖို့ အခွင့်ရေးများတယ်။

geographic tongue ဖြစ်တဲ့အခါ လျှာမျက်နှာပြင်စတင်ပြောင်းလဲလာတယ်။ အဖြူဖုသီးတွေနေရာမှာ ပန်းရောင်အကွက်တွေ ဖြစ်လာတယ်။ ပါးစပ်အရသာပျက်ပြီး ပူစပ်ပူလောင် ဖြစ်တတ်ပါတယ်။ အထူးသဖြင့် အပူအစပ်စားတာ၊ ချဉ်တဲ့ဖျော်ရည်သောက်တတဲ့အခါ လျှာမှာ စပ်ဖျဉ်းဖျဉ်းခံစားချက်မျိုး ရှိတတ်တယ်။ တခါတရံ မေးစေ့အောက်က တက်စေ့(lymph node)တွေ ရောင်ရမ်းနိုင်တယ်။

ကုသနည်း

ခံတွင်းသန့်ရှင်းရေးကို အထူးအလေးပေးသင့်တယ်။ လျှာနာတာအတွက် ibuprofen, naproxen အကိုက်ခဲပျောက်ဆေးတွေသောက်နိုင်တယ်။ အရောင်ကျအောင် steroid ointment, tacrolimus ointment တွေ လိမ်းနိုင်တယ်။ ပူစပ်ပူလောင် ဖြစ်တာအတွက် lidoocaine gingival gel (ပါးစပ်လိမ်းဆေး) တွေ လိမ်းနိုင်တယ်။ လိုအပ်ရင် diphenhydrmine, Aluminium hydroxide, Magnesium hydroxide, simethicone အရည်တွေနဲ့ ပလုတ်ကျင်းနိုင်တယ်။ ပါးစပ်ပိုးသတ်ဆေး chlorhexadine gargle တွေလည်း အသုံးဝင်တယ်။ ဓာတ်ချို့တဲ့မှုအတွက် vitamin B, zinc, iron ပါတဲ့အားဆေးတွေ သောက်နိုင်တယ်။ 

Write Reviews

Leave a Comment

No Comments & Reviews