လက်သည်းပုံပျက်ခြင်း
Trachyonychia ဆိုတာ nail plate လက်သည်းခွံမှာ အဖြူစင်းကြောင်း လှိုင်းတွန့်တွေ ပေါ်လာပြီး လက်သည်းတခုလုံး ပုံပျက်တဲ့ nail dystrophy အခြေအနေတစ်ရပ် ဖြစ်ပါတယ်။ Trachyonychia ဆိုတဲ့စကားလုံးမှာ Trachy (ကြမ်းတမ်းတဲ့) onychia (လက်သည်း ပြဿနာ)ကို ကိုယ်စားပြုတယ်။
အဓိကလက္ခဏာတွေက လက်သည်းမှာ အလျားလိုက် အစင်းကြောင်းများ(Longitudinal ridging) စတင်ပေါ်လာပါတယ်။ လက်သည်းခွံမျက်နှာပြင်ဟာ ကြမ်းတမ်းပြီး သဲစက္ကူလို ဖြစ်လာတယ်။ လက်သည်းက ပုံမှန်လို ကြည်လင်မနေတော့ဘဲ လက်သည်းမှိုတက်သလို ကြည့်ရဆိုးလာပါတယ်။ ကြာတာနဲ့အမျှ လက်သည်းက ပိုမိုကျိုးလွယ်၊ ပဲ့လွယ်လာနိုင်ပါတယ်။တခါတရံ လက်သည်းပေါ်အပေါက်သေးသေးလေးတွေ (pitting) တွေ တွေ့ရနိုင်ပါတယ်။ တချို့မှာ လက်သည်းအလွှာလိုက် ပဲ့ထွက်တာ(Splintering)မျိုးလည်း ဖြစ်နိုင်ပါတယ်။
Trachyonychia ဟာ လက်သည်းတစ်ချောင်းတည်း ဖြစ်နိုင်သလို လက်သည်းအများအပြားမှာလည်း ဖြစ်နိုင်ပါတယ်။လက်သည်း၊ခြေသည်း အားလုံးမှာ ဖြစ်ရင် Twenty-nail dystrophy လို့ခေါ်ပါတယ်။ Twenty-nail dystrophy ဆိုတာ pattern ကို ဖော်ပြတာ ဖြစ်ပြီး trachyonychia ကတော့ nail dystrophy ကို ဖော်ပြတဲ့ အခေါ်အဝေါ် ဖြစ်ပါတယ်။
သတိပြုရမှာက ကလေးတွေမှာလည်း twenty-nail dystrophy ပုံစံနဲ့ တွေ့ရနိုင်ပါတယ်။ တချို့လူနာတွေမှာ အခြားအရေပြားရောဂါ မရှိဘဲ လက်သည်းမှာပဲ ထိခိုက်နေတတ်ပါတယ်။ ဒီလိုအခြေအနေကို idiopathic trachyonychia လို့ သတ်မှတ်နိုင်ပါတယ်။ ကလေးဘဝမှာ ဖြစ်တဲ့ လက်သည်းပြဿနာဟာ အသက်ကြီးလာတာနဲ့အမျှ တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာနိုင်ပါတယ်။
လက်သည်းရဲ့ ပုံစံကို အဓိကဆုံးဖြတ်ပေးတာက nail matrix ဖြစ်ပါတယ်။ Nail matrix ကို လက်သည်းထုတ်တဲ့ စက်ရုံအဖြစ်နားလည်ရမယ်။ nail Matrix မှာ ရောင်ရမ်းမှု သို့မဟုတ် ထိခိုက်မှု ဖြစ်လာရင် အဲဒီက ထုတ်လုပ်တဲ့ nail plate ရဲ့ ပုံပန်းသဏ္ဌာန်ကို ပြောင်းလဲစေတယ်။ လက်သည်းအထူ၊ လက်သည်းညီညာမှု၊ ဖယောင်းပုံစံ ချောမွေ့မှုတွေ ပျက်စီးသွားနိုင်တယ်။ဒါကြောင့် Trachyonychia ကို နားလည်တဲ့အခါ လက်သည်းပေါ်မှာ ဖြစ်နေတာထက် လက်သည်းထုတ်တဲ့ စက်ရုံ (nail matrix) ပြဿနာကို ဦးစားပေးစဉ်းစားရပါတယ်။
Trachyonychia ဟာ nail matrix ကို ထိခိုက်စေတဲ့ အခြားအကြောင်းအရာတွေနဲ့ ဆက်စပ်နိုင်တယ်။ ဥပမာ Lichen planus ဟာ လက်သည်း matrix ကို ထိခိုက်စေပြီး nail dystrophy ဖြစ်စေနိုင်ပါတယ်။ Nail psoriasis နဲ့ Alopecia areata (ဆံပင်အကွက်လိုက်ကျွတ်ခြင်း) ရှိသူတချို့မှာ nail pitting နဲ့ rough nails ဖြစ်နိုင်ပါတယ်။ ဓာတ်ခံမကောင်းတဲ့ အရေပြားရောဂါ (Atopic disease)တွေနဲ့လည်း ဆက်စပ်မှုတွေ့နိုင်ပါတယ်။အခြား chronic inflammatory skin diseases တွေမှာလည်း nail matrix ရောင်ရမ်းမှုကြောင့် ဖြစ်နိုင်ပါတယ်။
Trachyonychia ဟာ လက်သည်းမှိုနဲ့ ပုံစံချင်းဆင်တူတယ်။ လက်သည်းကြမ်းတမ်းလာတာ၊ အရောင်ပြောင်းလာတာနဲ့ လူနာတွေဟာ လက်သည်းမှို (onychomycosis)ဖြစ်တာပဲလို့ ယူဆတတ်ပါတယ်။ ဒါပေမယ့် onychomycosis နဲ့ trachyonychia ဟာ မတူပါဘူး။လက်သည်းမှိုမှာ များသောအားဖြင့် လက်သည်းထူတာ၊ လက်သည်းခွံကြွတက်လာတာ၊ အဝါရောင်ပြောင်းတာတွေ ဖြစ်နိုင်ပါတယ်။ Trachyonychia ဖြစ်တဲ့အခါ လက်သည်းက အဖြူရောင်အစင်းကြောင်းတွေ ပေါ်ပြီး လက်သည်းပုံစံပျောက်ကာ သဲစက္ကူပမာ ပုံပျက်လာတယ်။ လက်သည်းရယ်လို့ မယ်မယ်ရရ ဖြစ်မလာဘဲ လက်သည်းခွံလှိုင်းတွန့်တွေပဲ ပေါ်ပေါက်လာတယ်။ ဒါကြောင့် လက်သည်းပျက်စီးတိုင်းကို မှိုပိုးသတ်ဆေးပေးတာမျိုး မလုပ်သင့်ပါဘူး။ မသေချာရင် KOH examination၊ fungal culture သို့မဟုတ် nail clipping/PAS စတဲ့ နည်းတွေနဲ့ ရောဂါထင်ရှားအောင် ပြုလုပ်သင့်တယ်။
လက်သည်းဆိုတာ အလှအပအတွက်တင်မဟုတ်ဘဲ ခန္ဓာကိုယ်ထဲမှာ ဘာဖြစ်နေသလဲဆိုတာ ပြန်ပြောပြပေးတဲ့ ပြတင်းပေါက်တစ်ခု ဖြစ်ပါတယ်။ Trachyonychia ဟာ လက်သည်းရဲ့လက္ခဏာတစ်ရပ်ဖြစ်ပြီး နောက်ခံအကြောင်းရင်းတခုခု ရှိနေနိုင်တယ်။ Trachyonychia မှာလည်း လက်သည်းက ကြမ်းလာတာကို မကြည့်သင့်ဘဲ နောက်ကွယ်မှာ Nail matrix inflammation သို့မဟုတ် Psoriasis / Lichen planus / Alopecia areata / Atopic disease ရှိမရှိစစ်ဆေးသင့်တယ်။
ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်
အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။
If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.
