6 Nov, 2021 | No Comments
Chloracne
Chloracne (ဓာတုဝက်ခြံ)ဆိုတာ ဓာတုပစ္စည်း၊ ဓာတုဓာတ်ငွေ့ ထိတွေ့ရာက ဖြစ်ပေါ်လာတဲ့ ဝက်ခြံဆန်ဆန် အဖုတွေကို ဆိုလိုပါတယ်။ ဝက်ခြံအမျိုးအစား စစ်စစ်မဟုတ်ဘဲ ဓာတုပစ္စည်းကို အရေပြားကတုံ့ပြန်ရာက ဝက်ခြံပေါက်သလို ပုံမမှန်တဲ့ အဖုပိန့်တွေထွက်လာပါတယ်။ ဝက်ခြံနဲ့တူတဲ့ အရေပြေားပြောင်းလဲမှုဖြစ်တာကြောင့် acneiformic dermatosis လို့ ခေါ်ပါတယ်။ စတင်တွေ့ရှိခါစက ကလိုရင်းဓာတ်ကြောင့် ဖြစ်တဲ့ ဝက်ခြံလို့ ယူဆတဲ့အတွက် chlorine acne (chloracne) လို့ခေါ်ဝေါ်ခဲ့ပါတယ်။ နောက်ပိုင်းမှ ဓာတုဆိပ်ဓာတ်ငွေ့တွေကြောင့် ဖြစ်ပေါ်စေတာ သိရှိခဲ့ရတယ်။
ဓာတုငွေ့တွေထဲမှာ dioxin ဓာတ်ပါလေ့ရှိတယ်။ dioxin ဆိုတာ ဓာတုငွေ့ အဆိပ်တစ်မျိုးဖြစ်ပြီး လေထုထဲရှိနေတတ်တယ်။ ဥပမာ အမှိုက်မီးရှို့တာ၊ တောမီးလောင်တာ၊ မီးတောင်ပေါက်ကွဲတဲ့အခါမျိုးမှာ အဆိုပါဓာတုငွေ့ဟာ လေထုထဲရောက်ရှိသွားပါတယ်။ တိရိစ္ဆာန်တွေရဲ့ အဆီလွှာထဲမှာလည်း ဒီဓာတုအဆိပ်တွေကိန်းအောင်းနေတယ်။ အထူးသဖြင့် ပြုပြင်ထားတဲ့ အသား၊ငါးနဲ့ နို့ထွက်ပစ္စည်းတွေမှာ dioxin တွေ ပါဝင်လေ့ရှိတယ်။
ဓာတုဝက်ခြံ (chloracne) ဖြစ်စေတဲ့ ဓာတုပစ္စည်းမှန်သမျှ chloracnegens လို့ခေါ်ပါတယ်။ ဒီထဲမှာ ဓာတုပစ္စည်း၊ ပိုးသတ်ဆေး၊ ဘက်ထရီပစ္စည်း၊ ဓာတ်ဆီငွေ့၊ ဒီဇယ်ငွေ့ ထိတွေ့သူတွေဟာ ဓာတုဝက်ခြံဖြစ်စေနိုင်တယ်။ အမွှေးရနံ့တွေကလည်း ဓာတုဝက်ခြံဖြစ်နိုင်ပါတယ်။ ဒီထဲမှာ hydrocarbon ဓာတ်ပစ္စည်းတွေပါဝင်နေတာမို့ အရေပြားတုံ့ပြန်မှုနဲ့ ပြောင်းလဲမှုကို ဖြစ်ပေါ်စေပါတယ်။ အရေပြားပြောင်းလဲမှုဟာ ချက်ချင်းမဖြစ်ဘဲ အချိန်အနည်းငယ်ကြာမှ စတင်ဖြစ်ပေါ်လေ့ရှိတယ်။ မြန်မာနိုင်ငံမှာ စက်ပြင်သမား၊ သုတ်ဆေးသမား၊ ဘက်ထရီပြင်တဲ့သူတွေနဲ့ ဆီရောင်းသူတွေမှာ ဓာတုဝက်ခြံ မကြာခဏတွေ့ရပါတယ်။
ဓာတုဆိပ်တွေက အရေပြားရောင်ရမ်းမှုကို ဖြစ်စေတယ်။ ဓာတုငွေ့တွေ ထိတွေ့တဲ့အခါ ဆားဝက်ခြံ၊ ဝက်ခြံဖုပုံစံမျိုး အရေပြားက စတင်တုံ့ပြန်ပါတယ်။ ဓာတုဝက်ခြံဟာ ပါးပြင်၊ နားနောက်ပိုင်း၊ ပခုံး၊ ကျောပြင်၊ ဂျိုင်း၊ပေါင်ခြံ စတဲ့နေရာတွေမှာ အဖြစ်များတယ်။ ချွေးထွက်များတာ၊ အသားခြောက်တာ၊ ယားယံတာတွေ ဖြစ်နိုင်တယ်။ ဓာတုငွေ့ကြောင့်ဖြစ်တဲ့ ဝက်ခြံတွေဟာ ပုံမှန်ဝက်ခြံတွေနဲ့ နည်းနည်း ခွဲခြားရခက်ပါတယ်။
ကုသနည်း
ဓာတုဝက်ခြံထွက်တဲ့အခါ ဓာတုပစ္စည်းအဆိပ်ငွေ့တွေ မထိတွေ့အောင် အရင်ဆုံး တားဆီးရတယ်။ ဖြစ်တဲ့နေရာမှာ ရောင်ရမ်းမှုကျဆင်းအောင် အရောင်ကျလိမ်းဆေးတွေပေးရတယ်။ desensitization ဖြစ်အောင် အထူးဂရုစိုက်ရတယ်။ ဖြစ်တဲ့နေရာ ကုပြီးတဲ့အခါ isotretinoin, antibiotic စတဲ့သောက်ဆေးတွေလိုသလို ညွှန်ကြားနိုင်တယ်။ ရောဂါသက်သာဖို့ နှစ်ချီကုရတာမျိုးရှိတယ်။ တချို့လူနာတွေမှာ လပိုင်းအတွင်း လုံးဝပျောက်ကင်းသွားတာမျိုးလည်း တွေ့ရတယ်။
ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်
Write Reviews
Leave a Comment
No Comments & Reviews