4 Nov, 2021 | No Comments
Spitz nevus
Spitz nevus ဆိုတာ spindle cell nevus မှဲ့တစ်မျိုးဖြစ်ပြီး Reed nevus ထက် အရောင်ပိုဖျော့ပါတယ်။ ပန်းရောင်၊ အသားရောင်၊ အညိုရောင် စသည်ဖြင့် မှဲ့ဖုပုံစံ အမျိုးမျိုးဖြစိနိုင်တယ်။ အမဲရောင် Spitz nevus မှဲ့တွေဟာ melanoma (မှဲ့ကင်ဆာ)နဲ့ ခွဲခြားရခက်လို့ တခါတရံ ဖြတ်ထုတ်ရတတ်ပါတယ်။ အသားဖြူတဲ့ကလေးတွေနဲ့ လူငယ်တွေမှာ အဖြစ်များပြီး အသက်(၂၀)အတွင်း တွေ့ရပါတယ်။
Spitz nevus ဟာ melanocytes (အမဲရောင်ခြယ်ဆဲလ်)တွေနဲ့ တည်ဆောက်ထားလို့ melanocytic nevus (ရောင်ခြယ်မှဲ့)အမျိုးအစားမှာ ပါဝင်ပါတယ်။ ဒါပေမယ့် Spitz naevus ဟာ တက်ကြွလှုပ်ရှားမနေတဲ့ melanocytes တွေဖြစ်လို့ အမဲရောင်မဟုတ်ဘဲ ပန်းရောင်(သို့) အညိုရောင်မှဲ့ပုံစံ ရှိနေတတ်တယ်။ Spitz naevus တွေကို မှဲ့ရဲ့ အရောင်ပေါ်မူတည်ပြီး သုံးမျိုး ခွဲထားပါတယ်။
(၁) classic Spitz naevus ဆိုတာ ပန်းရောင် ဖောင်းတက်နေတဲ့ မှဲ့ပုံစံမျိုးဖြစ်ပါတယ်။ စမ်းကြည့်ရင် မှဲ့က ခုံးနေတတ်တယ်။
(၂) pigmented Spitz naevus ဆိုတာ အရောင်ရင့်တဲ့ အညိုရောင် မှဲ့အဖုကျိတ် ပုံစံရှိတယ်။
(၃) spindle cell tumour of Reed ဆိုတာ အမဲရောင်ရင့်တဲ့ မှဲ့ဖုတွေကို ခေါ်ပါတယ်။
Spitz nevus မှဲ့အရွယ်အစားက အမျိုးမျိုးဖြစ်နိုင်ပေမယ့် ပျမ်းမျှ ၂စင်တီမီတာအတွင်း ရှိတယ်။ မျက်နှာ၊ ခြေ၊ လက်စတဲ့ ခန္ဓာကိုယ်အပြင်ပိုင်းတွေမှာ အဖြစ်များတယ်။ မှဲ့တစ်လုံးထဲ သီးခြားတည်ရှိပြီး အစုလိုက်ဖြစ်တာရှားပါတယ်။ ဒီမှဲ့တွေဟာ လပိုင်းအတွင်း ရုတ်တရက်ကြီးထွားလာတတ်သလို ပြီးရင် ငြိမ်သွားတတ်ပါတယ်။ မွေးရာပါမှဲ့မဟုတ်လို့ တခါတရံ လုံးလုံးပျောက်ကွယ်သွားတာမျိုးလည်း ရှိနိုင်ပါတယ်။ atypical Spitz naevus ဆိုတာ သမားရိုးကျမှဲ့ပုံစံက ကွဲထွက်နေတဲ့ မှဲ့တွေကို ခေါ်ပါတယ်။ spitzoid naevus လည်းခေါ်ကြတယ်။ နေရာကွက်ကြားဖြစ်တဲ့မှဲ့တွေကို agminated Spitz naevus ခေါ်ပါတယ်။ မျိုးဗီဇပြောင်းလဲမှုနဲ့ သက်ဆိုင်တတ်တယ်။
Spitz nevus တွေကို များသောအားဖြင့် အရေပြားကြည့်တဲ့ မှန်ဘီလူး (dermatoscope) နဲ့ ခွဲခြားကြတယ်။ အသက် (၁၂)နှစ်အောက် ကလေးငယ်တွေမှာဖြစ်ရင် အခြေအနေ စောင့်ကြည့်ပြီး တစ်နှစ်တစ်ခါ ပုံမှန်စစ်ဆေးသင့်ပါတယ်။ တခါတရံ ၁-၂နှစ် အတွင်း မှဲ့ကြီးထွားတာ ရပ်တန့်သွားတတ်တယ်။ ဒီလိုအနေထားမျိုးမှာ ခွဲစိတ်ဖို့ မလိုအပ်ပါဘူး။ လူကြီးတွေမှာဖြစ်ရင် melanoma မှဲ့နဲ့ မှားယွင်းတတ်လို့ ဖြတ်ထုတ်ရတတ်ပါတယ်။ ယေဘုယျအားဖြင့် spitz nevus တွေဟာ နှစ်အနည်းငယ်အတွင်း ပျောက်ကွယ်သွားနိုင်လို့ စောင့်ကြည့်သင့်တဲ့ မှဲ့အမျိုးအစားမှာ ပါပါတယ်။
ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်
အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။
If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.
Write Reviews
Leave a Comment
No Comments & Reviews