ဘိုတောက် အသားတင်းဆေးထိုးခြင်း
မျက်နှာအရေးအကြောင်းအတွက် Botox ထိုးတာ ကြားဖူးကြလိမ့်မယ်။ Botox ထိုးတာ မျက်နှာပြုပြင်ဖို့နဲ့ အရေးအကြောင်း ကင်းစင်အောင်သာ ဖြစ်ပါတယ်။ non-invasive procedure ခွဲစိတ်ဖို့မလိုတဲ့နည်းဖြစ်လို့ လူကြိုက်များတယ်။ နာမည်ကျော် botox အကြောင်း ဆက်လက်ဖော်ပြပေးပါမယ်။
Botox သမိုင်းကြောင်း
Botox ဆိုတာ botulinum toxin(အဆိပ်) တမျိုးဖြစ်ပါတယ်။ ဒီအဆိပ်အတောက်က Clostridium botulinum ခေါ်တဲ့ ဗက်တီးရီးယားတမျိုးက ထွက်လာတယ်။ ပိုးက မေးခိုင်ရောဂါဖြစ်စေတဲ့ ဗက်တီးရီးယားနဲ့ အမျိုးအစားချင်းတူပါတယ်။ အများအားဖြင့် အုံ့ဆိုင်းနေတဲ့ သစ်တော၊စိမ့်စမ်း၊ တောတောင်၊လျှိုမြောင်၊ ချောင်း၊ရေအိုင် စတဲ့နေရာတိုင်းမှာ တွေ့နိုင်တယ်။ နို့တိုက်သတ္တဝါ၊
သားငါးတွေရဲ့ အူလမ်းကြောင်းမှာလည်း သဘာဝအလျှောက် ရှိနေတတ်တယ်။ အများအားဖြင့် ဒီဗက်တီးရီးယားေတွက လူကို ဒုက္ခမပေးလေ့မရှိဘူး။ ဒါပေမယ့် ဗက်တီးရီးယား spores ခေါ်တဲ့ မျိုးအောင်းစေ့တွေက ဆဲလ်တွေကွဲပွားပြီး သေကြေပျက်ဆီးတဲ့အခါ အဆိပ်အတောက်ကို ထုတ်လာတယ်။ ဒီအဆိပ်က အာရုံကြောကို ဦးတည်တိုက်ခိုက်တဲ့ အဆိပ်အတောက် တမျိုးဖြစ်လို့ neurotoxin လို့ခေါ်ပါတယ်။ neuro ဆိုတာ အာရုံကြောစနစ်၊ toxin ဆိုတာတော့ အဆိပ်အတောက်ကို ဆိုလိုပါတယ်။ ဒီအဆိပိအတောက်က neuron ခေါ်တဲ့ အာရုံကြောတွေ အပြန်အလှန်ဆက်သွယ်မှုကို ထိခိုက်စေတယ်။
ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို လေ့လာကြည့်ရင် အာရုံကြောနဲ့ ကြွက်သားဆက်သွယ်တဲ့နေရာမှာ ကြားခံလုပ်ပေးတဲ့ acetylcholine ဆိုတဲ့ဓာတ်တမျိုး ရှိတယ်။ botulism toxin ဆိုတာ အာရုံကြောထဲက အဲဒီဓာတ်ထွက်မလာအောင် တားဆီးလိုက်တာ ဖြစ်ပါတယ်။ အဲဒီဓာတ်ထွက်မလာရင် ကြွက်သားတွေရဲ့ လှုပ်ရှားမှု ဖြစ်မလာဘူး။ အကျိုးရလာဒ်က ကြွက်သားတွေ ပြေလျှော့သွားတယ်။
အရေးအကြောင်းဆိုတာ အရေပြားတထောက်စာအောက်မှာရှိတဲ့ ကြွက်သားတွေနဲ့ သက်ဆိုင်တတ်တယ်။ မျက်နှာ(သို့) မျက်ခုံးရှုံ့လိုက်ရင် နဖူးအရေးအကြောင်းတွေပေါ်လာတာ အရေပြားအောက် ကြွက်သားက ညှစ်လိုက်လို့ဖြစ်ပါတယ်။ မျက်နှာအမူအရာ အမျိုးမျိုးလုပ်နိုင်တာလည်း ကြွက်သားတန်ခိုးပါ။ botox ထိုးသူမှာ ကြွက်သားလှုပ်ရှားမှု အားနည်းအောင်၊မရှိအောင် လုပ်လိုက်လို့ အရေးအကြောင်းမရှိဘူးဆိုတာဖြစ်လာတယ်။ ဘေးကအမြင်မှာတော့ အသားလေးတင်းပြီး နုပျိုနေတာပေါ့။ တကယ်တော့ဒါဟာ အရေပြားတထောက်စာပဲဖြစ်တယ်။
လူအများမသိသေးတာက Botulinum toxin ဆိုတာ လူကို ဒုက္ခအပေးနိုင်ဆုံးအဆိပ် တမျိုးဆိုတာပဲ။ ဒီအဆိပ်အတောက် တစ်ဂရမ်(1-gram) လောက်ပမာဏက လူတစ်သန်းလောက်ကို သေဆုံးစေနိုင်တဲ့ထိ အစွမ်းသတ္တိရှိတယ်ဆိုရင် ယုံနိုင်ပါ့မလား မသိဘူး။ ဒီအဆိပ်အတောက်မျိုး ကီလိုဂရမ် ပမာဏလောက် သုံးရင် ကမ္ဘာပေါ်မှာရှိတဲ့လူတိုင်းကို ေသကြေပျက်ဆီးစေနိုင်သတဲ့။ အဆိပ်အတောက်ပြင်းအား(concentration)များ လေလေ အသက်ရှုကျပ်ပြီး သေဆုံးနိုင်လေဖြစ်တယ်။
ဒါပေမယ့် ဆေးပညာရှင်ဆိုသူတွေကလည်း လူညံ့တွေမဟုတ်ကျပါ။ မကောင်းတာကို ကောင်းတဲ့ဖကိက လှည့်သုံးနိုင်စွမ်းရှိပါတယ်။ botulism toxin ကို ပြင်းအားအနိမ့်ဆုံးလျှော့ပြီး ပေးရင် ကြွက်သားတွေကို ယာယီအကြောသေစေတာကြောင့် အသားရေတင်းရင်းလာနိုင်တယ်ဆိုတာ သိထားတယ်။
botulinum toxin ကို အတိုကောက် BTX (သို့) BoNT လို့သုံးပါတယ်။ botulinum toxin ကို အမျိုးအစား A ကနေ H အထိ ရှစ်မျိုး ထပ်ခွဲလိုက်ပြန်တယ်။ တမျိုးချင်းဆီရဲ့အာနိသင်တွေလည်း မတူကြပါ။ ဒီထဲမှာ A, B, E နဲ့ F က လူတွေကို ဒုက္ခပေးတယ်။ ဆေးပညာမှာ botulinum toxin A နဲ့ B ကတော့ အသုံးများဆုံးပဲ။ အမျိုးအစား A ထဲမှာ Botox, Vistabel, Dysport , Botulux, Bocouture, Xeomin စသည်ဖြင့် ရှိတယ်။ အမျိုးအစား B ကျတော့ Myobloc ဆိုတဲ့နာမည်နဲ့လာတယ်။ ကြွက်သား အာရုံကြောတင်းတဲ့ရောဂါတွေမှာ တခြားဆေးမရရင် Myobloc ဆိုတာ ထိုးရတယ်။type A က type B ထက် ကြာကြာခံသလို ထိုးနေစဥိနာကျင်မှုပိုနည်းလို့ အရေပြားအလှအပတွေမှာ type A အမျိုးအစား botox သာ သုံးကြတယ်။
ထိုးနည်း
Botox (botulism toxin type A)က ဆေးမှုန့်အနေနဲ့လာတယ်။ ဆေးအမှုန့်ကို အရည်တခုနဲ့ရော ဖျော်စပ်ပြီးမှထိုးရတယ်။ အာနိသင်ကထိုးပြီး ဆေးထိုးပြီး ၃ရက်အတွင်း စရပြီး တချို့ ၂ပတ်လောက် ကြာနိုင်တယ်။ ဆေးရဲ့အာနိသင်က သုံးလလောက်သာ ခံတယ်။ ထိုးရမယ့် နေရာလိုအပ်ချက်ပေါ်မူတည်ပြီး ယူနစ်တွေ မတူကြပါ။ အရေပြားဆေးခန်းတွေမှာ တစ်ယူနစ်(one unit) ကို ဘယ်လောက်ဆိုပြီး သတ်မှတ်ထားတာရှိတယ်။ မျက်နှာအတွက် သုံးနေတဲ့ ဆေးပမာဏက 5unit-30unit လောက်သာရှိတယ်။ ဒါက လူကိုဒုက္ခပေးနိုင်တဲ့ ပမာဏထက် အဆ(၁၀၀)ကျော် နည်းပါတယ်။
ဆေးထိုးတဲ့အခါ အရေပြား၊အာရုံကြောနဲ့ ကြွက်သားဖွဲ့စည်းမှုတွေကအစ နားလည်ပြီး အရေပြား ကျွမ်းကျင်တဲ့ ဆရာဝန်၊ဆရာမ(သို့) ကျွမ်းကျင် လက်မှတ်ရထားပြီး အသိမှတိပြုထားသူတွေသာ ထိုးပေးသင့်တယ်။ ကျွမ်းကျင်ဆိုတာ ဘွဲ့လက်မှတ်တင်မဟုတ် စာတွေ့လက်တွေ့ပိုင်နိုင်သူကို ခေါ်ပါတယ်။ ဆေးထိုးတဲ့အခါ ရမ်းထိုးလို့မဖြစ်ဘူး၊ တင်းတဲ့ကြွက်သားကို သေချာစမ်းသပ်ပြီး လားရာကို မှန်းဆပြီး ထိုးရတယ်။ မထိုးခင် နာကျင်မှုသက်သာအောင် ထုံဆေးနည်းနည်းပေးလို့ရတယ်။ ကြွက်သားတခုကို တကြိမ်ကနေ သုံးကြိမ်ပဲထိုးခွင့်ရှိတယ်။ မေးရိုး၊လည်ပင်းစတဲ့ကြွက်သားတွေကို ထိုးတဲ့အခါ စမ်းသပ်ဖို့ electromyograph (EMG) ကို အသုံးပြုတတ်တယ်။ ပုံမှန်အားဖြင့် မသုံးကြပါ။ တခါထိုးထားရင် အာနိသင်က သုံးလ-လေးလလောက်သာ ခံတယ်။
၂၀၁၃ စာရင်းဇယားတွေအရ အမေရိကားမှာ လူသုံးသန်းနီးပါးလောက် ထိုးကြပါတယ်။ သတိပြုရမှာက Botox ဟာ အဆိပ်ကိုထိုးထည့်တာဖြစ်လို့ ခန္ဓာကိုယ်က ပြန်တိုက်တဲ့ ခုခံအားဆိုတာ ပေါ်လာပါတယ်။ ခုခံအားကြောင့် ထိုးတာကြာလာတာနဲ့ အာနိသင်နည်းလာတယ်။တကြိမ်ထက်တကြိမ် စိတ်လာတယ်။ ၂၀၀၉ ဇန်နဝါရီတုန်းက ကနေဒါအစိုးရက သတိပြုရမှာက ထိုးတဲ့နေရာကနေ အခြားနေရာထဲလည်း ရောက်နိုင်တာသတိပေးထားတယ်။ US FDAကတော့ botulism poisoning အဆိပ်သင့်တာ သတိပြုပါတဲ့။ ပိုသတိထားရမှာက ကိုယ်ဝန်ဆောင်သူ၊ နို့တိုက်မိခင်တွေ ဖြစ်တယ်။ လုံးဝမသုံးသင့်ပါ။ ဘေးထွက်ဆိုးကျိုးတွေလည်း ရှိတော့ရှိတယ်။ အများစုကယာယီပဲ။ ဖောင်းတာ၊ရောင်တာ၊ မျက်ခွံရဲနီတာ ရှိနိုင်တယ်။ အသက်ရှုမဝတာ၊ ဓာတ်မတဲ့တာမျိုး ရှိတတ်တယ်။
Botox ကို ၁၉၈၉ခုနှစ်ကတည်းက စတင်အသိမှတ်ပြုပေးခဲ့ပြီး တဖြည်းဖြည်း ပိုမိုကျယ်ပြန့်လာတယ်။ ဒီထဲမှာ အာရုံကြောရောဂါ၊ ကြွက်သားဆိုင်ရာ ရောဂါတွေလည်း ပါဝင်တယ်။ botulism toxin ကို မျက်နှာ အရေအကြောင်း၊အလှအပအတွက်တင်မကပဲ တခြားရောဂါတွေမှာပါသုံးတယ်။ မိုက်ဂရိမ်းခေါ်တဲ့ ခေါင်းတခြမ်းကိုက်ကနေ မျက်တောင်ခပ်တာ၊ ချွေးထွက်များသူသာမက ဆီးမလုံသူတွေမှာပါ သုံးကြတယ်။
လက်ရှိချိန်ထိ နိုင်ငံပေါင်း ၈၀ကျော်မှာ ရောဂါအမျိုးအစား(၂၅)မျိုးမက သုံးစွဲဖို့ ခွင့်ပြုခဲ့ပြီး ဖြစ်တယ်။
နာမည်ကြီးမင်းသမီးတွေထဲက Nicole Kidman, Jennifer Aniston, Cindy Crawford စတဲ့သူတွေလည်း Botox ထိုးဖူးကြတယ်။ ဒီထဲမှာ Nicole Kidman ကေတာ့ အသက်ကြီးပေမယ့် အရေးအကြောင်းကင်းစင်သူအဖြစ် နာမည်ကြီးတယ်။ ဂျာမန်သတင်းစာတစောင်ရဲ့ အင်တာဗျူးမှာ သူလည်း botox နဲ့တော့ မကင်းခဲ့ပါဘူးလို့ ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့တယ်။ ဒါပေမယ့် ဆေးရဲ့ရေရှည် အကျိုးသက်ရောက်မှုကို ထည့်သွင်းစဉ်းစားပြီးတဲ့အခါ ဆက်မသုံးဖို့ ဆုံးဖြတ်ခဲ့ပါသတဲ့။ Jennifer Aniston ပြောတာလည်း သဘောကျစရာ။ “ကျွန်မလည်း Botox သုံးဖူးပါတယ်။ ဆေးထိုးပြီးနောက်ပိုင်း သတိထားလိုက်မိတာက ကျွန်မမျက်နှာပေါ်က နွေးထွေးဖော်ရွေတဲ့ အပြုံးတွေ ပျောက်ကွယ်သွားပြီလို့ ခံစားလိုက်ရတာပါပဲ”။
ဒေါက်တာ အေးမင်းထူး
(အရေပြားအထူးကု ဆရာဝန်)
ရတနာပုံ သတင်းစာ(၂၇.၇.၁၅)
Botox injection ဘိုတောက်ထိုးခြင်း
Botox Injection ဆိုတာ Clostridium botulinum ဘက်တီးရီးယားကနေ ထုတ်လုပ်တဲ့ Botulinum Toxin Type A (အဆိပ်အတောက်)ကို အရေပြားအောက် ကြွက်သား(muscle)တွေထဲ ထိုးသွင်းတဲ့ ကုသနည်း ဖြစ်ပါတယ်။ Botox ဟာ အာရုံကြောတွေကနေ ကြွက်သားတွေဆီ သတင်းပို့တဲ့ acetylcholine ဓာတ်ပစ္စည်းကို ယာယီတားဆီးပေးပြီး ကြွက်သားကျုံ့ခြင်းကို လျှော့ချပေးပါတယ်။
Botoxရဲ့ အဓိက အားသာချက်က မခွဲစိတ်ရဘဲ ချက်ချင်းသိသာတဲ့ ရလာဒ်ကို တွေ့မြင်ရတာဖြစ်တယ်။ ဘိုတောက်ကို မျက်နှာနဲ့ဆိုင်တဲ့ အလှအပဆိုင်ရာ ပြဿနာတွေ ကုသရာမှာ အသုံးပြုတယ်။ နဖူးနဲ့ မျက်ခုံးတွ့န်တာ၊ မျက်လုံးရစ်အရေးအကြောင်း(Crow’s feet)နဲ့ မျက်ခွံတွဲကျတဲ့အခါမျိုးမှာ အသုံးပြုကြတယ်။ တခါတရံ ချွေးထွက်များခြင်း (Hyperhidrosis)၊ ခေါင်းကိုက်ခြင်း (Migraine)၊ ကြွက်သားတောင့်တင်းခြင်း၊ မျက်ခွံကြွက်သားသိမ်ခြင်း (Blepharospasm)စတဲ့ ရောဂါတွေမှာလည်း အသုံးပြုနိုင်တယ်။
botox ထိုးဆေးကို ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်၊ အကြောပျော့ရောဂါသည် (Myasthenia Gravis) နဲ့ မျက်နှာပိုးဝင်နေသူတွေမှာ မထိုးသင့်ဘူး။ ဆေးဓာတ်မတည့်ခြင်း ရှိမရှိ ကြိုပြောပြရတယ်။ကုသမှုမလုပ်မီ Aspirin နဲ့ အခြား သွေးကျဲဆေးတွေ ၁ပတ်ခန့် ကြိုတင်ရပ်နားထားရမယ်။
Botox အမျိုးအစားများ
· Botox
· Dysport
· Xeomin
ဆေးထိုးနည်း
————-
ဘိုတောက်မထိုးခင် အယ်လ်ကိုဟော(alcohol)ပါတဲ့ ဆေးရည်နဲ့ အရင်သန့်စင်ပါ။ ထုံဆေးခရင်မ်တမျိုးမျိုး လိမ်းပါ။ ဆေးလိမ်းပြီး ဆရာဝန်က မျက်နှာကြွက်သားပေါ်မူတည်ပြီး သေးငယ်တဲ့အပ်နဲ့ ကြွက်သားထဲကို ထိုးပေးရတယ်။ ဆေးကုသမှုဟာ ၁၅-၃၀ မိနစ်ခန့် ကြာမြင့်တတ်တယ်။
ဆေးထိုးတဲ့နေရာကို အရောင်ကျအောင် ရေခဲဝတ်ကပ်ပါ။ လက်နဲ့ချေတာ မလုပ်ပါနဲ့။ ဆေးထိုးပြီး ပထမ ၄ နာရီအတွင်း မျက်နှာစောင်းအိပ်တာ၊ မှောက်အိပ်တာ၊ ထိတွေ့ကိုင်တွယ်တာမျိုး ရှောင်သင့်တယ်။ ဆေးထိုးပြီး ပထမ ၂၄ နာရီအတွင်း ပြင်းထန်တဲ့ လေ့ကျင့်ခန်းမျိုး ရှောင်ကြဉ်ပါ။ အရက်ဘီယာ မသောက်ပါနဲ့။ ပထမ ၁ ပတ်အတွင်း မျက်နှာပွတ်သပ်တာ၊ နှိပ်တာမျိုး ရှောင်ကြဉ်သင့်တယ်။
အာနိသင်ဘယ်အချိန်စပြလဲ
ဆေးထိုးပြီး ၃-၇ ရက်အတွင်း အရေးအကြောင်းတွေ စတင်သက်သာလာတယ်။ ၂ ပတ်အကြာမှာ သိသိသာသာ ထူးခြားလာတယ်။ ဆေးတခါထိုးရင် အာနိသင်က ၃-၆ လလောက် ခံတယ်။
အရေးအကြောင်းတွေရဲ့ ၆၀-၉၀% ထိ သက်သာနိုင်တယ်။ ပထမဆုံးအကြိမ် ဆေးထိုးပြီး ၃-၄ လအကြာ နောက်တစ်ကြိမ် ဆေးထပ်ထိုးနိုင်တယ်။ ဘိုတောက်ကို တစ်နှစ် ၃-၄ ကြိမ်ထိ အများဆုံးထိုးနိုင်ပါတယ်။ အကယ်၍ ဆေး ၂နှစ် ဆက်တိုက် ထိုးမိရင် ဆေးအာနိသင် ပိုပိုနည်းလာတတ်တယ်။
ဘိုတောက်ရဲ့ အဓိက အားသာချက်က ချက်ချင်းသိသာတဲ့ ရလာဒ် ရရှိနိုင်တာဖြစ်တယ်။ဘေးထွက်ဆိုးကျိုး နည်းပြီး နားရက်မလိုအပ်ဘူး။ အားနည်းချက်က ဆေးအာနိသင်ဟာ ယာယီပဲ ခံလိို့ ဆေးကုသမှု မကြာခဏ ခံယူရတယ်။ ဒါ့တင်စရိတ်စခကြီးမြင့်ပြီး ဆေးတုတွေလည်းပေါတယ်။ဆေးထိုးတဲ့နေရာမှာ ရောင်ရမ်းခြင်း၊ နာကျင်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ ပါးစပ်ခြောက်ခြင်း၊ မျက်ခွံကျခြင်း၊ အနာဖြစ်ခြင်း စတာတွေဖြစ်နိုင်တယ်။
သတိပြုစရာအချက်
Botox ဆေးထိုးတဲ့အခါ ဆရာဝန်မှတ်ပုံတင်ထားသူထံမှာသာ ထိုးသင့်တယ်။ အာမခံချက်ရှိတဲ့ဆေးဝါးတွေပဲ အသုံးပြုပါ။ ဈေးနှုန်းအလွန်ချိုသာရင် သတိထားပါ။ ဆေးကုသမှုမခံယူမီ တတ်ကျွမ်းတဲ့ဆရာဝန်နှင့် တိုင်ပင်ပါ။ ဆေးထိုးပြီး ဆရာဝန် ညွှန်ကြားချက်အတိုင်း အတိအကျလိုက်နာပါ။ဘိုတောက်ဆေးထိုးတဲ့ ပမာဏ unit ပေါ် မူတည်ပြီး တစ်ကြိမ်ကို ၃၀၀,၀၀၀ ကျပ်မှ ၁,၅၀၀,၀၀၀ ကျပ်အထိရှိနိုင်တယ်။ဆေးပမာဏနဲ့ ဆရာဝန်ရဲ့ ကျွမ်းကျင်မှုအလိုက် ဈေးတွေ ကွဲပြားနိုင်တယ်။
ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်
အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။
If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.
