2 Nov, 2021 | No Comments
Keratoacanthoma
Keratoacanthoma ဆိုတာ အရေပြားက ဖောင်းတက်နေတဲ့ ဖယောင်းကျိတ်တစ်မျိုး ဖြစ်ပါတယ်။ ဒီအကျိတ်တွေဟာ ခပ်မြန်မြန်ကြီးထွားလွယ်ပြီး အရေပြား ချပ်ပြားဆဲလ်လွှာကင်ဆာ(squamous cell carcinoma)နဲ့ ခွဲရခက်တယ်။ အများအားဖြင့် မွေးညင်းပေါက်ရဲ့ လည်ပင်းပိုင်း (infundibulum)ကနေ စတင်ဖြစ်ပေါ်လာတတ်တယ်။ acanthoma ဆိုတာ အသက်ကြီးရင့်သူတွေမှာဖြစ်တဲ့ နီညိုရောင်အကျိတ်တွေကို ခေါ်ပါတယ်။ များသောအားဖြင့် အပေါ်ယံအရေပြားဆဲလ်(epidermis)လွှာမှာ တွေ့ရတဲ့ benign epithelial tumor တစ်မျိုး ဖြစ်ပါတယ်။ benign ဆိုတာ အသက်အန္တရာယ်မရှိတဲ့ အကျိတ်တွေကို ဆိုလိုတာဖြစ်ပါတယ်။
အသက်(၆၀)ကျော်တန်း အမျိုးသားတွေမှာ အဓိကတွေ့ရတယ်။ နေရောင်ထိတွေ့မှုများသူတွေမှာ ခရမ်းလွန်ရောင်ခြည်ကြောင့် အဖြစ်များတယ်။ ခုခံအားကျဆင်းတာ၊ ကင်ဆာဆေးသွင်းတာစတဲ့အခါ ဖြစ်နိုင်တယ်။ ထပ်တရာနာ (psoriasis)မှာ အသုံးပြုတဲ့ psoralen ဆေးဝါးတွေကြောင့်လည်း ဖြစ်နိုင်တယ်။ ဓာတုပစ္စည်းတွေကြောင့်လည်းဖြစ်တတ်တယ်။ တခါတရံ tumour suppression gene TP53 မှာ မျိုးဗီဇပြောင်းလဲလို့ ဖြစ်နိုင်တယ်။
ဖယောင်းကျိတ်တွေဟာ အလျင်အမြန်ကြီးထွားနိုင်ပြီး နေရောင်နဲ့ထိတွေ့လွယ်တဲ့ မျက်နှာနဲ့ လက်စတဲ့နေရာတွေမှာ အဓိကတွေ့ရတယ်။ အရေပြားအကျိတ် အလယ်မှာ hyperkeratotic plug (ဖယောင်းဖတ်)ထွက်နေတာ တွေ့ရတယ်။ အကျိတ်ကကြာလာရင် အနာဖြစ်တာ၊ သွေးယိုတာ ဆက်ဖြစ်နိုင်တယ်။ ဖယောင်းကျိတ်တွေဟာ အပေါ်ယံအရေပြားကင်ဆာ (Squamous cell carcinoma)နဲ့ ဆင်တူတဲ့အတွက် ရောဂါလက္ခဏာ၊ အကျိတ်ပုံစံနဲ့ ဆဲလ်ပြောင်းလဲမှု လေ့လာခြင်း (histopathology)စတဲ့နည်းစနစ်တွေနဲ့ ခွဲခြားရတယ်။ လက္ခဏာပေါ်မူတည်ပြီး Solitary keratoacanthoma, giant keratoacanthoma နဲ့ multiple keratoacanthoma ဆိုပြီး ယေဘုယျခွဲခြားထားပါတယ်။
ဖယောင်းကျိတ်တွေဟာ များသောအားဖြင့် ခွဲစိတ်ရတတ်ပါတယ်။ အေးခဲဖျက်စီးနည်း (cryotherapy)နည်းတွေလည်းသုံးကြတယ်။ ကင်ဆာမဟုတ်တဲ့ ဖယောင်းကျိတ်တွေမှာ လိမ်းဆေး၊ထိုးဆေး အသုံးပြုနိုင်တယ်။ imiquimod, 5-fluorouracil, bleomycin နဲ့ methotrexate စတဲ့ဆေးတွေ အသုံးများတယ်။ ဖယောင်းကျိတ်တွေဟာ ပျောက်ကင်းသွားရင်တောင် အမာရွတ်ကျန်တတ်ပါတယ်။ အရေပြားကင်ဆာနဲ့ ဆင်တူလို့ ဖြစ်လာရင် မပေါ့ဆဘဲ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်
အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။
If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.
Write Reviews
Leave a Comment
No Comments & Reviews