13 Nov, 2021 | No Comments
Blackheads
ဆားဝက်ခြံ (Blackheads) ဆိုတာ မွှေးညင်းပေါက်မှာ ဆဲလ်သေနဲ့ အဆီဂလင်း ပိတ်ဆို့ရာက ဖြစ်လာတဲ့ ဝက်ခြံအပေါက်လေးတွေကို ခေါ်ပါတယ်။ ပုံမှန်အားဖြင့် အရေပြားဟာ မွှေးညင်းပေါက်မှာရှိတဲ့ အဆီအိတ်(sebaceous gland)က ထွက်လာတဲ့ အဆီရည်ကြည် (Sebum)ကို ပြန်လည်သုံးစွဲပြီး မျက်နှာအရေပြားအစိုဓာတ်ကို ပြည့်စုံစေပါတယ်။ သို့သော် အဆိုပါအဆီပေါက် ပိတ်ဆို့တဲ့အခါ comedones ခေါ်တဲ့ အဆီအိတ်ပိတ်ဆို့တဲ့ ဝက်ခြံအဖုလေးတွေ စတင်ထွက်ပေါ်လာပါတယ်။ ဝက်ခြံအဖုက အလုံပိတ်ဖြစ်နေရင် whiteheads (အဆီဖုဝက်ခြံ)ခေါ်ပြီး ဝက်ခြံအဖုက မွှေးညင်းပေါက်အပြင်မှာ ပိတ်ဆို့နေရင် blackheads (ဆားဝက်ခြံ)လို့ ခေါ်ပါတယ်။ ပိတ်ဆို့တဲ့နေရာက အပြင်မှာရှိတဲ့ လေနဲ့ဓာတ်ပြုတဲ့အခါ ဓာတ်တိုးပြီး အမဲရောင်ဆဲလ်သေအဖြစ်ပြောင်းသွားလို့ ဝက်ခြံပေါက်အမဲဆံလေး (blackheads)တွေ အဖြစ်မြင်တွေ့ရတာပါ။ တချို့က အပေါက်ပွင့်ဝက်ခြံ (open comedones)လို့လည်းခေါ်ကြတယ်။
ဆားဝက်ခြံဘာ့ကြောင့်ဖြစ်လဲ
ဆားဝက်ခြံအများစုဟာ အရေပြားဆဲလ်သေပိတ်ဆို့မှုကြောင့် အဖြစ်များတယ်။ အဆီထုတ်လုပ်မှုနဲ့လည်း သက်ဆိုင်တတ်တယ်။ အပူအစပ်၊အဆီအဆိမ့် အစားအသောက်နဲ့ အဆီဓာတ်များတဲ့ လိမ်းဆေးတွေ သုံးစွဲရာကနေဖြစ်ကြတယ်။ ဟော်မုန်းနဲ့ တိုက်ရိုက်သက်ဆိုင်တာ နည်းတယ်။
ကုသနည်း
- မျက်နှာ သန့်ရှင်းခြင်း
ဆားဝက်ခြံမဖြစ်အောင် မဖြစ်အောင် နေ့စဉ် မျက်နှာကို သန့်စင်ပေးဖို့ လိုပါတယ်။ glycolic acid, lactic acid နဲ့ citric acid ပါတဲ့ AHA facial foam တွေ သုံးစွဲသင့်တယ်။ အဆီထုတ်လုပ်မှုလျော့နည်းအောင် salicylic acid မျက်နှာသစ်ဆေးတွေသုံးနိုင်တယ်။ Salcee wash, cutishine wash စတဲ့ မျက်နှာသစ်ဆေးတွေဟာ ဆဲလ်သေတွေဖယ်ရှားပေးလို့ ဆားဝက်ခြံအတွက် အသုံးဝင်တယ်။
- လိမ်းဆေး
Glycolic acid နဲ့ Salicylic Acid ပါတဲ့လိမ်းဆေးတွေ သုံးသင့်တယ်။ Sebogel (salicylic acid 2%)လိမ်းဆေးကို တရက်သုံးကြိမ် ဆားဝက်ခြံထွက်တဲ့နေရာမှာ သုံးစွဲသင့်တယ်။ Benzoyl Peroxide ပါဝင်တဲ့ လိမ်းဆေးတွေက ချွေးပေါက်ပိတ်မှု ကာကွယ်ရာမှာ အထောက်အကူပြုနိုင်ပါတယ်။ adapalene, tretinoin, azelaic acid, tazaroteneစတဲ့လိမ်းဆေးတွေလည်း လိုသလို အသုံးပြုနိုင်တယ်။ Microdermabrasion သဲကြမ်းတိုက်သလို ဆဲလ်သေဖယ်တဲ့နည်းလည်း ရွေးလို့ရတယ်။ မျက်နှာတပြင်လုံးဖြစ်ရင် chemical peeling နည်းတွေက အလွန်အသုံးဝင်တယ်။
အိမ်သုံးနည်း
အိမ်သုံးနည်းထဲမှာ witch hazel, tea tree oil နဲ့ green tea စတာတွေ သုံးစွဲနိုင်တယ်။ Sugar or salt scrubs မျက်နှာချေးချွတ်နည်းတွေလည်း ကောင်းပါတယ်။ ပေါင်းတင်းနည်းတွေလည်း မဆိုးပါဘူး။ Clay Mask နဲ့ charcoal မီးသွေးတွေက ချွေးပေါက်တွေကို သန့်စင်စေတယ်။ ဆားရေနွေးငွေ့နဲ့ ပေါင်းတင်တာလည်း ထိရောက်တယ်။
Blackheads တွေဟာ အရေပြားအတွက် အန္တရာယ်မရှိပေမယ့် မျက်နှာသွင်ပြင် ထိခိုက်စေနိုင်လို့ ကာကွယ်သင့်တဲ့ ပြသနာတစ်ခုဖြစ်ပါတယ်။ လိုအပ်ရင် အရေပြားဆရာဝန်နဲ့ ပြပြီး စနစ်တကျကုသမှုခံယူသင့်ပါတယ်။ မိမိမျက်နှာအရေပြားကို သန့်ရှင်းအောင် နေ့စဉ်ထိန်းသိမ်းထားခြင်းအားဖြင့် ဆားဝက်ခြံမထွက်အောင်ကို ရှောင်ရှားနိုင်တယ်။
ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်
Write Reviews
Leave a Comment
No Comments & Reviews