Open 9:00-12:00 AM
+95 92051590

Truth about melasma

28 Aug, 2026 | No Comments

Truth about melasma

တင်းတိပ်ထွက်ခြင်း နောက်ကွယ်

လူတစ်ယောက်ရဲ့ မျက်နှာအသားအရေဟာ ညီညာပြီး တစ်ရောင်တည်းဖြစ်နေတဲ့အခါ ပိုမိုသန့်စင်ပြီး ကြည်လင်တယ်လို့ ခံစားရတတ်ပါတယ်။ ဒါပေမယ့် မထင်မှတ်ဘဲ မျက်နှာပေါ်မှာ အညိုရောင်အကွက်တွေ စတင်ပေါ်ပေါက်လာတဲ့အခါ လာပြီး တင်းတိပ်ထွက်လာပြီဆိုပြီး စိုးရိမ်လာတတ်ကြပါတယ်။ ဒီဆောင်းပါးမှာ တင်းတိပ်ထွက်ခြင်းအကြောင်းရင်းနဲ့ ဆောင်ရန်ရှောင်ရန်တွေ ဖော်ပြသွားမှာဖြစ်ပါတယ်။

တင်းတိပ်ကို ဆေးပညာအရ Melasma ခေါ်ပါတယ်။ တင်းတိပ်ဖြစ်လာတဲ့အခါ အရေပြားထဲမှာရှိတဲ့ melanocytes (အမည်းရောင်ခြယ်ဆဲလ်) တွေဟာ ပုံမှန်ထက် တက်ကြွလှုပ်ရှားလာပြီး melanin pigment (မယ်လနင် အမည်းရောင်မှုန်)တွေ အလွန်အကျွံ ထုတ်လုပ်လာပါတယ်။ Melanin ပိုများလာတာနဲ့အမျှ အရေပြားအရောင်ဟာ မညီမညာဖြစ်လာပြီး တင်းတိပ်အမည်းစက်တွေကို ဖြစ်ပေါ်စေတယ်။  ဒီနေရာမှာ အရေးကြီးတဲ့အချက်က တင်းတိပ်ဟာ melanin ထုတ်လုပ်မှုများတာ တစ်ခုတည်းကြောင့် ဖြစ်တာမဟုတ်ပါဘူး။ နေရောင်ခြည်၊ ဟော်မုန်းအပြောင်းအလဲ၊ မျိုးရိုးဗီဇနဲ့ အသက်အရွယ် စတာတွေနဲ့ သက်ဆိုင်တယ်။ တခြားအချက်အလက်တွေဖြစ်တဲ့ melanin distribution ပြောင်းလဲခြင်း၊ mast cells၊ solar elastosis၊ basement membrane alteration နဲ့ vascular changes စတဲ့ အခြား biological processes တွေလည်း ပါဝင်နိုင်တယ်။

ယေဘုယျအားဖြင့် နေရောင်ခြည်ထိတွေ့တဲ့အခါ တင်းတိပ်ဟာ ပိုဆိုးလာတတ်တယ်။ ခရမ်းလွန်ရောင်ခြည် (UV rays) ထိတွေ့မှုက မယ်လနင်ဆဲလ်တွေကို melanin ပိုမိုထုတ်လုပ်အောင် လှုံ့ဆော်လို့ဖြစ်တယ်။ ဒါ့အပြင် visible light ကလည်း darker skin tones ရှိသူတွေရဲ့ melasma ကို ပိုမိုသိသာစေနိုင်ပါတယ်။ လူနာတချို့ဟာ ဆောင်းရာသီတုန်းက သိပ်မသိသာဘဲ နွေရာသီရောက်တော့ တင်းတိပ်တွေ ပိုမည်းလာတယ် ဆိုတာမျိုးဟာ ပြင်းထန်တဲ့နေရောင်ခြည်က melanocyte activity ကို ထပ်မံလှုံ့ဆော်ပေးနိုင်လို့ပါ။

တင်းတိပ်က ဟော်မုန်းအပြောင်းလဲကြောင့်လည်း ဖြစ်တတ်တယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ estrogen နဲ့ progesterone အပါအဝင် ဟော်မုန်းအပြောင်းအလဲတွေ ဖြစ်လာတာက တင်းတိပ် ဖြစ်ပေါ်လာမှုနဲ့ ဆက်စပ်နေပါတယ်။ တစ်ခါတစ်ရံ “mask of pregnancy” လို့လည်း ခေါ်ကြပါတယ်။ ဒါ့ပြင် Oral contraceptive pills တားဆေး နဲ့ အခြား estrogen/progesterone-related hormonal exposures တွေကြောင့်လည်း တင်းတိပ်ပိုဆိုးစေတယ်။

ဒါတင်မက မျိုးရိုးနဲ့လည်းဆက်စပ်နေတယ်။ ဒါကြောင့် မိသားစုထဲမှာ Melasma ဖြစ်ဖူးသူရှိရင် ကိုယ်တိုင်လည်း ဖြစ်နိုင်ခြေ ပိုရှိနိုင်ပါတယ်။ တင်းတိပ်က မျိုးရိုးလိုက်တာထက် မျိုးရိုးဗီဇအရ တင်းတိပ်ထွက်နိုငိချေ ပိုများတာဖြစ်ပါတယ်။ တောင်ပေါ်ဒေသနေထိုင်သူတွေပိုဖြစ်ကြတယ်။ ယေဘုယျအားဖြင့် တင်းတိပ်ဟာအသက်အရွယ်ပေါ်လိုက်ပြီးပြောင်းလဲတတ်တယ်။ အထူးသဖြင့် အပျိုဖော်ဝင်ပြီး နောက်ပိုင်းကာလတွေမှာ အဖြစ်များတယ်။ လွန်ခဲ့တဲ့နှစ်တွေက အသက် (၄၀)ကျော်အရွယ်မှာပဲ တွေ့ရလေ့ရှိတဲ့တင်းတိပ်ဟာ ဒီဖက်ခေတ်ကာလမှာ အသက်(၂၀)ကျော် မြန်မာမိန်းကလေးတွေမှာ စတင်တွေ့ရှိလာရပါတယ်။

စိတ်ဖိစီးမှု နဲ့ တင်းတိပ်ကြားမှာ ဆက်နွယ်မှုရှိနိုင်တယ်လို့ ပညာရှင်အချို့က သတ်မှတ်ကြတယ်။စိတ်ဖိစီးမှုကို possible trigger တစ်ခုအဖြစ် ဖော်ပြထားပေမယ့် ပိုမိုတိကျတဲ့ ဆက်နွယ်မှု evidence ကို လေ့လာနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် Stress များလို့ တင်းတိပ်ဖြစ်တာလို့ တိတိကျကျ မပြောနိုင်ပေမယ့် ဆက်စပ်အကြောင်းအရာတစ်ခုတော့ဖြစ်နိုင်တယ်။

တင်းတိပ်ရှိသူဟာ မျက်နှာပေါ်မှာ အညိုရောင် (သို့မဟုတ်) မီးခိုးညိုရောင် အကွက်တွေအဖြစ် စတင်သတိထားမိတတ်ပါတယ်။ များသောအားဖြင့် ပါးနှစ်ဖက်၊ နဖူး၊ နှာခေါင်း၊ နှုတ်ခမ်းအပေါ်ဘက် နဲ့ မေးစေ့တွေမှာ တွေ့ရတတ်တယ်။ တစ်ခါတစ်ရံ လည်ပင်း၊ လက်မောင်းနဲ့ အခြားနေရောင်ထိတွေ့တဲ့နေရာတွေမှာလည်း ဖြစ်နိုင်ပါတယ်။ တင်းတိပ်ဟာ အမျိုးသမီးတွေမှာ ပိုအဖြစ်များပေမယ့် အမျိုးသားတွေမှာလည်း ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အသားညိုတဲ့ အမျိုးသားတွေမှာ ပိုတွေ့နိုင်ပါတယ်။ ဒါကြောင့် အမျိုးသားမှန်ရင် တင်းတိပ်မဖြစ်ဘူးဆိုတာ မဟုတ်ပါဘူး။

တင်းတိပ်အမျိုးအစား

တင်းတိပ်ဖြစ်တဲ့အခါ အရေပြားလွှာပေါ် မူတည်ပြီး epidermal, dermal နဲ့ mixed patternတွေအဖြစ် ခွဲခြားလေ့ရှိပါတယ်။ တင်းတိပ်အရောင်အသွေးပေါ်မူတည်ပြီး အပေါ်လွှာတင်းတိပ် (epidermal melasma)၊ အောက်လွှာတင်းတိပ် (dermal melasma) နဲ့ အရေပြားနှစ်လွှာလုံးမှာဖြစ်တဲ့ တင်းတိပ် (mixed type melasma)ဆိုပြီးရှိပါတယ်။ 

အပေါ်ယံတင်းတိပ်ဟာ အရောင်က ပိုရင့်ပြီး အကွက်က ပိုထင်ရှားနိုင်တယ်။အောက်လွှာတင်းတိပ်က အညိုရောင်ဖျော့ပြီး မီးခိုးပြာရောင်ဖြစ်နေနိုငိတယ်။ အကွက်က မထင်မရှားဖြစ်နေတတ်တယ်။ နှစ်မျိုးစပ် တင်းတိပ် (mixed melasma)မှာတော့ အညိုရောင်နဲ့ မီးခိုးညိုရောင် စတဲ့ pigment pattern တွေ ရောနှောနေတတ်ပါတယ်။ ဒါကြောင့် လူနာတစ်ယောက် “တင်းတိပ်” ဖြစ်နေပေမယ့် အရောင်၊ အနက်နဲ့ morphology မတူနိုင်တာ ဖြစ်ပါတယ်။မြန်မာနိုင်ငံမှာ Mixed type pattern ကို လူနာအတော်များများမှာ တွေ့ရတာကြောင့် ခွဲခြားကုသဖို့ လိုပါတယ်။ 

အမည်းကွက်တိုင်း တင်းတိပ်မဟုတ်

———————————

မျက်နှာပေါ်မှာ အညိုရောင်အကွက်ပေါ်တိုင်း တင်းတိပ်လို့ မသတ်မှတ်သင့်ပါဘူး။Freckles, Solar lentigo, Post-inflammatory hyperpigmentation, Drug-induced hyperpigmentation, Acquired dermal macular hyperpigmentation, Naevus of Hori, Naevus of Ota စတဲ့ ရောဂါတွေဟာလည်း တင်းတိပ်နဲ့ ဆင်တူနိုင်ပါတယ်။ ဒါ့ကြောင့် နားလည်တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ သေချာပြသပြီးတင်းတိပ်ဟုတ်မဟုတ် စစ်ဆေးပြီး ကုသသင့်တယ်။

ကျွမ်းကျင်ဆရာဝန်အတွက် တင်းတိပ်အကွက်တွေကို ကြည့်ရုံနဲ့သိရှိနိုင်တယ်။ တင်းတိပ်ကို ကုသတဲ့အခါ အရေပြားဆရာဝန်က အကွက်ရဲ့ပုံစံ၊ အရောင်၊ နှစ်ဖက်ညီ/မညီ အရင်အကဲဖြတ်ရတယ်။ ဘယ်နေရာမှာဖြစ်သလဲ၊ နေရောင်နဲ့ ဆက်စပ်မှုဆေးဝါး/ဟော်မုန်း history တို့ကို စစ်ဆေးပါတယ်။ လိုအပ်ရင် Wood’s lamp နဲ့ dermoscopy ကို အသုံးပြုပြီး pigment distribution ကို ထပ်မံလေ့လာနိုင်တယ်။ 

တင်းတိပ်ဖြစ်တဲ့အခါ ဘာလိမ်းရမလဲဆိုတာထက်  ဘာဖြစ်နေတာလဲဆိုတာ မှန်ကန်စွာသုံးသပ်ပြီး ကုသသင့်တယ်။ တင်းတိပ်ရှိသူအတွက် ရောဂါကုသရုံမက ထပ်မဖြစ်အောင်ဘယ်လိုထိန်းသိမ်းမလဲ ဆိုတာက အရေးကြီးပါတယ်။ 

1. ☀️ နေရောင်ကို ကာကွယ်ပါ

  • နေရောင်ပြင်းတဲ့အချိန်မှာ တတ်နိုင်သမျှ နေရောင်တိုက်ရိုက်ထိတွေ့မှု လျှော့ပါ။
  • ထီး၊ ဦးထုပ်၊ အကာအကွယ်ကောင်းတဲ့ အဝတ်အစားတွေ အသုံးပြုပါ။
  • အပြင်ထွက်တဲ့အခါ broad-spectrum sunscreen ကို ပုံမှန်အသုံးပြုပါ။
  • တင်းတိပ်မှာ visible light လည်း အရေးပါနိုင်တာကြောင့် sunscreen ထဲမှာ iron oxides ပါဝင်တဲ့ formulation တွေကို အသုံးပြုသင့်တယ်။

2. 🧴 အရေပြားကို နူးညံ့အောင် ထိန်းသိမ်းပါ

  • တင်းတိပ်ထွက်တဲ့အခါ အပျော့စား Gentle cleanser အသုံးပြုပါ။
  • အစိုဓာတ်ထိန်းဆေး (Moisturizer) ပုံမှန်သုံးပါ။
  • အရေပြား barrier ကို ကောင်းမွန်အောင်ထားပါ။

တင်းတိပ်ဖြစ်တဲ့အခါ မလိုအပ်ဘဲ အပြင်းစား TCA acid peeling လုပ်တာမျိုး ရှောင်ရှားသင့်တယ်။ peeling တွေက အမည်းကွက်မသက်သာဘဲ တင်းတိပ် ပိုဆိုးတတ်တယ်။ မလိုအပ်ဘဲ သဘာဝအိမ်သုံးနည်း (သံပုရာရည်၊ vinegar) စတာတွေ မလိမ်းပါနဲ့။ အက်စစ်ဓာတ်ကြောင့် တင်းတိပ်ပိုဆိုးလာနိုင်ပါတယ်။ မလိုအပ်ဘဲ ဟော်မုန်းဆေးသောက်တာတွေ ရပ်ပါ။ အွန်လိုင်းက ရောင်းတဲ့ အမည်မသိ တင်းတိပ်အမည်းစက်ပျောက်ဆေးတွေမှာ steroid၊ mercury သို့မဟုတ် အခြားဆိုးကျိုးရှိတဲ့ပစ္စည်းတွေ ပါနိုင်ပါတယ်။ အချိန်တိုအတွင်း သက်သာတယ်ထင်ရပေမယ့် ရေရှည်မှာ အရေပြားပျက်ဆီးပြီး ပိုဆိုးတာမျိုး ဖြစ်နိုင်ပါတယ်။

တင်းတိပ်ဟာ အန္တရာယ်ရှိတဲ့အရေပြားရောဂါ မဟုတ်ပါဘူး။ ဒါပေမယ့် မျက်နှာပေါ်မှာ ဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှု၊ စိတ်ကျေနပ်မှု နဲ့ လူမှုဆကိဆံရေးတွေမှာ ယုံကြည်ချက် အနည်းနဲ့အများ ပျောက်ဆုံးနိုင်တယ်။ တင်းတိပ်အမည်းကွက်တွေဟာ ကုသလို့ရတယ်။ ဒါပေမယ့်အခန့်မသင့်ရင် ပြန်ဖြစ်နိုင်တဲ့ chronic pigmentation disorder ရောဂါဖြစ်တဲ့အတွက် စနစ်တကျ ကုသဖို့ လိုအပ်ပါတယ်။တင်းတိပ်ရှိသူတိုင်း မှတ်ထားသင့်တဲ့အချက်က အမည်းကွက်တွေကို ဖြူအောင်လုပ်ဖို့ထက် အရေပြားမထိခိုက်စေဘဲ နဂိုအသားအရေအတိုင်း ပြန်လည်ကောင်းမွန်အောင် ပြုလုပ်ဖို့က ပိုအရေးကြီးပါတယ်။

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန်