Open 9:00-12:00 AM
+95 92051590

Onychorrhexis

2 Sep, 2026 | No Comments

Onychorrhexis

Onychorrhexis

လက်သည်းအစင်းကြောင်းပေါ်ခြင်း

Onychorrhexis ဆိုတာ လက်သည်းခွံပေါ်မှာ အဖြူရောင် အစင်းကြောင်းတွေပေါ်ပြီး လက်သည်းကျိုးပဲ့လွယ်လာတဲ့ လက္ခဏာတစ်မျိုးဖြစ်ပါတယ်။ ဒီလက်သည်းပြဿနာကရောဂါတစ်ခုမဟုတ်ဘဲ နောက်ခံအကြောင်းရင်းတစ်ခုခုကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ လက်သည်းပြောင်းလဲမှုတစ်ခုသာဖြစ်ပါတယ်။

Onychorrhexis ဆိုတာ ဘာလဲ?

Onycho (လက်သည်း) rrhexis (ကွဲအက်ခြင်း) လို့ အဓိပ္ပါယ်ရတယ်။ ဒီရောဂါဖြစ်ရင် လက်သည်းမှာ အလျှားလိုက် အဖြူရောင်အစင်းကြောင်း (Longitudinal ridging),  လက်သည်း အလျှားလိုက် ကွဲထွက်ခြင်း (longitudinal splitting)နဲ့ လက်သည်းကျွတ်ဆတ်ခြင်း (brittle nail)စတဲ့ အဓိကလက္ခဏာသုံးမျိုး တွေ့ရပါတယ်။ တစ်ခါတစ်ရံ အစင်းကြောင်းတွေက ခပ်သေးသေးလေးဖြစ်နိုင်သလို သိသိသာသာနက်လာတဲ့အခါလက်သည်းအစွန်းတွေမှာ အရှည်လိုက်ကွဲထွက်ခြင်း ဖြစ်နိုင်ပါတယ်။

Onychorrhexis ရှိရင် လက်သည်းအရင်းကနေ အဖျားအထိ အရှည်လိုက် အစင်းကြောင်းတွေ ပေါ်လာပါတယ်။ လက်သည်းက ပုံမှန်ထက် ကြွပ်ဆတ်ပြီး ကျိုးလွယ်ပဲ့လွယ်လာတယ်။ ကြာလာတာနဲ့အမျှ လက်သည်းက အရှည်လိုက် ကွဲအက်၊ကွဲထွက်လာနိုင်တယ်။တချို့လူနာတွေမှာ လက်သည်းခွံ (nail plate) ပါးလာနိုင်တယ်။ လက်သည်းအဖျားပိုင်းနေရာ ပဲ့ထွက်၊ ကွာထွက်၊ ကွဲထွက်တာ (Distal splitting) မျိုး ဖြစ်နိုင်တယ်။

ဘာကြောင့် Onychorrhexis ဖြစ်ရတာလဲ?

လက်သည်းကို အမြဲတမ်း ဖိတာ၊ကိုက်မိတာ၊ လက်သည်းတိုက်တာတွေ အလွန်အကျွံပြုလုပ်တဲ့အခါ လက်သည်းခွံတွေ ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဓာတုပစ္စည်းတွေကြောင့်လည်းဖြစ်နိုင်တယ်။ လက်ကို ဆပ်ပြာနဲ့ မကြာခဏဆေးကြောတဲ့အခါ လက်သည်းလွှာထိခိုက်ပြီး ပျကိစီးနိုင်တယ်။ တခါတရံလက်သည်းဖျက်ဆေးတွေကလည်း လက်သည်းကျွတ်ဆတ်ခြင်းဖြစ်စေတယ်။ Lichen planus, psoriasis, atopic dermatitis စတဲ့ အရေပြားရောဂါတွေကြောင့်လည်း ဖြစ်နိုင်တယ်။ လက်သည်းမှို(Onychomycosis)ကြောင့်လည်း လက်သည်းခွံပျက်စီးတာရှိတယ်။ တစ်ခါတစ်ရံ Onychorrhexis ဟာ ခန္ဓာကိုယ်အတွင်းပိုင်းအခြေအနေတွေနဲ့လည်း ဆက်စပ်နိုင်ပါတယ်။ ဥပမာ သံဓာတ်အားနည်းတာ၊ သိုင်းရွိုက်ဟော်မုန်းရောဂါ၊ အာဟာရဓာတ်ချို့တဲ့တာနဲ့ နာတာရှည် ခုခံအားရောဂါတွေက လက်သည်းပျက်စီးမှု Onychorrhexis နဲ့ သက်ဆိုင်တတ်တယ်။

လက်သည်းခွံကို အဓိကထုတ်လုပ်ပေးတဲ့ စက်ရုံနေရာက nail matrix ဖြစ်ပါတယ်။ nail matrix ပျက်စီးတဲ့အခါ လက်သည်းခွံမှာ အစင်းကြောင်း မြောင်းတွေပေါ်လာတဲ့အပြင် လက်သည်းခွံက ပါးလွှာပြီး ကွဲအက်လာပါတယ်။ Onychorrhexisဟာ အသက်ကြီးသူတွေမှာ ဖြစ်တတ်တယ်။ အသက်ကြီးလာတဲ့အခါ nail growth နှေးလာခြင်း၊ nail matrix/nail plate ပြောင်းလဲမှုနဲ့ လက်သည်းထိခိုက်မှုတွေကြောင့် အဖြူစင်းကြောင်း တွေ ပိုမိုမြင်ရနိုင်ပါတယ်။ဒါကြောင့် အသက်ကြီးသူတစ်ယောက်ရဲ့လက်သည်းမှာ အစင်းကြောင်းတွေ့တာ ရောဂါကြီးတစ်ခုရှိနေတယ်လို့ မဆိုနိုင်ပါဘူး။ ဒါပေမယ့် လက်သည်းခွံက ရုတ်တရက်ပြောင်းလဲလာတာ၊ လက်သည်းခွံအများအပြား တစ်ပြိုင်နက်ပုံစံပြောင်းတဲ့အခါ နောက်ခံရောဂါပြဿနာကို ရှာဖွေကုသသင့်ပါတယ်။

Onychorrhexis နဲ့ Trachyonychia ဘာကွာသလဲ?

ဒီနှစ်ခုကို ရောထွေးတတ်ပါတယ်။ Onychorrhexis ဟာ အလျားလိုက် လက်သည်းစင်းကြောင်းတွေပေါ်ပြီး လက်သည်းအလယ်ကကွဲအက်တာဖြစ်ပါတယ်။ Trachyonychia မှာတော့ လက်သည်း မျက်နှာပြင်ဟာ သဲစက္ကူ (sandpaper) လို ပုံပျက်ပြီး လက်သည်းခွံတစ်ခုလုံးပျက်စီးတာဖြစ်ပါတယ်။ Trachyonychia မှာလည်း longitudinal ridges ရှိနိုင်တဲ့အတွက် နှစ်ခု overlap ဖြစ်နိုင်ပါတယ်။

လက်သည်းပေါ်မှာ အရှည်လိုက်အစင်းကြောင်းတွေ တွေ့တိုင်း ဗီတာမင်နဲ့ အာဟာရဓာတ်ချို့တဲ့မှုလို့ မသတ်မှတ်သင့်ဘူး။ အသက်ရွယ်ကြောင့်ဖြစ်နိုင်သလို လက်သည်းမကြာခဏထိခိုက်မှုကြောင့်လည်းဖြစ်နိုင်တယ်။ lichen planus၊ psoriasis၊ eczema စတဲ့ အရေပြားရောဂါတွေကလည်း လက်သည်းမှာ ပြောင်းလဲမှုအနေနဲ့ ဖော်ပြတတ်တာ သတိပြုရမယ်။ လက်သည်းပြဿနာဖြစ်တဲ့အခါ လက်သည်းပေါ်က အစင်းကြောင်းကိုပဲ မကုဘဲ၊ အဲဒီအစင်းကြောင်း ဘာကြောင့်ပေါ်လာသလဲဆိုတာကို ရှာဖွေဖို့က ပိုအရေးကြီးပါတယ်။

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန်

If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.