30 Jan, 2023 | No Comments
နယ်စည်းခြား သံယောဇဥ်
(၁)
အချစ်အတွက် အသက်ကိုတောင် ပေးဆပ်ဝံ့ကြသတဲ့။ ဒါ တကယ်ကော ဟုတ်ပါရဲ့လား။ ဒီအချက်ကိုတော့ ကိုယ်တိုင်စာရေးနေသော မိုးနိုင်တယောက် သံသယဝင်နေမိသည်။
မိုးနိုင်ဆိုတာအသက်(၂၉)နှစ်အရွယ်လူငယ်စာရေးဆရာတယောက်ပါ။ ငယ်ဂုဏ်ကလေးကော၊
ရုပ်ရည်ကလေးကပါ သူများထက်ထင်းနေသဖြင့် လူကြားသူကြားထဲတွင် ထငိပေါ်သည်။
ရေးသည့်ဝတ္တုလေးတွေကလည်း အချစ်ဝတ္တု။ သည်ဝတ္တုထဲတွင်မှ စကားလုံးလှလှလေးတွေနှင့် ဖွဲ့နွဲ့စီခြယ်ထားတော့မိန်းကလေးပရိသတ်တွေက သူ့စာလေးတွေကို သိပ်ကြိုက်ကြသည်။ အရေးကော အတွေးပါ သွက်သူဖြစ်သဖြင့် ငယ်ငယ်ရွယ်ရွယ်နှင့်ပင် စာပေလောကတွင် နာမည်ကြီးတယောက်ဖြစ်မှန်းမသိ ဖြစ်လာခဲ့သည်။
(၂)
မိုးနိုင်ငယ်ငယ်က သိပ်ဆင်းရဲပါသည်။ သည်ကြားထဲ မိဘဆွေမျိုးမရှိ။ အဒေါ်အရွယ် အပျိုကြီးကကျောင်းထားပေး၍သာ တော်တော့သည်။ ဘဝနာခဲ့သူပီပီပညာကြိုးစားသင် လူရာဝင်ဖိူ့ ငယ်စဉ်ကတည်းက ဆုံးဖြတ်ခဲ့သည်။ လက်တွေ့မှာလည်း ဖြစ်ခဲ့သည်။ သူဆယ်တန်းအောင်တော့ အင်ဂျင်နီယာတက္ကသိုလ် တက်ဝင်ခွင့်ရခဲ့သည်။ သို့သော် အဒေါ်ဖြစ်သူကို
ထပ်ဒုက္ခမပေးသင့်တော့ဟုဆုံးဖြတ်ပြီး အဝေးသင်သာယူလိုက်သည်။ ထိုအချိန်အဒေါ်ဖြစ်သူကလည်း ကျန်းမာရေးသိပ်မကောင်း။ နောက်တော့နှလုံးရောဂါနှင့်ဆုံးပါးခဲ့သည်။ အဲသည်အချိန်က သူ့အသက်မှာ
(၁၆)နှစ်သာရှိသေးသည်။ အသက် (၁၆)နှစ်အရွယ်လူငယ်တယောက်အဖို့ ကြိုးစားဖို့လိုတာသူသိသည်။
အိပ်မက်တွေ အကောင်ထည်ဖော်ဖို့ စာတွေ စတင်ကြိုးစားရေးရသည်။ဘယ်မဂ္ဂဇင်းတိုက်မှ လက်မခံ။ သူကတော့ ဇွဲမလျှော့ထပ်မံကြိုးစားသည်။ အသက်(၁၈)နှစ်အရွယ်တွင် သူ့ရေးသည့် စာမူတပုဒ် မဂ္ဂဇင်းတခုတွင် စတင်ပါလာသည်။ ပျော်လိုက်သည့်ဖြစ်ခြင်း။ နောက်တော့ သူ့စာလေးတွေ ဟိုဂျာနယ်
ဒီဂျာနယ် တွေ့တွေ့လာရသည်။ သူအသက်(၂၀)အရွယ်တွင် စာပေထုတ်ဝေရေး ပိုင်ရှင်တယောက်နှင့်တွေ့ပြီး သူ့ကိုလုံးချင်းတအုပ် ထုတ်ပေးခဲ့သည်။ ဒီစာအုပ်က စီးပွားရေးအရ မအောင်မြင်ပေမယ့် အနူပညာအရတော့အောင်မြင်သွားသည်။ သူစာပေလောကတွင် နေရာတနေရာ ရခဲ့သည်။ နောက်ပိုင်း စာပေထုတ်ဝေရေးတွေ အပြိုင်အဆိုင်ကမ်းလှမ်းလာကြသည်။ သူအသက်(၂၄)နှစ်တွင် ဒုတိယမြောက်စာအုပ်ကို ထုတ်ဝေခဲ့သည်။ သည်စာအုပ်က သူ့ဘဝကို အမြင့်ဆုံးရောက်အောင်ဆွဲတင်ပေးခဲ့သည်။ သူ တနိုင်ငံလုံးအတိုင်းအတာနှင့် အောင်မြင်သွားသည်။
သူ့နာမည်ကလည်း စာဖတ်ပရိသတ် ပရိသတ်ကြားမှာ အလွန်ရေပန်းစားလာခဲ့သည်။
အဆိုတော်တယောက်ကမူ သူ့စာအုပ်ကို ခံစားရင်း ဖြစိပေါ်လာသော “ရင်ထဲကမိုး”ဟူသော သီချင်းတပုဒ်ကို ဆိုခဲ့ရာ အောင်မြင်သွားသည်။ မိုးနိုင်ဟူသော သူ့နာမည်ကတော့ပိုလို့ကြီးသွားသည်။
(၃)
“ရင်ထဲက မိုး”
ဒီနာမည်ကြားရုံနှင့်ပင် မိုးနိုင်ဆိုသည့် နာမည်ကို လူတိုင်းရင်းနှီးနေကြပြီ။ ကံတရား၏ ဖေးမမှုကြောင့်လား၊ သီချင်း၏အောင်မြင်မှုကြောင့်လားမသိ။ မိုးနိုင်ကို မြင်သည်နှင့် လူတွေက သူ့နာမည်မခေါ်တော့ဘဲ “ရင်ထဲကမိုး “ဟုသာ ချစ်စနိုးလှမ်းခေါ်သည်။ အသက်(၂၆)နှစ်တွင်
ဝတ္တုတိုပေါင်းချုပ်၊အသက်(၂၇)နှစ်တွင် တတိယအကြိမ်မြောက် ဝတ္တုရှည်စသည်ဖြင့် ထွက်လာပြီး
သူ့စာအုပ်တွေကအရောင်းအသွက်ဆုံးစာအုပ်များစာရင်းတွင် ဆက်တိုက်ပါလာသည်။
“သိပ်တော်တယ်၊ ဆက်ကြိုးစားကွာ”
နာမည်ရပြီးသား စာရေးဆရာကြီးများက မုဒိတာပွားကြပါ၏။ သူ့အောင်မြင်မှုကို
အသိမှတ်ပြုခဲ့ကြပါ၏။ သို့သော် မိုးနိုင်က စိတ်ကြီးမဝင်နိုင်ခဲ့ပါ။ အောင်မြင်မှုတို့မည်သည် ကြိုးစားဆဲအခိုက်အတန့်တွင် ဖြစ်ပေါ်နေကျ၊ဖြစ်ပေါ်တတ်သည့် နေရာကလေးတခုသာဖြစ်သည်ကို
ဘဝအတွေ့အကြုံနာထားသူပီပီ သူရိပ်မိနေသည်။ သူ့အောင်မြင်မှုကို နှောက်ယှက် ဟန့်တားနိုင်သည့် တခုတည်းသောအရာကအောင်မြင်မှုအပေါ် ယစ်မူးသာယာခြင်းပင်၊ ထို့ကြောင့်လည်း မိမိဘာသာ အောင်မြင်သည်ဟုမယူဆဘဲ ဆက်လက်ကြိုးစားနေခဲ့ခြင်း ဖြစ်သည်။
(၄)
“ရင်ထဲက မိုးဆိုတာ ခေါ်လို့တော့ အကောင်းသား။ ခက်တာက နမိတ်မကောင်းဘူးကွ၊၊
မင်းနှလုံးသားထဲ မျက်ရည်မိုးတွေ သွန်းဖြိုးမယ့်သဘောပဲ”
သူနှင့်ရင်းနှီးနေသည့် မဂ္ဂဇင်းတိုက်ပိုင်ရှင် တွေးတွေးဆဆပြောသည်။ ရှေးလူကြီးပီပီ အတိတ်တွေ၊နမိတ်တွေ၊တဘောင်တွေနှင့်ပြောတော့ မိုးနိုင်ခဗျာ ငိုရခက်၊ရယ်ရခက်ကြီး ဖြစ်ရသည်။
“ဆရာကလည်းဗျာ၊ ပညာတတ်ဖြစ်ပြီး ဒီလောက် အယူမသီးစမ်းပါနဲ့”
“ငါအယူသီးတာမဟုတ်ဘူးကောင်လေး၊ အေးလေ..မင်းအရွယ်နဲ့ ဒါမျိုးတွေ ဘယ်ယုံနိုင်မှာလဲ။ မယုံတာလည်း အပြစ်မဟုတ်ပါဘုး။ မင်းတို့အရွယ်တုန်းကငါဆိုလည်း ဒီတိုင်းပဲ။ နောက်တော့ အတွေ့အကြုံတွေက လက်ခံအောင် သင်ပေးသွားတာ၊ မင်း ငါ့အသက်အရွယ်ရောက်ရင်
ဒါတွေလက်ခံလာလိမ့်မယ်၊ ခက်တာက မင်းက အချစ်တွေမေတ္တာတွေအပေါ်
ယုံကြည်တဲ့ကောင်မဟုတ်တာ”
အမှန်လည်း မိုးနိုင်က အချစ်ဝတ္တုသာရေးတာပါ။ အချစ်အပေါ် သိပ်အယုံကြည်ရှိသူမဟုတ်။
အချစ်ဝတ္တုတွေ ရေးတဲ့အခါ အဓိက ဖွဲ့ဆိုအပ်သည့် အချစ်နှစ်မျိုးရှိသတဲ့။ တစ်မျိုးက (၅၂၈) ချစ်ခြင်းမေတ္တာ၊ ဒီအချစ်က အေးချမ်းသည်။ နောက်တခုက (၁၅၀၀) ချစ်ခြင်း မေတ္တာ၊ ဒီအချစ်က မီးလိုပူလောင်သတဲ့။ ဒီတော့ စာရေးဆရာပေါက်စဖြစ်တဲ့ မောင်မိုးနိုင်က နည်းနည်းဆက် စဉ်းစားကြည့်သည်။ (၅၂၈)တိုင်း အေးချမ်းပါရဲ့လား၊ သို့တည်းမဟုတ် (၁၅၀၀)တိုင်းကော
ပူလောင်နေတတ်ပါသလား၊ ဒါလည်း တော်တော်အဖြေရှာရခက်သည့်မေးခွန်းရယ်ပါ။
သူက ဥပမာ တခုနှင့်တွေးကြည့်သည်။ မိဘက သားသမီးကိုချစ်သည့် ၅၂၈က
အေးချမ်းသည်ဟု ဆိုပါလျှင် သားသမီးပြန်ရောက်အလာကို ညတိုင်းထိုင်စောင့်နေရတဲ့ မိဘတို့၏ရင်မှာ အဘယ့်ကြောင့်ပူလောင်နေပါသနည်း။ နောက်တခု ၁၅၀၀ မေတ္တာက ပူလောင်သည်ဆိုပေသော်ငြား တယောက်နှင့်တယောက် နားလည်မှုနဲ့တည်ဆောက်ထားတဲ့ အိမ်ထောင်ရေးတွေကရော အေးမြကြည်လင်စေတာမျိုး မရှိနိုင်ဖူးလား။ စာရေးဆရာပီပီ ကတ်သီးကပ်သပ် အဖြေရှာကြည့်ပေမယ့် ရေရေရာရာအဖြေမထွက်ခဲ့။
နောက်တော့ ဆရာတော်ကြီးတပါးရှင်းမှလင်းသွားတော့သည်။ ၅၂၈ ဆိုတာ မေတ္တာတဲ့။
မေတ္တာသဘောက အပေး၊အယူသဘော အသွား၊အပြန်မျှော်နေသမျှ ကာလပတ်လုံး စစ်မှန်တဲ့
၅၂၈ မဟုတ်တော့ဘူးတဲ့။ မေတ္တာဆိုတာ ဘယ်တဦးတယောကိကိုမှ
ပုဂ္ဂိုလ်ရေးမရည်ရွယ်ပဲ မေတ္တာပို့အမျှဝေတာမျိုးတဲ့။ ပေးဆပ်တဲ့သဘောတဲ့။
ရှင်းကရော..။ ဒါဆို မနက်တိုင်း ဗုဒ္ဓဘာသာဝင်တွေ အမျှပေး၊မေတ္တာပို့တာတွေက
၅၂၈ ကို သံသရာအတွက် စုဆောင်းနေတာ၊ တိုက်ဆောက်နေကြတာပဲပေါ့။
ဟုတ်ကဲ့..ရှင်းပါပြီ။ ၁၅၀၀ ဆိုတာဆိုတာကျတော့ ကိလေသာတဲ့။ ၁၅၀၀ လို့ပြောရင်
လူပုဂ္ဂိုလ်စွဲ၊အတ္တစွဲပါလာပြီ။ တဦးတယောက်ကို ရည်ညွှန်းတာဖြစ်သွားပြီ။
ရယူပိုင်ဆိုင်လိုစိတ်က ခေါင်းစ ခြေဆုံး ပါဝင်လာလို့ ငါစွဲအတ္တစွဲမကင်းတဲ့ သည်အချစ်ကို ပူလောင်တဲ့ ၁၅၀၀ မေတ္တာလို့ ဆိုလိုခြင်းဖြစ်သတဲ့။ တရားပြမှ ရင်ထဲနှလုံးသားထဲ ထုံးဖြူသုတ်သလို ရှင်းကနဲ လင်းကနဲ မြင်လိုက်ရသည်။ မိုးနိုင်ကတော့ ဒီအကြောင်းကို ဝတ္တုတပုဒ်ရေးလိုက်သည်။ “၅၂၈ နှင့် ၁၅၀၀ ကြား မေတ္တာစည်းလေးတစ်ခု…”။
(၅)
သိပ်ကိုကြည်နူးချမ်းမြေ့စရာကောင်းသည့် နေရာလေးရယ်ပါ။စင်္ကြန်လမ်းတွင် ပန်းပင်ပျိုးပင် စိမ်းစိမ်းစိုစိုလေးက ခပ်အုပ်အုပ်ဆိုင်းနေသည်။ လေပြေတချက်အဝှေ့တွင် သစ်ရွက်ကလေးများက
ဖဲပြားသဏာန်တွန့်လိမ်ကျလာသည်။ ဒီကြားထဲ ရောင်စုံ လိပ်ပြာလေးများက ဝဲပျံနေကြပြန်သည်။ ဪ..တော်ရုံပန်းချီဆရာ မရေးဖွဲ့နိုင်သည့် အလှတရားဆိုတာ ဒါမျိုးပြောတာ ထင်ပါရဲ့ဟု စာရေးဆရာပီပီအတွေးပွားမိသည်။ ထိုအလှတရားကို ကြည်နူး၍ မဆုံးမှီမှာပင် နောက်ထပ်အလှတရားတခု မျက်လုံးထဲ ဖျပ်ကနဲ ဝင်ရောက်လာပြန်သည်။ ဗလောင်ဆူစရာ တကွက်မှမရှိအောင် တည်ငြိမ်အေးဆေးလွန်းသော မျက်နှာနှင့်ခရမ်းရောင် ဗမာရင်ဖုံးအကျီ်လေးကို
ချပိချပ်ရပ်ရပ် ဝတ်ဆင်ထားသည့် အလှပိုင်ရှင်လေး။ ထိုအလှပိုင်ရှင်လေးက သူ့ကို တချက်လှမ်းကြည့်ပြီး အကဲခတ်သည်။ နောက်တော့ပြုံးပြသည်။
ပေပေစုတ်စုတ်နင့် စွတ်ကျပ်ဂျိုင်းပြတ်ဝတ်ထားသော သူ့ကိုမြင်တော့သူ့ယူဆချက်
မှန်ကန်သွားသည်ဟုကောက်ချက်ချလိုက်ဟန်တူ၏။ အနီးသို့ တိုးကပ်လာပြီး..
“ဒီမှာရှင့် ဒီကျောင်းက ဆရာတော် ဦးတြိသာရာမ ရဲ့ ကျောင်းလားရှင့်၊
ဆရာတော်ကြီးရှိတဲ့ကျောင်းသွားဖူးချင်လို့..ဘယ်လမ်းက သွားရမလဲရှင်” ရှေ့တွင် လမ်းသုံးသွယ်နှင့်မို့ ဘယ်လမ်းက သွားရင် ဘယ်ရောက်မယ်ဆိုတာ သူစိမ်းဖြစ်ဟန်တူသောဤမိန်းမပျိုလေး သိဟန်မတူ။
“ဆရာတော်ကြီးကျောင်းကို သွားချင်ရင် ညာဖက်လမ်းအတိုင်းသွားပါ၊ဆရာတော်ကြီးက
နေ့လည်ဆွမ်းဘုန်းပေးပြီးရင်တော့ ခဏအဖူးခံတတ်ပါတယ်”
“ကျေးဇူးတင်ပါတယ်ရှင့်၊ ဒါနဲ့ လှုဖွယ်ပစ္စည်းတွေကျတော့ကော အစ်ကိုလိုက်ယူမှာလား”
“ခင်ဗျာ”
“ဪ ဆရာတော်ကြီးက အလှူငွေလက်မခံဘူးဆိုလို့ လှုဖွယ်ပစ္စည်းလေးတွေ
ကားပေါ်ကျန်ခဲ့လို့ပါရှင့်၊ အစ်ကိုအပမ်းမကြီးရင် လိုက်သယ်ပေးလို့ရမလား”
အဝတ်အစား စုတ်တီးစုတ်ပြတ်သူ့ကိုကြည့်၍ ကပ္ပိယနှငိ့ အထင်မှားနေပြီဟု ရိပ်မိလိုက်သည်။
“ဟုတ်…ရပါတယ်၊ ကျတော်လိုက်ယူပေးပါ့မယ်”
(၆)
“ဆောရီးပါရှင်”
“ဘာကိုလဲဗျ”
“အော် စောစောက ဒီက အစ်ကိုကို ကပ္ပိယထင်သွားမိလို့”
“ရပါတယ်ဗျာ”
ဆရာတော်ကြီးကို ဖူးမျှော်ပြီးမှ ကပ္ပိယမဟုတ်မှန်းသိသွားသညိ့
ကောင်မလေးတောင်းပန်စကားဆိုသည်။ “ဒီကလေးက စာရေးဆရာလေ၊ သူစာရေးဖို့
အိုင်ဒီယာမရှိရင် တို့တရားစခန်းလာပြီး တပတ်ဆယ်ရက် စိတ်ငြိမ်အောင်လုပ်ပြီး
စာရေးတတ်တာ၊ တရားရချင်လို့ လာထိုင်တာတော့မဟုတ်ဘူးကွဲ့”ဟု သာသာနှင့်
နာနာလေး မိန့်တော်မူမှ အဖြစ်မှန်သိသွားသည်။ ကပ္ပိယဆိုသည့် စကားကကဗျာမဆန်သလောက် ဆောရီးနော်ဆိုသည့် တောင်းပန်စကားသံက ရင်ထဲထိဝင်ရောက်အောင် ဆွဲဆောင်နိုင်စွမ်းရှိပေသည်။
“ထင်တော့ထင်သား ဒီရုပ်ဒီရည်နဲ့ မဟုတ်လောက်ပါဘူးလို့”
ရှက်ပြုံးလေးပြုံးပြောတော့ ရင်ထဲနွေးခနဲ။ ရင်ခုန်စရာအနေထားတစ်ရပ်မဟုတ်မှန်း ကိုယ့်ဘာသာသိပေမယ့် အချစ်နတ်၏ဖမ်းစားမှုကိုတော့မောင်မိုးနိုင်တယောက် မတွန်းလှန်နိုင်ခဲ့။
အချစ်ကို အယုံကြည်မရှိသော လူငယ်လေးတယောက်ကိုအချစ်နတ်သမီးက ပညာစပေးဟန်တူ၏။
ခက်နေတာက အဲသည်အချစ်နတ်သမီး။ အချစ်နတ်သမီးကကော အဘယ့်ကြောင့် အခုမှ
ကိုယ်ထင်ပြရသနည်း။ “ရင်မခုန်တတ်သေး”လို့ ဟူသော အကြောင်းပြချက်တခုတည်းတော့
ဟုတ်ဟန်မတူ။ဘုရားရိပ်တရားရိပ်တွင် မတန်မရာခိုလှုံနေသော မိမိကိုပညာပေးချင်လွန်း၍များလား၊ ဒီလိုတော့မဟုတ်တန်ရာဟု ကိုယ့်ဘာသာအားပေးနေမိသည်။ သို့သော် ရယ်ပြုံးနေဟန်
သူ့မျက်နှာလေးကတော့နှလုံးသားအတွင်းပိုင်းထိ နက်နက်ရှိုင်းရှိုင်းတိုးဝင်သွားခဲ့ပါပြီ။
(၇)
“မိုက်တယ်ကွာ၊ ဇာတ်လမ်း သိပ်ကောင်းတယ်၊ နောက်ကောဘယ်လိုဆက်ဖြစ်လဲ လုပ်စမ်းပါဦး”
အတူနေသော သူငယ်ချင်းဖြစ်သူ သန်းထိုက်က ဘုန်းကြီးကျောင်းတွင် မင်းသားနှင့် မင်းသမီး စတင်ဆုံစည်းပုံ ဇာတ်လမ်းကို ဖတ်ရင်း သဘောကျစွာပြောသည်။
“မသိသေးဘူးလေကွာ စောင့်ကြည့်ရဦးမှာ”
“ဟ ဘာလဲကွ၊ ဝတ္တုတစ်ပုဒ်ရေးတာ အဲလောက်ကြာရလား”
မိုးနိုင်က ခပ်သောသောရယ်သည်။
“မင်းက ဝတ္တုဇတ်လမ်းထင်လို့လား၊ အပြင်မှာ သူနဲ့ ငါတကယ်တွေ့ခဲ့တာ”
သန်းထိုက်ပါးစပ်အဟောင်းသားဖြစိသွားပါ၏။
“ငါတောင်မသိလိုက်ရပါလားကွာ”
“ငါ သင်္ကြန်တုန်းက မော်လမြိုင်ဖက်သွားတာ မင်း သိတယ်မလား၊ အေး အဲဒါ မနှစ်ကလို ဆိတ်ငြိမ်တဲ့တရားရိပ်သာ ဘုန်းကြီးကျောင်းမှာ အေးအေးဆေးဆေး ဝတ္တုရေးမယ်ဆိုသွားတာ၊ ဖြစ်ချင်တော့ဇာတ်လမ်းလေးတွေ ပါလာတယ်ဆိုပါတော့။ ငါကအရင်က စိတ်ကူးယဉ်ဝတ္တုတွေရေးတာ မင်းလည်းအသိ။ အခု လက်တွေ့ဘဝထဲက ဇာတ်ကောင်ဆိုတော့ ဇာတ်လမ်းက ဘာတွေဖြစ်လာမလဲ မပြောတတ်သေးဘူး၊ ရင်ခုန်စောင့်ကြည့်ရမှာ”
“happy ending တော့ဟုတ်ရဲ့လားကွာ”
“ဘယ်သိမလဲကွ၊ ဒီဇတ်လမ်းမှာ ဒီဇာတ်လမ်းက မင်းသားနဲ့ မဆိုင်တော့ဘူး..
မင်းသမီးဆုံးဖြတ်ချက်ပေါ်မူတည်ပြီး ဇာတ်လမ်းကပြောင်းလဲနေမှာ၊
အဆုံးသတ်လေးကောင်းပါစေလို့ ဆုတောင်းနေရတာပဲ။ဘာပဲဖြစ်ဖြစ် ငါ့ဘဝအတွက်
အမှတ်တရပေါ့”
သန်းထိုက်က သူ့ကိုမယုံနိုင်သလိုကြည့်သည်။
“ဘုရား..ဘုရား…မေတ္တာတွေ သစ္စာတွေကို အယုံကြည်မရှိတဲ့ မင်းလို
ယောကျာ်းမျိုးကို ရူးသွပ်စွဲလမ်းအောင် လုပ်နိုင်တဲ့ အဲသည်မိန်းကလေးကို ငါ
အပြင်မှာ မြင်ဖူးချင်လိုက်တာကွာ”
သန်းထိုက်က မကျေမနပ်ညည်းတော့..
“မတွေ့ဖူးချင်စမ်းပါနဲ့ကွာ”
“ဘာလို့လဲ”
“ကောင်မလေးက ပပဝတီလို ခုနှစ်ဆောင်ပြိုင်လင်းတာမျိုးမဟူတ်ဘူး၊
ဒီလောကကြီးတခုလုံးကို နေအလင်းရောင်မပါပဲနဲ့ အလှဆင်နိုင်တဲ့
မိန်းကလေးမျိုး”
“အိုးဟိုး … ညွန်းလှချေလားကွ”
“နိုး..နိုး…သူ့အလှက ညွန်းလို့မရဘူးကွ၊ ကိုယ်တိုင်ခံစားဖူးမှ။ သူ့အလှကိုတော့ ညွန်းဖို့ ဘယ်စကားလုံးသုံးရင်ကောင်းမလဲလို့ အကြိမ်ကြိမ်စဥ်းစားနေတဲ့ငါတောင် တပတ်တိတိကြာပြီ”
“ဘုရား ဘုရား ဒီဇတ်လမ်းမပြီးခင် ရူးမသွားပါစေနဲ့လို့ အကြိမ်ကြိမ်ဆုတောင်းမိပါရဲ့မောင်ရယ်၊နောက်မှဆို မင်းစကားတွေကြောင့်
ငါအရင်ရူးရပါလိမ့်မယ်”
(၈)
နောက်သုံးပတ် အကြာမှာတော့ မိုးနိုင်ပြောတာမလွန်ဟူသော ကောက်ချက်မျိုး
သန်းထိုက်ဆီမှ ထွက်ကျလာဖို့ အကြောင်းဖန်လာသည်။ ရန်ကုန်ကနေ မော်လမြိုင်ရှိ
တရားရိပ်သာသို့ မိုးနိုင်တယောာက် လှူဖွယ်ပစ္စည်းများ သွားပို့စဥ် သူလည်းအဖော်အဖြစ် လိုက်သွားခဲ့သည်။ တိုက်ဆိုင်ချက်က ဝတ္တုဇာတ်လမ်းတို့ထက်ပင် ဆန်းကျယ်လှသည်။ ကျောင်းဝင်းထဲအရောက်မှာပင် ကျောင်းထဲမှ ထွက်လာသော ကောင်မလေးနှင့် ပက်ပင်းတိုး၏။ ထင်မှတ်မထားသော တိုက်ဆိုင်မှု အတွက် မိုးနိုင်တယောက်ပါးစပ်ပင် မစိနိုင်ခဲ့။
ကံကြမ္မာကိုသာ အံ့အားသင့်မှင်သက်ခဲ့ရသည်။ ဒီတခါ မှတ်မိနေဟန်တူသော မိန်းမပျိုလေးက အရင်ရယ်ပြုံးပြီး နှုတ်ဆက်လေသည်။ ဘေးတွင် အသက် (၅၀)ကျော်အရွယ် ဖခင်ဖြစ်ဟန်တူသော လူကြီးတယောက်လည်းပါ၏။ အံ့အားသင့်လွန်းသဖြင် အာစေးမိနေသူပမာဖြစ်နေသော မိုးနိုင်တစ်ယောက် နှုတဆက်စကားပင် ကောင်းကောင်းမဆိုမိခဲ့။
“လွန်တော့မလွန်ပါဘူးကွာ”
“ဘာလဲကွ”
“ကောင်မလေးက ချောတာတော့ တော်တော့ကိုချောတယ်၊ မင်းပြောတာမလွန်ဘူး”
ကောင်မလးထွက်သွားရာ အပေါက်ဝသို့ကြည့်ရင်း သူ့ဘာသာတိုးတိုးရေရွတိသည်။
“အမြင်မှန်ရသွားတဲ့သဘောလား”
“အမှန်မြင်သွားတယ်ပြောစမ်းပါကွာ”
ခဏနေတော့ သန်းထိုက်က တစုံတခုတွေးလိုက်မိဟန် တူ၏။
“ဒါနဲ့ နေဦးကွ..မင်းဝတ္တုမှာ သူ့အဖေနေရာက ငါ့ကိုထည့်ပေးပါလား”
“ဘယ်လို”
“ဪ မင်းတို့ဇာတ်လမ်းက ဒီမှာမပြီးသေးဘူးလို့ ငါအာရုံရနေတယ်။ အပြင်က
အတိုင်းဆိုရင်ဇာတ်ဆောင်မင်းသားနေရာက မင်းနဲ့ ယှဉ်ပြိုင်ဖို့ ငါ့ရုပ်ရည်က အချောကြီးမဟုတ်ဘူး။ ဗီလိန်ခန်းက ပါရင်လည်း မင်းသားနဲ့တွေ့ရင် ငါပဲခံရမှာ။ ဒီတော့ ဒီမိန်းမပျို လှတပတလးကို မွေးထုတ်ပေးတဲ့ အဖေခန်းနေရာက နေရင်မဆိုးဘူးလားလို့၊ အနည်းဆုံးတော့ ဇတ်ဆောင်ကို
နှိပ်ကွပ်လို့ရသေးတယ်လေကွာ”
သန်းထိုက်စကားကြောင့် နှစ်ဦးသားသဘောကျစွာရယ်မောမိကြ၏။
(၉)
လက်တွေ့တွင်တော့ သန်းထိုက်တယောက်အဖေနေရာ မရောက်ခဲ့။ အဘယ့်ကြောင့်ဆိုသော
နောက်ငါးရက်အကြာမှာပင် ကောင်မလေး၏ဖခင်ဖြစ်သူကိုယ်တိုင်
သူတို့အိမ်တံခါးဝရှေ့တည့်တည့် ရောက်ရှိခဲ့၍ပါ။
“အိမ်ရှင်တို့”
သူတို့နှစ်ဦးဌားထားသောခြံတံခါးကို လာခေါက်သဖြင့် ခြံထဲပန်းပျိုးနေသော
မိုးနိုင်က သန်းထိုက်ကိုတံခါးသွားဖွင့်ခိုင်းသည်။
“မင်းအတွက် အထူးဧည့်သည်ပါလာတယ်”
လှည့်ကြည့်လိုက်တော့ သန်းထိုက်နောက်မှ ကပ်ပါလာသော
မျက်ဝန်းနက်လေးတစ်စုံနှင့် ပက်ပင်းတိုး၏။ အံ့အားသင့်လွန်းသဖြင့်
အသက်ရှုဖို့ပင် မေ့လျှော့နေခဲ့သည်။ ဒီတတိယအကြိမ်တွေ့ဆုံမှုကတော့
သူထင်မှတ်မထားသော အံ့အားသင့်စရာသတင်းစကားတစ်ခုကို တပါးတည်း
သယ်ဆောင်လာခဲ့သည်။
“အဲနေ့က မောင်ရင်ပြန်သွားတော့ အန်ကယ့်သမီးက သူက စာရေးဆရာမိုးနိုင်လေလို့
ပြောလိုက်တယ်။အန်ကယ်က အံ့အားသင့်ပြီး ရင်ထဲကမိုးရေးတဲ့ စာရေးဆရာ
မိုးနိုင်လားမေးတော့ သမီးက အန်ကယ့်ကိုသိလို့လားတဲ့။ ဒီလောက်
နာမည်ကြီးနေတဲ့ တက်သစ်စ စာရေးဆရာကို တသက်လုံးစာအုပ်ထုတ်စားလာတဲ့
တောင်ပံသစ်စာအုပ်ထုတ်ဝေရေးတိုက်ပိုင်ရှင် မြတ်သစ်က မသိပဲနေပါ့မလားလို့
ပြန်ပြောရတယ်”
အားပါးတရပြောနေသော အန်ကယ့်စကားထက် ဘေးနားတွင် တိုးတိတ်ငြိမ်သက်စွာ နားထောင်နေသူမိန်းမပျိုလေး မျက်နှာကိုသာ မဝံ့မရဲ ငေးကြည့်နေမိသည်။ ဪ…လက်စသတ်တော့ သူကလည်းနာမည်ကြီး စာအုပ်ထုတ်ဝေရေးတိုက်ပိုင်ရှင် ဦးမြတ်သစ်ရဲ့ သမီးပေပဲကိုး။
“မောင်ရင့် နာမည်တော့ ကြားဖူးနေတာ ကြာပါပြီ။ ငယ်ငယ်ရွယ်ရွယ်နဲ့ စာရေးအားကောင်းတဲ့ လူငယ်လေးတစ်ယောက်လို့ သိထားပေမယ့် ဒီလောက်ငယ်မယ်ထင်မထားဘူး၊ နောက်ပြီး ကိုချစ်ခင်နဲ့တွေးတုန်းကလည်း မောင်ရင့်အကြောင်းပြောလို့ ကြားဖူးတယ်။ မင်းနဲ့တွေ့ပြီး
စာအုပ်ထုတ်ဖို့တောင် သူ့ဖက်က ပြန်တိုက်တွန်းနေသေးတယ်လေ”
သူ့ဘာသာ သဘောကျစွာ ရယ်ရင်း ဦးမြတ်သစ်က ဆို၏။ဦးချစ်ခင်ဆိုတာ
“ရင်ထဲကမိုး”စာအုပ်ထုတ်ဝေပေးသူ စာအုပ်တိုက်ပိုင်ရှင်ဖြစ်သည်။
“ဒီကြားထဲကိစ္စတချို့ကြောင့် မောင်ရင်နဲ့ အခုမှလာတွေ့ရတာ၊ ဖြစ်နိုင်ရင် မောင်ရင်နဲ့လက်တွဲပြီး စာအုပ်တအုပ်လောက်ထုတ်ဖို့ ကမ်းလှမ်းပါရစေ၊ ဘာစာအုပ်ဖြစ်ဖြစ်ပါ။ မောင်ရင်နဲ့တွဲလုပ်ရင်အောင်မြင်မယ်လို့ အန်ကယ်ယုံတယ်..”
အိမ်မက်ဆန်ဆန် အိမ်ထဲထိရောက်ရှိလာသော ဤကမ်းလှမ်းမှုအား
ငြင်းပယ်ရလောက်အောင်ထိ မိုးနိုင်မရူးမိုက်ပါ။ ထို့ထက်ပို၍ကား
ရေးလက်စစာအုပ်အတွက် အဓိကအရေးပါဆုံးဇာတ်ကောင်မင်းသမီးနှင့်
တွေ့ဆုံပြီးကာမှ ဤဇာတ်လမ်းအားအဆုံးသတ်လိုက်ဖို့ ဘာအကြောင်းရင်းမှ
ရှိမနေပါ။ မိုးနိုင်တယောက် ကျေကျေနပ်နပ်ကြီး လက်သင့်ခံလိုက်သည်။
(၁၀)
ကံကြမ္မာ၏မျက်နှာသာပေးမှုလား၊ မိုးနိုင်၏ ကြိုးစားအားထုတ်မှုလားမသိ။
နောက်ရက်အနည်းငယ်အတွင်းမှာပင် အဖေတစ်ခုသမီးတခုနေသော ဦးမြတ်သစ်အပြင်
သူ့သမီးနှင့်ပါ ရင်းနှီးသွားသည်။ ကောင်မလေးနာမည်က မြတ်ရိပ်ငြိမ်တဲ့။
နာမည်လေးနှင့်လိုက်အောင် တည်ကြည်အိြေန္ဒကြီးလှသော မိန်းကလေးကြောင့်
အချစ်ကို ဝတ္တုစာအုပ်ထဲမှာ ခံစားဖူးသော မိုးနိုင်ရင်ထဲ လှိုင်းတံပိုးထသလို ကြည်နူးမှုမျိုး ခံစားရသည်။ သူနဲ့တွေ့တိုင်း ရယ်မောပျော်ရွင်ရိပ်ထင်နေသော မြတ်ရိပ်ငြိမ်ကြောင့်ပျော်ရွင်ဖွယ်အတိပြီးသော နေ့ရက်တို့ကို မိုးနိုင်တယောက်ဖြတ်သန်းရသည်။ ဘဝတွင် တကြိမ်တခါမှမခံစားခဲ့ဖူးသော
ပျော်ရွင်ကြည်နူးမှုမျိုးရယ်ပါ။ ဒီချစ်ခင်ဖွယ်ကောင်းသော မိန်းမပျိုလေးနှင့်စကားပြောရုံမျှပင် ဤမျှကြည်နူးနေပါလျှင် အဆိုပါမိန်းကလေးနှင့်ဘဝခရီးကိုအတူလျှောက်လှမ်းရပါလျှင် ရရှိမည့်
ကြည်နူးဝမ်းမြောက်မှုမျိုးကို နှိုင်းယှဥ်စရာစကားလုံးပင်ရှာမတွေ့ခဲ့။ မနက်မိုးလင်းတိုင်း အစဥ်လှပနေသော မိုးကောင်းကင်ကြီးအား ငေးမောကြည့်ပြီး မကြာခင် တွေ့ဆုံရမည့် မြတ်အကြောင်းတွေးရင်း နှလုံးသားက တိမ်တိုက်ထဲရောက်သည့်ပမာ အဆုံးစွန်မဲ့ မျောလွင့်ခဲ့ရသည်။
မြတ်နှင့် စကားပြောရင်း ရင်းနှီးမှုက တဖြည်းဖြည်းပိုပိုလာသည်။ တယောက်နှင့်တယောက် ဖွင့်မပြောဖြစ်ကြပေမယ့် တယောက်ခံစားချက်တယောက် နားလည်သည့်အဆင့်ထိ ရောက်ခဲ့သည်။ သို့သော် အံ့အားသင့်စရာတစ်ခုက ခင်မင်ရင်းနှီးပြီး နှစ်လခန့်အကြာမှာပင် မြတ်က သူ့ကိုရှောင်ဖယ်ရှောင်ဖယ် စလုပ်လာသည်။ မြတ်နှင့် ပက်ပင်းတိုးတိုင်း အားငယ်ရိပ်ထင်ကျန်နေသော
မျက်ဝန်းအစုံဖြင့် မသိမသာငေးမောရင်း မကြာခဏ ရှောင်ထွက်သွားတတ်သည်ကို သတိပြုမိခဲ့သည်။ မြတ်၏ သူစိမ်းဆန်ဆန်ဆက်ဆံမှုကို မခံစားနိုင်တော့သည့် မိုးနိုင်တစ်ယောက် နောက်ဆုံး ဘယ်လိုအဖြေထွက်ထွက် ဘဝတွင်တကြိမ်တခါသာချစ်ခဲ့ဖူးသော မိနိးမပျိုလေးကို ဖွင့်ပြောတော့မည်ဟု ဆုံးဖြတ်ပြီး မြတ်ရှိရာသို့အပြေးလှမ်းလာခဲ့သည်။
(၁၁)
မျက်စိမျက်နှာပျက်နေသော ဦးမြတ်သစ်ကို ဝင်ဝင်ချင်းတွေ့သည်။
“သမီး တရားစခန်းဝင်သွားပြီ” “ဘယ်တော့ပြန်လာမှာလဲဦး”
ဦးမြတ်သစ်ခေါင်းခါသည်။
“သူဘယ်တော့မှပြန်လာတော့မှမဟုတ်ဘူး၊ သူ ငါတို့အားလုံးကိုထားခဲ့ပြီ”
“ခင်ဗျာ..ဘယ်လို”
အံအားသင့်သွားသော သူ့ကို ဦးမြတ်သစ်ကို ကြည့်ရင်း ….
“သူ သီလရှင်အပြီးဝတ်သွားတာ၊ ဘယ်တော့မှ ပြန်လာတော့မှာမဟုတ်ဘူး”
“ဘယ်လိုဖြစ်ရတာလဲဗျာ”
တုန်ယင်စွာ မေးတော့ ဦးမြတ်သစ်က ယဲ့ယဲ့ပြုံးသည်။
“သမီးလေးက ငယ်ငယ်တည်းက ချစ်မွေးပါတယ်၊ မြင်သူတိုင်းက သူ့ကို
သိပ်ချစ်ကြတာ။ ကံသိပ်ကောင်းတဲ့ကလေးဆိုရမှာပေါ့၊ သူ့အသက်(၁၃)နှစ် အပျိုဝင်ကာစမှာ အပျင်းဖျားတယ်၊ ဆေးရုံကဆရာဝန်ကြီးတောင် လက်လျှော့လို့ အိမ်တောင်ပြန်ခေါ်လိုက်ရပြီ၊ အဲဒီအချိန်မှာပဲ နတ်ဆရာတစ်ဦးကထူးထူးဆန်းဆန်း ပေါက်ချလာတယ်။ သူက ဒီကလေးအသက်ကို ပြန်ကယ်တင်ပေးပါမယ်တဲ့၊ ငါတို့ဘယ်လောက် ဝမ်းသာခဲ့ရလဲဆိုတာ စကားလုံးတောင်ရှာမရဘူး”
ဦးမြတ်သစ်ပြောရင်းမျက်ရည်တွေ ဝှေ့တက်လာသည်။
“ဒါပေမယ့် သူက ကတိတစ်ခုတော့တောင်းတယ်၊ ဒီကလေးကို ဘယ်တော့မှ အိမ်ထောင်မပြုပါစေနဲ့တဲ့၊ ငါတို့ကဘာဖြစ်လို့လဲလို့မေးတော့ သူက ဒီကလေးက သိုက်ကလာတာတဲ့၊ ဒါ့ကြောင့် သူအပျိုဖြစ်ပြီး အိမ်ထောင်ကျမှာစိုးလို့ ပြန်ခေါ်ဖို့ကြိုးစားတာတဲ့။ အခု သူ့ကိုကယ်ပြီးရင်
သူ့တသက်အိမ်ထောင်ပြုလို့ရမှာ မဟုတ်ဘူးတဲ့၊ အိမ်ထောင်ပြုရင် သူ့အိမ်ထောင်ဖက် မိသားစုက ကံဆိုးမိုးမှောင်ကျလိမ့်မယ်တဲ့”
ငါတို့လည်းမယုံရဲယုံရဲနဲ့ ကတိပေးလိုက်တယ်။ ခေတ်ပညာတတ်တွေဆိုတော့
ဒါမျိုးတွေအယုံကြည်မရှိတာလည်း ပါတာပေါ့၊ နောက်တော့မေ့မေ့ပျောက်ပျောက်ဖြစ်သွားတယ်။ ငါ့မှာ ငယ်သူငယ်ချင်းတစ်ယောက်ရှိတယ်။ စိုးနိုင်တဲ့။ သူ့သားက သမီးလေးကိုမြင်မြင်ချင်း သိပ်စွဲလမ်းသွားခဲ့တာ၊ ကောင်လေးကရည်ရည်မွန်မွန် ခေတ်ပညာတတ်လေး၊ သမီးအပေါ်လည်း သိပ်အနွံတာခံတဲ့ကလေး။ နောက်ဆုံးကျတော့ သူ့မိဘကတဆင့် တောင်းရမ်းလာတယ်။ သမီးကတော့ မိဘသဘောကျဆိုပြီး ဘာမှမကန့်ကွက်ရှာပါဘူး၊ နောက်ဆုံးလက်ထပ်ဖို့ ငါတို့လူကြီးချင်းပဲ
စီစဥ်လိုက်ကြတယ်၊ ငါက မိန်းမကိုပြောတယ်၊သမီးက အိမ်ထောင်ပြုလို့ဖြစ်ပါ့မလား ဆိုတော့ သူက ရှင်ခေတ်ပညာတတ်ဖြစ်ပြီး ဒါတွေယုံနေသလားဆိုပြီးပြောတယ်၊ ငါ့အနေနဲ့ကတော့ ဒါတွေယုံတယ်လည်းမဟုတ် မယုံဘူးလည်းမဟုတ်။ ဒါပေမယ့်သမီးလေးကို စိတ်ချရတဲ့သူလက်ထဲ
အပ်ချင်တဲ့စိတ်ဆန္ဒကတော့ ရှိနေတော့ လက်ခံလိုက်တယ်။နောက်တော့…နောက်တော့”
ပြောရင်း အသံတို့တိမ်ဝင်လာသည်။
“လက်ထပ်မယ့်နေ့မတိုင်ခင် ကောင်လေး မိသားစုတို့ မန္တလေးကဆင်းလာတယ်၊
မဂလာပွဲအတွက် ရန်ကုန်အလာ အမြန်လမ်းမှာ ကားအက်စီးဒင့်ဖြစ်ပြီး
တစ်မိသားစုလုံး ဆုံးသွားကြတယ်။ သူတို့ကိုသွားခေါ်တဲ့ ငါ့မိန်းမလည်း
အဲဒီကားအက်စီးဒင့်မှာ ပါသွားတယ်”
ပြောရင်း ဦးမြတ်သစ် အသံတွေတုန်ယင်လာပြီး မျက်ရည်တွေ ရစ်ဝိုင်းလာသည်။
“သမီးလေးက သူ့အမေ အကြောင်းကြားပြီးကတည်းက သူ့ကြောင့် ဖြစ်ရတာဆိုပြီး
စိတ်ဒဏ်ရာအကြီးအကျယ်ရခဲ့တယ်။ မစားနိုင်မသောက်နိုင်နဲ့ နောက်ဆုံးကိုယ့်ကိုယ်ကို သတ်သေဖို့ထိကြိုးစားခဲ့လို့ဆေးရုံတင်လိုက်ရတယ်။ ဆေးရုံကဆင်းတော့ သူသီလရှင်အပြီး ဝတ်တော့မယ်လို့ပြောတယ်။ ဒီလူ့ဘောင်ကြီးကို သူညည်းငွေ့နေပြီတဲ့”
ဦးမြတ်သစ်ပြောရင်း မျက်ရည်မဆည်နိုင်တော့။ ငိုသံပါကြီးနှင့်..
“ဖအေတစ်ခု သမီးတစ်ခုဘဝမှာ
ငါဘယ်လိုလုပ်ခွင့်ပြုနိုင်ပါ့မလဲကွာ၊အမျိုးမျိုးနားချပြီး နောက်ဆုံးတော့ သူ စိတ်ပြေလက်ပျောက် တရားစခန်းဝင်ချင်တယ်တဲ့။ ဒါကြောငိ့ ငါတို့ဇာတိမြို့ဖြစ်တဲ့ မော်လမြိုင် တရားစခန်းဝင်ဖို့
စုံစမ်းတဲ့အချိန်မင်းနဲ့ တွေ့ခဲ့တာပဲ”
ဦးမြတ်သစ်က မျက်ရည်စများကို မသိမသာသုတ်ပြီး ဆက်ပြောသည်။
“သူတရားစခန်းကထွက်လာတော့ ပုံမှန်အခြေနေအတိုင်းဖြစ်လာတော့ ငါဖြင့် ဝမ်းသာလိုက်ရတာ။ကျေးဇူးတင်လွန်းလို့ အဲဒီတရားစခန်းကိုသွားလှူရင်း
မင်းနဲ့စတွေ့ရတာပဲ၊ နောက်ပိုင်း မင်းတို့ချင်းခင်မင်ပြီး သမီးလေးပျော်ရွင်နေတာမြင်တော့ ငါ့စိတ်ထဲဖြစ်လာတဲ့ ဝမ်းသာပီတိက ပြောစရာစကားလုံးတောင်မရှိဘူး။ သမီးကို ဒီပုံစံနဲ့မမြင်ရတာကြာပြီကိုး။ မင်းတို့ချင်း ကြိုက်နေတာ ငါရိပ်စားမိပါတယ်။မနေ့က သူကငါ့ကို ရုတ်တရက် သီလရှင်အပြီးဝတ်တော့မယ်ပြောတယ်။ ဒီနေ့ ထွက်သွားတော့တာပဲ”
မိုးနိုင်က မယုံကြည့်နိုင်ဟန်ဖြင့် ဦးမြတ်သစ်ကိုမေးသည်။
“သူထွက်သွားမှာကို ဦးက ဘာ့ကြောင့်မတားခဲ့ရတာလဲဗျာ”
“ဘယ်နေပါ့မလဲကွာ၊ တားတာပေါ့၊ သိပ်တားခဲ့တာပေါ့၊ သူ့နောက်ဆုံးစကားကြောင့်
ငါ့ဆက်တားလို့ မရတော့ဘူးဆိုတာ သိခဲ့တာ”
“သူကဘာပြောလို့လဲ”
“သူ့ကိုမတားပါနဲ့တော့တဲ့။ သူဖြစ်ချင်တာကိုဆက်တားရင် သူလုပ်မိလုပ်ရာဆက်လုပ်မိရင် အားလုံးစိတ်ဆင်းရဲစရာတွေဖြစ်ကုန်လိမ့်မယ်တဲ့။ သူ့စိတ်ကို ငါကောင်းကောင်းကြီး သိတယ်။ ငါ့သဘောကတော့ ငါ့ရင်ခွင်ထဲကထွက်သွားရင်တောင် အနည်းဆုံး သူ့ဘဝလေး အေးအေးချမ်းချမ်းရှိနေတာကို ငါအဝေးကနေ ကြည့်နေနိုင်သေးတယ်လေ၊ ကဲ
ငါဆက်တားသင့်သေးသလား”
မိုးနိုင်ဘာမှဆက်ပြောနိုင်တော့ဘဲ ခေါင်းငိုင်စိုက်ကျသွား၏။
ဦးမြတ်နိုင်ကစားပွဲပေါ်တင်ထားသော စာရွက်ခေါက်လေးကို လှမ်းယူသည်။
“ရော့ သမီးက မင်းအတွက် စာတစ်စောင်ထားခဲ့တယ်။ မင်း လာရင်
ဒီစာရွက်ခေါက်လေးကို ပေးလိုက်ပါလို့ မှာသွားတယ်”
မိုးနိုင်တယောက်စာရွက်ခေါက်လေးကို တုန်ယင်သော လက်အစုံဖြင့် လှမ်းယူလိုက်သည်။
(၁၂)
“အစ်ကို..
ဖွင့်မပြောခဲ့ကြပေမယ့် အစ်ကို့ခံစားချက်ကို မြတ်နားလည်သဘောပေါက်ပါတယ်။ မြတ်အတွက် အစ်ကိုနဲ့စကားပြောခဲ့တဲ့ရက်တွေက မေ့လို့မရတဲ့ရက်တွေပါ။ မြတ်ဘဝမှာ တကြိမ်တခါမှ မခံစားဖူးတဲပျော်ရွင်မှုတွေကို ရှာဖွေပေးခဲ့တဲ့ အစ်ကို့ကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် အစ်ကိုရယ်..မြတ်က လူတစ်ယောက်၊ မိသားစုတစ်စုကို မရည်ရွယ်ပဲ ဒုက္ခပေးခဲ့သူပါ။ မြတ်ကြောင့် နောက်ထပ်ဘယ်သူ့ကိုမှ ဒက္ခမရောက်စေချင်တော့ဘူး။ အထူးသဖြင့် အစ်ကို့ကိုပေါ့။ မြတ်ဒီရက်ပိုင်း အကြိမ်ကြိမ်စဥ်းစားခဲ့ပြီးပြီ။ မိန်းမ တစ်ယောက်ဟာ သူ့ဘဝမှာ အသက်ထက်ပိုပြီး တွယ်တာမြတ်နိုးရတဲ့ သူတယောက်ရှိခဲ့ရင်အဲသည်သူအတွက် အရာရာစွန့်လွတ်အနစ်နာခံဖို့ အသင့်ရှိနေရမယ်လို့ မြတ်ထင်တယ်။ အစ်ကိုနဲ့ဆက်တွေ့နေရင် မြတ်ဖက်က ဆုံးဖြတ်ချက် ပြတ်သားနိုင်တော့မှာမဟုတ်ဘူး အစ်ကိုရယ်။ တကယ်ပါ..မြတ်ချစ်မြတ်နိုးရသူအတွက် မြတိအသက်နဲ့ ခန္ဓာပေးရမယ်ဆိုတောင် ကျေကျေနပ်နပ်ကြီး ပေးဆပ်ဖို့ဆုံးဖြတ်ထားခဲ့တာပါ။ ဒါပေမယ့် ကိုယ်မြတ်နိုးတွယ်တာရသူတယောက်ရဲ့ အသက်ကို လောင်းကြေးထပ်ရလောက်အောင်ထိ မြတ်သတ္တိမရှိဘူး အစ်ကို။ ကိုယ်ချစ်ရသူ အသက်ထက် ဘာတွေကများ ပိုအရေးကြီးနေဦးမှာလဲ အစ်ကိုရယ်၊ မြတ်ဆုံးဖြတ်ချက်ဟာ အစ်ကို့အတွက်ပေးနိုင်တဲ့ မြတ်ဖက်က နောက်ဆုံးလက်ဆောင်လေးပါ။ မြတ်ကို မရှာပါနဲ့တော့။ အစ်ကို့ကိုတွေ့ရင် မြတ်ဆုံးဖြတ်ချက်တွေ ပြောင်းလဲသွားလိမ့်မယ်။ မြတ်ဆုံးဖြတ်ချက်ကိုမြတ်အသက်နဲ့ထပ်တူ ဘယ်တော့မှ ပြောင်းလဲသွားမှာမဟုတ်ဘူး အစ်ကို။ အစ်ကိုနဲ့ ပျော်ရွှင်ခဲ့ရတဲ့နေ့ရက်တွေကို မြတ် အမြဲအမှတ်ရနေမှာပါ။ အစ်ကို့ဘဝလေး အမြဲထာဝရ ငြိမ်းချမ်းသာယာပါစေလို့ အဝေးက ဆုတောင်းပေးခဲ့ပါတယ်။
သံသရာခရီးသည် (ခေတ္တ)
မြတ်
စာရွက်ခေါက်လေးကိုကိုင်ရင်း မိုးနိုင်အမြင်အာရုံတို့ ရုတ်ခြည်း ဝေဝါးသွားသည်။ အံကိုကြိတ်ပြီးမျက်စိမှိတ်လိုက်တော့ မျက်ရည်ပူစီးကြောင်းနှစ်ခု ပါးပြင်ပေါ် စီးကျလာ၏။ လောကတွင် အချစ်အတွက် အသက်ကို စွန့်လွတ်စတေးဝံ့သူတွေ များစွာရှိခဲ့ပါ၏။ မြတ်ကား ထိုသို့မဟုတ်။ ချစ်သူအတွက်သူမအချစ်သာမက ဘဝကိုပင် အဆုံးစွန် စတေးပစ်ခဲ့သူသာတည်း။
ထာဝရမေတ္တာရှင်မလေး မြတ်ကိုမိုးနိုင်ဘဝတွင် ဘယ်သောအခါမှ
မေ့ပျောက်နိုင်လိမ့်မည် မဟုတ်ချေ။
ဒေါက်တာအေးမင်းထူး
Write Reviews
Leave a Comment
No Comments & Reviews