Body Sculpting ကိုယ်ခန္ဓာပုံသွင်းခြင်း
Body Sculpting ဆိုတာ ခန္ဓာကိုယ်ကို သဘာဝကျကျ လှပစွာ ပုံဖော်တဲ့ နည်းပညာဖြစ်ပါတယ်။ ဒီနည်းဟာ Body Contouring ထက် ပိုပြီးတိကျတယ်။ အဆီကျရုံမက ကြွက်သားကို ထင်ရှားစေခြင်း (Six pack ပေါ်အောင် လုပ်ခြင်း) နဲ့ ခန္ဓာကိုယ်အချိုးအစားကို ကျနအောင်ပုံဖော်ပေးတယ်။
Body Sculpting ကို
· ဝမ်းဗိုက်ကြွက်သားပုံဖော်ခြင်း
· တင်ပါးကြွက်သား ပုံဖော်ခြင်း
· ပေါင်တွင်းကြွက်သား ပုံသွင်းခြင်း
· လက်မောင်းကြွက်သား ပုံသွင်းခြင်း
· ခါးအချိုးအစားကျနအောင် ပြုပြင်ခြင်း
စတဲ့ကိစ္စရပ်တွေမှာ အဓိကအသုံးပြုပါတယ်။
Body Sculpting နဲ့ Body Contouring ကွာခြားချက်
———————————————–
Body Contouring Body Sculpting
အဆီဖယ်ရှားခြင်း အဆီဖယ်ရှားခြင်း + ကြွက်သားပုံသွင်းခြင်း
ခန္ဓာကိုယ်ပြင်ပပုံစံပြောင်းလဲခြင်း ခန္ဓာကိုယ်အတွင်းပိုင်းကြွက်သားထုထည်တက်ခြင်း
မျက်နှာပြင်ညီညာအောင် ပြုလုပ်ခြင်း ထင်ရှားသောကြွက်သားများ ထွက်ပေါ်လာခြင်း
Body Sculpting အမျိုးအစားများ
ခန္ဓာကိုယ်ပုံသွင်းတဲ့အခါ အဆီပိုတွေလျှော့ချပြီး ကြွက်သားထုထည်တက်အောင် တည်ဆောက်ရပါတယ်။ ဒီဖက်ခေတ်မှာ EMSCULPT NEO နဲ့ CoolTone လို ခွဲစိတ်ဖို့ မလိုတဲ့ နည်းတွေ ရှိလာပါပြီ။
ခွဲစိတ်ဖို့ မလိုအပ်တဲ့နည်း
———————–
(၁) EMSCULPT NEO
EMSCULPT NEO ဆိုတာ RF အပူလှိုင်းနဲ့ သံလိုက်စက်ကွင်းကို တွဲဖက်သုံးစွဲတဲ့ အဆီချနည်းပညာတစ်ခုဖြစ်တယ်။ အဆီကို လျှော့ချပေးနိုင်ရုံမက ကြွက်သားထုထည်လည်း တိုးတက်လာအောင် လုပ်ဆောင်နိုင်တယ်။ လေ့လာမှုတွေအရ ဒီနည်းသုံးရင် အဆီပို ၃၀% လျှော့ချပေးနိုင်ပြီး ကြွက်သားထုထည် ၂၅% တိုးတက်လာတယ်။ ဝမ်းဗိုက်၊ တင်ပါး၊ လက်မောင်းနေရာတွေမှာ အသုံးများတယ်။
(၂) CoolTone
CoolTone ဆိုတာ သံလိုက်စက်ကွင်းသုံးပြီး ကြွက်သားထုထည် တည်ဆောက် (Muscle Building)တဲ့ နည်းပညာတစ်ခု ဖြစ်တယ်။ ကြွက်သားကို လှုံ့ဆော်ပေးလို့ Magnetic Muscle Stimulation (MMS) လည်းခေါ်ပါတယ်။ ဒီနည်းသုံးတဲ့အခါ ကြွက်သားညှစ်အားကောင်းမွန်လာပြီး ကြွက်သားထုထည်တိုးတက်လာစေတယ်။ ဝမ်းဗိုက်ကြွက်သားတွေအတွက် အဓိကအသုံးပြုပြီး တင်ပါး၊ ပေါင်စတဲ့ ကြွက်သားတွေမှာလည်း အသုံးဝင်တယ်။
ခွဲစိတ်ကုသနည်း
—————-
(၁) High-Definition Liposuction
High-Definition Liposuction ဆိုတာ ခွဲစိတ်ပြီး အဆီပိုတွေ ဖယ်ရှားတဲ့နည်းတွေဖြစ်ပါတာ်။ခွဲစိတ်ဓားရာပေးပြီး အသံလှိုင်း အက်ထွာဆောင်းနည်းပညာ (VASER) နဲ့ အဆီပြင်တွေ အရည်ပျော်အောင် အရင်ပြုလုပ်ရတယ်။ ပြီးရင် သေးငယ်တဲ့ cannula နဲ့ စုပ်ထုပ်ဖယ်ရှားပစ်တယ်။ အဆီဖယ်ရှားပြီးရင် ကြွက်သားထုပေါ်ကျန်တဲ့ အဆီတွေကို ခွဲစိတ်ဖယ်ရှားပစ်ရတယ်။ ဒီနည်းကို ဝမ်းဗိုက်၊ခါး၊ရင်ဘတ်အဆီတွေအတွက် အဓိကသုံးတယ်။ ပုံမှန် အဆီစုပ်ခြင်း (Liposuction)ထက် ပိုတိကျတယ်။ တိကျတဲ့နေရာက အဆီကို တိတိကျကျ စုပ်ထုတ်လို့ High-Definition ခေါ်ပါတယ်။ ဝမ်းဗိုက် ကြွက်သားမြောင်း (6-pack) ပုံသွင်းရာမှာအသုံးပြုကြတယ်။
(၂) Brazilian Butt Lift (BBL)
တင်သားကြီးအောင် ပြုပြင်တဲ့ ခွဲစိတ်နည်းဖြစ်တယ်။ ကိုယ်ခန္ဓာ တခြားနေရာက အဆီတွေကို စုပ်ယူပြီး တင်ပါးအတွင်း ပြန်လည်ထိုးသွင်းရတယ်။ သဘာဝဆန်တဲ့ တင်ပါး အချိုးအစားကို ရရှိနိုင်တယ်။
ဘယ်သူတွေ Body Sculpting လုပ်သင့်လဲ
—————————————
· BMI 30 အောက် ရှိသူများ
· ပုံမှန်လေ့ကျင့်ခန်းလုပ်ပြီးသူများ
· ကြွက်သားထုထည်တက်လိုသူများ
· ခန္ဓာကိုယ်အချိုးအစား ပီပြင်လိုသူများ
ပြုလုပ်နည်းအဆင့်ဆင့်
———————-
Body Sculpting ပြုလုပ်တဲ့အခါ ကျွမ်းကျင်တဲ့ဆရာဝန်နဲ့ အရင်ဆုံး တိုင်ပင်ဆွေးနွေးရတယ်။လက်ရှိခန္ဓာကိုယ်ပုံစံကို 3D Body Scanning အရင် ရိုက်ကူးရတယ်။အရင်ဆုံး ကုသမယ့်နေရာကို သန့်စင်ပေးရပါတယ်။ ပြီးရင် ကြွက်သားပုံစံနေရာကို Marking နဲ့ ထင်ရှားအောင် မှတ်သားရတယ်။ ကိုယ်ရွေးချယ်ထားတဲ့ ကုထုံးပေါ်မူတည်ပြီး ကုသချိန်တွေ မတူကြဘူး။
· EMSCULPT NEO ကြာချိန် – ၃၀ မိနစ်
· CoolTone ကြာချိန် – ၃၀ မိနစ်
· ခွဲစိတ်မှု ကြာချိန်- ၂-၄ နာရီ
ခွဲစိတ်မှုပြီးဆုံးတဲ့အခါ Compression Garment ဝတ်ဆင်ရတယ်။ကုသထားတဲ့နေရာကို ပုံမှန်လှုပ်ရှားခွင့်ကန့်သတ်ရတယ်။
အကျိုးရလာဒ်
————–
ခွဲစိတ်မှုမလိုတဲ့ ကုထုံးတွေမှာ ကြွက်သားတင်းမာမှုစတင်သိရှိဖို့ အချိန် ၂-၄ ပတ် ထိလိုတယ်။ ၃လနဲ့ ၆ လအတွင်း အကောင်းဆုံးရလာဒ်ကို မြင်ရတယ်။ ဒီကုသမှုဟာ ပျမ်းမျှ ၆ လ – ၁ နှစ်ခံပါတယ်။ ခွဲစိတ်ကုသမှုဟာ ပိုမိုထိရောက်ပြီး ကိုယ်အလေးချိန်ကောင်းကောင်းထိန်းနိုင်ရင်ကြာရှည်ခံပါတယ်။
အားသာချက်များ
—————–
Body Sculpting ပြုလုပ်ခြင်းက သဘာဝကျတဲ့ရလာဒ်ကို ရရှိစေတယ်။ Gym မှာ လေ့ကျင့်ထားသလို ကြွက်သားထုတွေ ထင်ရှားလာတယ်။ ကုသမှုက အချိန်တိုပြီး ၂၄ နာရီအတွင်း ပုံမှန်အလုပ်တွေ ပြန်လုပ်နိုင်တယ်။
အားနည်းချက်များ
——————
ခွဲစိတ်မှုမလိုတဲ့ ကုသနည်းတွေမှာ လေ့ကျင့်ခန်းလုပ်သလို ကြွက်သားကို အလုပ်ပေးတာကြောင့် ကြွက်သားတွေ နာကျင်ကိုက်ခဲနေတတ်တယ်။ ကြွက်သားယာယီရောင်ရမ်းတာ၊ထုံကျင်တာ ရှိနိုင်တယ်။ ခွဲစိတ်ကုသတဲ့နည်းလမ်းတွေမှာ မကောင်းတဲ့အချက်တွေရှိတယ်။ ခွဲစိတ်မှုကြောင့်ကူးစက်ရောဂါဖြစ်နိုင်ခြေများတယ်။ အမာရွတ်ကျန်နိုင်သလို ရလာဒ်မကောင်းတာ၊ ခွဲစိတ်မှု မညီညာတာမျိုးဖြစ်နိုင်တယ်။
အကြံပြုချက်
————-
Body Sculpting ကုထုံးကို ဆေးရုံ၊ဆေးခန်းတွေမှာ ကျွမ်းကျင်တဲ့ ဆရာဝန်မှာသာ ပြုလုပ်သင့်ပါတယ်။ Body Sculpting ဟာ အစားအသောက်နဲ့ လေ့ကျင့်ခန်းကို အစားထိုးနိုင်တဲ့ နည်းလမ်းမဟုတ်ပါ။ ဒါ့ကြောင့် ကြွက်သားပြန်လည်အားပြည့်ဖို့ ပရိုတင်းဓာတ်များများစားပါ။ ရေများများသောက်ပါ။ရလာဒ်ကောင်း တည်တံ့စေဖို့ပုံမှန်လေ့ကျင့်ခန်းဆက်လုပ်ပါ။ ဆရာဝန်ညွှန်ကြားချက်အတိုင်း တသွေမတိမ်းလိုက်နာပါ။
ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်
အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။
If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.
