Paederus dermatitis မီးပိုးကောင် အဆိပ်သင့်ခြင်း
Paederus Dermatitis ဆိုတာက Paederus မျိုးနွယ်ဝင် မီးပိုးကောင် (Blister Beetle/Rove Beetle)တစ်မျိုးကြောင့် ဓာတ်မတဲ့တဲ့ အနီကွက်တွေ ထွက်လာတဲ့ရောဂါတစ်မျိုးဖြစ်တယ်။ ဒီအနီကွက်တွေဟာ မီးပိုးကောင်ကိုက်ခံရခြင်းကြောင့် မဟုတ်ဘဲ ပိုးခန္ဓာကိုယ်မှာရှိတဲ့ “Pederin” လို့ခေါ်တဲ့ ပြင်းထန် ဓာတုအဆိပ်အတောက် (Toxin) ကြောင့် ဖြစ်ရတာပါ။ အထူးသဖြင့် မီးပိုးကောင်နဲ့ မတော်တဆ ထိမိ၊ ကိုင်မိ၊ ပွတ်ချေမိရာကနေ ပိုးကောင်ခန္ဓာကိုယ်မှာရှိတဲ့ Pederin အဆိပ်ဟာ အရေပြားပေါ် စွန်းထင်းသွားပြီး ပြင်းထန်တဲ့ အရေပြားဓာတ်တုံ့ပြန်မှုတွေ ဖြစ်ပေါ်လာပါတယ်။ ဒီရောဂါဟာ အရေပြားဆေးပညာမှာ irritant contact dermatitis အမျိုးအစားထဲပါဝင်ပါတယ်။
ယေဘုယျအားဖြင့် မီးပိုးကောင်နဲ့ထိပြီး ၁-၂ရက်အတွင်း လက္ခဏာတွေ ပေါ်ပေါက်လာတယ်။ ကနဦးဖြစ်စမှာ အရေပြားဟာ ပူစပ်ပူလောင်ဖြစ်ပြီး စတင်ယားယံလာတယ်။ ပြီးရင် ရောင်ရဲပြီးအနီကွက်တွေ စတင်ပေါ်ပေါက်လာတယ်။ အနီကွက်ကတဖြည်းဖြည်ကြီးပြီး အရည်ကြည်ဖုတွေ ဆက်လက်ဖြစ်ပေါ်လာတတ်တယ်။ အရည်ကြည်ဖုဘေးပတ်လည်က မည်းနေတတ်တယ်။ အရည်ကြည်ဖုက ကြာလာရင် ပိုးဝင်ပြီး အနာဖြစ်လာတယ်။ တချို့လူနာတွေမှာ ဖြစ်တဲ့ အနာက တော်ရုံနဲ့မပျောက်ဘဲ ပူစပ်ပူလောင်နဲ့ နာကျင်ကိုက်ခဲနေတတ်ပါတယ်။ တခါတရံ ပိုးကောင်ထိတွေ့တဲ့ အရေပြားဟာ လမ်းကြောင်းလိုက်/မျဉ်းတန်းလိုက် (Linear pattern) အနာ ဖြစ်နေတတ်တာမျိုးတွေ့ရတယ်။ ဘာကြောင့်လဲဆိုတော့ ပိုးကို ပွတ်မိတဲ့ လမ်းကြောင်းအတိုင်း အဆိပ်ပျံ့နှံ့သွားလို့ဖြစ်တယ်။ အများအားဖြင့် မျက်နှာ၊ လည်ပင်း၊ ခန္ဓာကိုယ်နံကြား၊ လက်မောင်း၊ ခြေထောက်စတဲ့နေရာတွေမှာ အဖြစ်များတယ်။

မီးပိုးကောင်တွေဟာ မိုးရာသီမှာ အတွေ့များတယ်။ ပူနွေးတဲ့ ညအချိန်တွေမှာ ပိုးကောင်တွေဟာ ပတ်ဝန်းကျင် အလင်းရောင်ရှိတဲ့ နေရာကို ထွက်လာတတ်တယ်။ လယ်ကွင်းပြင်နဲ့ နီးတဲ့နေရာတွေမှာ ဒီပိုးတွေဟာ အိမ်ထဲကို ဝင်ရောက်လေ့ရှိပါတယ်။ ညဘက်အလင်းရောင်ရှိတဲ့နေရာတွေမှာ အိမ်ပေါ်ကို တက်လာတတ်တယ်။ အများစုဟယ အိပ်ပျော်နေစဉ် ပိုးကို သတိမပြုမိဘဲ ထိတွေ့မိရာက အရေပြားအဆိပ်သင့်ကြတာဖြစ်တယ်။ ထိတွေ့ကာစမှာမသိဘဲ နောက်ရက်အနီကွက်ထွက်မှ သိကြတာများတယ်။
ကုသနည်း
မီးပိုးကောင်ထိတဲ့အခါ ပထမဆုံး လုပ်ရမယ့်အလုပ်က ပိုးကောင်အဆိပ်ကို ဆေးကြောပစ်ရတာဖြစ်တယ်။ ဖြစ်နေတဲ့နေရာကို ရေ၊ ဆပ်ပြာဖြင့် ချက်ချင်း အမြန်ဆုံးဆေးကြောပါ။ ပြီးရင် သန့်စင်တဲ့အဝတ်နဲ့ အသာအယာသုတ်ပါ။ ဒါဟာ အဆိပ်ကို ဖယ်ရှားတဲ့အတွက် အရေးကြီးဆုံးအဆင့်ဖြစ်တယ်။ ယားယံတဲ့နေရာကို ရေခဲဝတ် (၁၅)မိနစ်ခန့် ကပ်ပါ။ အအေးဓာတ်က ယားယံမှု၊ ပူလောင်မှုကို ယာယီသက်သာစေပါတယ်။
ရောင်ရမ်းယားယံမှုကို သက်သာစေဖို့ ဆရာဝန်ညွှန်ကြားတဲ့ စတီးရွိုက်လိမ်းဆေးများ (Hydrocortisone, Betamethasone, Clobetasol) လိမ်းဆေးတွေ လိမ်းနိုင်တယ်။ယားယံမှု သက်သာအောင် Antihistamine သောက်ဆေး (Cetirizine, Loratadine) တွေ ပေးနိုင်ပါတယ်။ အနာက ပိုးဝင်ပြီး ပြည်တည်နာဖြစ်နေရင် ပဋိဇီဝပိုးသတ်ဆေး (Antibiotic) တစ်ခုခုသုံးရတယ်။ လိမ်းဆေးထဲမှာ Fusidic Acid လိမ်းဆေး လိမ်းနိုင်ပြီး Flucloxacillin လိုသောက်ဆေးတွေ သုံးရတယ်။ နာကျင်မှုသက်သာစေဖို့ အကိုက်ခဲပျောက်ဆေး (Paracetamol၊ Ibuprofen)ဆေး တမျိုးမျိုးလိုနိုင်ပါတယ်။ သတိပြုရမှာက အရည်ကြည်ဖုကို မိမိဘာသာ မညှစ်ပါနဲ့။ ညှစ်လိုက်ရင် အဆိပ်ဓာတ်တွေ ပိုမိုပျံ့နှံ့ပြီး အနာပိုဆိုးသွားစေနိုင်ပါတယ်။မီးပိုးကောင်အဆိပ်ကို စနစ်တကျမကုသရင်ဒဏ်ရာဖြစ်တဲ့နေရာတွေမှာ အညိုရောင်၊ အမည်းရောင် မညီညာတဲ့ အရေပြားအကွက်တွေဟာ လချီ၊နှစ်ချီပြီး ကျန်ရစ်နေတတ်ပါတယ်။ ဒါ့ကြောင့် ပြင်းထန်တဲ့ ရောဂါမှာ အရေပြားဆရာဝန်နဲ့ စနစ်တကျပြသပြီး ကုသသင့်ပါတယ်။
ကာကွယ်နည်း
(၁) မီးပိုးကောင်ကို တွေ့ရင် လက်နဲ့တိုက်ရိုက်မကိုင်ပါနဲ့။ စက္ကူ၊ အဝတ်စဖြင့် ကောက်ပြီး ရေထဲပစ်ချလိုက်ပါ။
(၂) အိပ်ရာထဲ မဝင်အောင်ကာကွယ်ပါ။အိပ်ယာဝင်ခါနီးတိုင်း ကုတင်အိပ်ရာခင်းတွေကို သေချာလှုပ်ခါပြီး သန့်ရှင်းပါ။
(၃) ညဘက်မှာ အလင်းရောင်တွေရှိရင် မီးပိုးကောင်တွေလာနိုင်လို့ မီးပိတ်ပါ။ ပြတင်းပေါက်တံခါးတွေကို ပိတ်ထားပါ။
(၄) ညအိပ်တဲ့အခါ အဝတ်အစားအပြည့်အစုံဝတ်ပါ။
(၅) လယ်ကွင်းနဲ့နီးတဲ့နေရာတွေမှာ အပြင်းစား ပိုးသတ်ဆေးရည် (Chlorpyrifos, Dichlorvos, Permethrin, Cypermethrin, Deltamethrin, Lambda-cyhalothrin) စတဲ့ Insecticide spray ဖျန်းပြီး ကာကွယ်နိုင်ပါတယ်။
ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်
အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။
If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.
