Open 9:00-12:00 AM
+95 92051590

Buruli ulcer

20 Oct, 2025 | No Comments

Buruli ulcer

Buruli ulcer

Buruli ulcer အသားစားအနာ

Buruli Ulcer (အသားစားအနာ)ဆိုတာ Mycobacterium ulcerans လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့် ဖြစ်တဲ့ ရှားပါးပြင်းထန်တဲ့ အရေပြားရောဂါတစ်ခု ဖြစ်ပါတယ်။ ဒီဘက်တီးရီးယားဟာ Tuberculosis (တီဘီ) နဲ့ Leprosy (အနာကြီးရောဂါ) ကိုဖြစ်စေတဲ့ ဘက်တီးရီးယားနဲ့ မျိုးနွယ်ချင်း နီးစပ်တယ်။ ရောဂါကို မကုဘဲထားရင် ပြင်းထန်တဲ့ အနာကြီးတွေ ပျံ့နှံ့ပြီး အရိုးထိစားသွားတတ်တယ်။ 

ဘယ်လိုကူးစက်လဲ အကြောင်းရင်းကို တိတိကျကျ မသိရသေးပါဘူး။ ဒီရောဂါဟာ လူတစ်ယောက်ကနေ တစ်ယောက်ကို တိုက်ရိုက်မကူးစက်နိုင်ပါ။ သို့သော် ရေနဲ့ မြေကြီးတဝိုက်က ရေညှိ၊ ရေမှော်၊ ဘက်တီးရီးယားပေါက်ဖွားတဲ့ အကောင်ငယ်လေးတွေပါတဲ့ ပတ်ဝန်းကျင်တွေမှာ ပိုးဟာ နေထိုင်နိုင်တယ်လို့ ယူဆထားကြပါတယ်။ ကူးစက်နိုင်တဲ့ နည်းလမ်းတွေက ညစ်ညမ်းတဲ့ရေနဲ့ ထိမိ၊ နေမိတာ (ဥပမာ – စပါးခင်း၊ ရွှံ့နွံ၊ မြစ်/ချောင်းတွေအနီးမှာ အလုပ်လုပ်တာ၊ ရေကူးတာ)၊ ပိုးသယ်ဆောင်တဲ့ အင်းဆက်ကောင်များကိုက်ခံရတာ (ခြင်၊ ရေညှိပိုးကောင်)တွေကြောင့် ဖြစ်နိုင်တယ်။ 

ရောဂါလက္ခဏာများ

ရောဂါဝင်ရောက်ပြီး အရေပြားမှာ နာကျင်မှုမရှိတဲ့ အဖုအကျိတ် (အသားမာအသေးစား) ပေါ်လာတတ်ပါတယ်။ ကနဦးအဆင့်မှာ ကိုယ်ပူခြင်း၊ ဖျားခြင်း စတဲ့ လက္ခဏာတွေ မရှိသလောက်ဖြစ်တတ်လို့ လူနာက ဂရုမစိုက်မိတတ်ပါဘူး။ ရက်သတ္တပတ်အနည်းငယ်အတွင်း အနာဟာ အရှိန်နဲ့ကြီးထွားလာပါတယ်။ အနာအလယ်ဗဟိုမှာ အရေပြားနဲ့ အဆီလွှာတွေ ပျက်စီးပြီး ပြည်တည်နာအဖြစ် ပြောင်းလာတတ်ပါတယ်။အနာရဲ့ဘေးသား အစိတ်အပိုင်းတွေ သေဆုံး (ပုပ်သိုး) သွားတတ်ပြီး အရေပြားအောက်ခြေကို လှိုက်စားပစ်ပါတယ်။ နောက်ဆုံးအဆင့်မှာ အနာဟာ ပိုမိုလှိုက်စားလာပြီး အတွင်းပိုင်း ကြွက်သား၊ အရိုးတွေကိုပါ ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ အဆစ်တွေ လှုပ်ရှားမရဖြစ်ပြီး နောက်ဆက်တွဲ မသန်စွမ်းမှုတွေ ဖြစ်စေနိုင်ပါတယ်။

ရောဂါရှာဖွေခြင်း

အနာက ထွက်တဲ့အရည် (သို့) တစ်ရှူးနမူနာယူပြီး PCR (Polymerase Chain Reaction) နည်းပညာနဲ့ ဘက်တီးရီးယားရဲ့ DNA ကို ရှာဖွေနိုင်တယ်။ ဒါဟာ အမြန်ဆုံးနဲ့ အတိကျဆုံး နည်းလမ်းဖြစ်ပါတယ်။

ကုသနည်း

ဘက်တီးရီးယားကြောင့်ဖြစ်လို့ ပိုးသတ်ဆေးပေးဖို့ လိုပါတယ်။ ဆေးပေးတဲ့အခါ Rifampicin + Clarithromycin (သို့) Streptomycin ကို ၈ ပတ်မှ ၁၀ ပတ်အထိ ပေးရပါတယ်။ ပျက်စီးနေတဲ့ တစ်ရှူးတွေကို ဖယ်ရှားဖို့ ခွဲစိတ်ကုသမှုလိုအပ်ပါတယ်။ အနာကျက်မြန်စေဖို့နဲ့ အမာရွတ်မကျန်စေဖို့ အရေပြားအစားထိုးကုသမှု (skin graft) ပြုလုပ်ရနိုင်ပါတယ်။ မသန်စွမ်းမှုဖြစ်နေရင် ပြန်လည်သန်စွမ်းရေးလေ့ကျင့်နည်း (physiotherapy)တွေ ဆက်လက်ပြုလုပ်ဖို့ လိုတယ်။

ကာကွယ်ခြင်း

ကူးစက်ပုံကို တိတိကျကျမသိရသေးတာကြောင့် ကာကွယ်ဆေး မရှိသေးပါ။ ဒါပေမယ့် အောက်ပါနည်းလမ်းတွေနဲ့ ကာကွယ်နိုင်ပါတယ်။

· ရေညှိ၊ ရွှံ့နွံတွေရှိတဲ့ ရေစိုနေတဲ့နေရာတွေကို ရှောင်ကျဉ်ပါ။ ရေမချိုးပါနဲ့။

· ခြင်ကိုက်မခံရအောင် ခြင်ဆေးထွန်းပါ၊ ခြင်ထောင်နဲ့အိပ်ပါ။ခန္ဓာကိုယ်ကို ဖုံးအုပ်ထားတဲ့ အဝတ်အစားတွေ (ဥပမာ – ရှည်လျားတဲ့အင်္ကျီ၊ ဘောင်းဘီ) ဝတ်ဆင်ပါ။

· အရေပြားမှာ နာကျင်မှုမရှိဘဲ ပေါ်လာတဲ့ အနာစက်၊ အဖုအကျိတ်တွေ့ရင် ဆရာဝန်နဲ့ ချက်ချင်းပြသပါ။ စောစောရှာဖွေ၊ စောစောကုသနိုင်ရင် နောက်ဆက်တွဲဆိုးကျိုးတွေ မဖြစ်အောင် တားဆီးနိုင်ပါတယ်။

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန် 

အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။

If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.