Open 9:00-12:00 AM
+95 92051590

Cat scratch disease

20 Oct, 2025 | No Comments

Cat scratch disease

Cat scratch

Cat scratch disease ကြောက်ကုတ်နာ

ကြောင်ကုတ်ရာကတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါကို cat scratch disease ခေါ်ပါတယ်။ ဒီရောဂါဟာ ကြောင်ကိုက်ရာ၊  ကြောင်ခြစ်ရာမှတစ်ဆင့် လူကို ကူးစက်တတ်တယ်။ ကြောင်ရဲ့တံတွေးမှာပါတဲ့ Bartonella henselae ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားတဲ့အနာဖြစ်ပါတယ်။ ကြောင်ရဲ့ တံတွေးနဲ့ ထိရင် ဒဏ်ရာသေးသေးမွှားမွှားရှိရင်တောင် ကူးစက်နိုင်ခြေရှိပါတယ်။ ကြောင်သန်း (Flea)တွေက ဒီရောဂါပိုးကို သယ်ဆောင်နိုင်ပြီး ကြောင်ကတစ်ဆင့် လူသို့ ကူးစက်စေနိုင်တယ်။ အထူးသဖြင့် ကြောင်နဲ့ ထိတွေ့တဲ့ ကလေးငယ်တွေမှာ ပိုမိုဖြစ်ပွားတတ်တယ်။

ရောဂါလက္ခဏာတွေဟာ ကူးစက်ခံရပြီး ၃-၁၄ ရက်အတွင်း စတင်ပေါ်လာတတ်ပါတယ်။ကြောင်ကုတ်ထားတဲ့နေရာဟာ ရောင်ရမ်းပြီး ပြည်တည်နာဆန်ဆန်အဖုငယ် (papule)တွေစတင် ဖြစ်ပေါ်တယ်။ ဒီအဖုဟာ ၁-၃ ပတ်ကြာနိုင်ပါတယ်။ ရောဂါပိုးက ဆက်လက်ပျံ့နှံ့လာတဲ့အခါ ပြန်ရည်ကျိတ်တွေ စတင်ရောင်ရမ်းလာမယ်။အထူးသဖြင့် ကုတ်ခြစ်ဒဏ်ရာအနီးရှိ ပြန်ရည်ကျိတ်တွေ (ဥပမာ – လက်မောင်းကုတ်ခံရရင် ချိုင်းကျိတ်) ရောင်ရမ်းလာပြီး နာကျင်ကိုက်ခဲလာမယ်။ ဒီလိုအကျိတ်တွေဟာ ရက်သတ္တပတ်များစွာကနေ လပေါင်းများစွာထိ ကြာရှည်နိုင်ပါတယ်။ ဒါ့တင်မက ဖျားနာခြင်း၊ ချမ်းတုန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းနဲ့ အစားအသောက်ပျက်ခြင်း စတဲ့ လက္ခဏာတွေပူးတွဲ ခံစားရနိုင်တယ်။

တခြားဆိုးရွားပြင်းထန်တဲ့ လက္ခဏာရပ်တွေလည်း ဖြစ်နိုင်ပါသေးတယ်။ဥပမာ ကြောင်က လူရဲ့မျက်လုံးကို မတော်တဆ လျက်မိတဲ့အခါ Parinaud’s oculoglandular syndrome ဖြစ်နိုင်တယ်။ မျက်လုံးနီရဲရောင်ရမ်းပြီး နားရွက်နားမှာရှိတဲ့ ပြန်ရည်ကျိတ်တွေ ရောင်ရမ်းတတ်တယ်။ မျက်သားခဲတာ၊ မျက်ဝတ်တတ်တာရှိမယ်။ ဒါတင်မက အသည်းနဲ့ သရက်ရွက်မှာ အစိုင်အခဲကျိတ်(Granulomas)၊ ဦးနှောက်ရောင်တာ (Encephalopathy)တွေလည်း ဖြစ်နိုင်တယ်။

ရောဂါရှာဖွေစစ်ဆေးခြင်း

ကြောင်ကုတ်ခံရတဲ့အခါ ရောဂါရာဇဝင်နဲ့ အနာကို သေချာစမ်းသပ်စစ်ဆေးဖို့လိုတယ်။ ဆရာဝန်ကကြောင်နှင့် ထိတွေ့မှုရှိမရှိ ဂရိုတိစုက် မေးမြန်းစုံစမ်းရတယ်။ ရောင်နေတဲ့ ပြန်ရည်ကျိတ်တွေကို လက်နဲ့ သေချာစစ်ဆေးမယ်။ လိုအပ်ရင်ပြန်ရည်ကျိတ် နမူနာယူပြီးစစ်ဆေးပြီး အသားစ (Biopsy)စစ်ဆေးနိုင်တယ်။ သွေးစစ်တဲ့အခါ ခန္ဓာကိုယ်က Bartonella henselae ဘက်တီးရီးယားကို တိုက်ထုတ်ရန် ထုတ်လုပ်ထားတဲ့ antibodies ရှိမရှိ သေချာစစ်ဆေးနိုင်တယ်။ 

ကုသနည်း

ကိုယ်ခံအားစနစ်ကောင်းရင် ကုသမှုမလိုဘဲ သူ့ဘာသာ ပြန်ကောင်းသွားနိုင်ပါတယ်။ ကြောက်ကုတ်အနာကို ရေခဲကပ်လို့ရတယ်။ရောင်ရမ်းမှုနဲ့ နာကျင်မှု သက်သာဖို့ အကိုက်အခဲပျောက်ဆေးများ (paracetamol, ibuprofen) ပေးလို့ရတယ်။ လိုအပ်ရင် ဆရာဝန်က ပဋိဇီဝပိုးသတ်ဆေး (Antibiotics) တွေ ညွှန်းပေးပါလိမ့်မယ်။ အများအားဖြင့် Azithromycin, Doxycycline, Ciprofloxacin, Rifampin စတဲ့ဆေးတွေ ၅ ရက်မှ ၁၄ ရက်အထိ ပေးလေ့ရှိတယ်။

ကာကွယ်ခြင်း

ကလေးငယ်တွေ ကြောင်နဲ့ ကစားတဲ့အခါ အထူးသတိထားပါ။ ကြောင်ကုတ်မခံရအောင် ဂရုစိုက်ပါ။ ကြောင်ယက်မခံရအောင် နေထိုင်ပါ။ ကြောင်ကုတ်ခံရရင် ဆပ်ပြာနဲ့ ရေသုံးပြီး ဒဏ်ရာကို စင်ကြယ်အောင် ဆေးကြောပြီး အရက်ပြန်သုတ်ပါ။ ကြောင်သန်းတွေက ရောဂါကူးစက်မှုကို မြင့်တက်စေနိုင်လို့ ကြောင်သန်းချဆေးစက်မျိုး ချပေးပါ။

ကြောင်ကုတ်ရာမှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေဟာ အများအားဖြင့် အန္တရာယ်မရှိပေမယ့် နာကျင်မှုကို ခံစားရစေနိုင်တယ်။ ကြောင်များနဲ့ ထိတွေ့ကစားပြီး ပြန်ရည်ကျိတ်ရောင်လာရင် ဆရာဝန်နှင့် ပြသစစ်ဆေးသင့်တယ်။ ကိုယ်ခံအားကျဆင်းနေသူများနဲ့ ကလေးငယ်များမှာရောဂါလက္ခဏာများ ပိုမိုပြင်းထန်နိုင်တာကြောင့် အထူးဂရုစိုက်ရန် လိုအပ်ပါတယ်။

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန် 

အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။

If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.