Open 9:00-12:00 AM
+95 92051590

ဟော်မုန်းသံစဉ်တို့ရဲ့ နောက်ကွယ်

26 Jan, 2023 | No Comments

ဟော်မုန်းသံစဉ်တို့ရဲ့ နောက်ကွယ်

(၁)

မွှေးပျံ့သော သင်းရနံ့က နှာခေါင်းတွင်း ဝင်ရောက်လာချိန်…။ အိစက်ညက်ညောသော အသားစိုင်တို့ကို လက်က စမ်းသပ်မိချိန်…။ မို့မောက်သော ရင်အစုံကို နားကျပ်တခုဖြင့် နားထောင်မိချိန်…။
နှလုံးခုန်သံက အလိုလိုမြန်လာသည်ကို ဆရာဝန်ငယ်လေး မောင်ဇော်ထက်တယောက် ခံစားမိလိုက်သည်။
“ဒါမောင်လေးပုံလား”
ဘေးတွင် ချိတ်ထားသော အလှဓာတ်ပုံပေါ်မှ မျက်လုံးမျက်ဖန်ကောင်းကောင်းနှင့် ကောင်လေးကိုကြည့်ရင်း မေး၏။ နားမှနားကျပ်ကိုဖြူတ်ရင်း အစ်မဘာမေးတာလဲဟု မကြားတကြားပြန်မေးတော့ လူနာက ဖြူဝင်းသောသွားတက်လေးများပေါ်အောင်ပြုံးပြသည်။ သွားမှာတပ်ထားသော စိန်ပွင့်လေးတလုံးက လက်ကနဲဖြာသွား၏။
“မောင်လေးပုံလားလို့မေးတာပါ၊ စိတ်ရှိနဲ့နော်၊ပုံထဲမှာ အရမ်း ချောတယ်” လူကောင်အရှင်လတ်လတ် အပြင်မှာ မြင်တွေ့ရနေပါလျက် ဓာတ်ပုံထဲက အသက်(၁၈)နှစ် အရွယ်လူငယ်လေးကို ချီးမွန်းခန်းဖွင့်နေသော လူနာအမျိုးသမီးစကားကြောင့် ကြည်နူးရမှာလိုလို စိတ်ခုရမှာလိုလို မဝေခွဲတတ်။ လူနာက သူ့ကိုရွှန်းရွှန်းစား စိုက်ကြည့်နေပါသည်။
“ဟုတ်ပါတယ်..ဟိုးအရင် မော်ဒယ်တက်တုန်းကပုံပါ၊
အမှတ်တရလေးဖြစ်အောင်ချိတ်ထားမိတာ၊ ဘာရယ်မဟုတ်ပါဘူး”
“ဟင်း..ဟင်း… ဒါဆို မောင်လေးက မော်ဒယ်ပေါ့နော်”
“ဟာ..မဟုတ်တာ..ငယ်ငယ်တုန်းက ရူးမိုက်မိတဲ့အချိန် သူငယ်ချင်းတွေအဆွယ်ကောင်းတာနဲ့ ပါသွားပြီး သင်တန်းလေးတက်ပြီး ထင်မိထင်ရာလျှောက်လုပ်မိတာ၊ အခုမဟုတ်တော့ပါဘူး”
ရှက်ရှက်နှင့်ပြောတော့ လူနာအမျိူးသမီးက ရယ်၏။
“အင်းလေ..ငါ့မောင်လေးက မော်ဒယ်လုပ်လည်း အောင်မြင်မှာပါ၊ ရုပ်ကလေးက
ဒီလောက်ချောတာ၊ဪ..မမနာမည်လည်းမှတ်ထားဦး…ဖြူလဲ့ရည်တဲ့။ မော်ဒယ်သင်တန်းကျောင်း ဖွင့်ထားတယ်လေ၊ဟိုးဖက်လမ်းမှာ” စာအုပ်တွင် လူနာနာမည်ကော အသက်နှင့်လိပ်စာရော ရေးထားပြီးမို့ သိပေမယ့် သာမန်ဖျားနာကြောင့်လာပြသော အဆိုပါ လူနာအမျိုးသမီးက ထပ်မံမိတ်ဆက်သောအခါအသိမှတ်ပြုသည့်အနေဖြငိ့ခေါင်းညိတ်ပြရသည်။
ခေတ်မှီလှပသော အပြင်အဆင်နှင့် အတူသင်းပျံ့သော မွှေးရနံ့၊နုဖတ်ကြည်လင်
ဝင်းမွတ်နေသော မျက်နှာလေးကို လိမ်းခြယ်ထားသော မိတ်ကပ်တို့က အသက် ၃၅
နှစ်တည်းဟူသော အရွယ်တခုကိုကောင်းစွာ ဖုံးကွယ်ပေးနိုင်ဟန်တူ၏။ အသက်သာ
မပြောလျှင် အသက် ၂၀ အရွယ် မိန်းမပျိူတဦးဟုခန့်မှန်းမိမည်မှာ မလွဲပေ။
“အစ်မက မော်ဒယ်လုပ်တာလား”
သည်စကားကြားတော့ ဖြူလဲ့ရည်ဟူသော အမျိုးသမီးလေးက သဘောကျစွာရယ်သည်။
“မော်ဒယ်သင်တန်းဖွင့်ထားပေမယ့်
မော်ဒယ်တော့မလုပ်ဖြစ်ပါဘူး…အလုပ်တခုရှိရုံလောက်ပေါ့။အင်း…တကယ်တမ်းဖြစ်ချင်ခဲ့တာ ဆရာဝန်လေ၊ ဆယ်တန်းဖြေကာနီး တိုက်ဖွိုက်အကြီးအကျယ်ဖြစ်ပြီး ဆေးရုံ ငါးရက်လောက် တက်လိုက်ရတယ်။ နောက်ဆက်တွဲကတော့ ဆရာဝန်အလုပ်နဲ့တော့လွဲသွားတယ်ပေါ့၊ အောင်စာရင်းထွက်တော့ ငိုလိုက်ရတာမပြောပါနဲ့။ နောက်တော့ ဆရာဝန်မလုပ်ရရင် နိုင်ငံခြားထွက်မယ်ဆိုပြီး ဟိုမှာ (၁၅)နှစ်လောက်ကြာသွားတယ်။ မော်ဒယ်သင်တန်းနဲ့ ဒီဇိုင်နာ
နှစ်ခုလုံးတက်ခဲ့တယ်။အခု ဒီပြန်အခြေချမယ်ဆိုတော့ ကြာကြာမစဥိးစားရဘူး။ မော်ဒယ်သင်တန်းပဲ ရွေးချယ်ခဲ့တယ်၊ ဒါက ကိုယ့်ဝါသနာနောက်တခုကိုး”
ထိုအချိန်ကတည်းက လူတဖက်သားအာရုံကို ဆွဲဆောင်နိုင်လောက်အောင် စကားပြောကောင်းသည့် မမဖြူကို အမှတ်မထင် သတိပြုမိခဲ့သည်။


(၂)

“ရော့”
စက္ကူလက်ဆွဲအိတ်ကို စာရေးစားပွဲပေါ်တင်ပေးတော့ စိတ်ထဲထူးဆန်းသွားသည်။
“ဒါဘာလဲအစ်မ”
“ချောင်းသာအပြန် မောင်လေးအတွက် လက်ဆောင်”
ခင်မင်ရင်းနှီးတာ တလပင်မပြည့်သေးသော လူနာအမျိုးသမီးဆီမှ ဆရာဝန်ပေါက်စကလေး
မောင်ဇော်ထက် တယောက် လက်မခံဝံ့ပါ။ လက်လည်း မခံသင့်ဟု ထင်သည်။
“ပြန်ယူသွားပါအစ်မရယ်၊ ဒါတွေမလိုပါဘူး”
“မဟုတ်တာကွယ်၊ ငါ့မောင်ကို ခင်လို့ဝယ်လာတာပဲ၊ ဘာလဲ..စေတနာနဲ့ဝယ်လာတဲ့
လူနာတယောကိဆီက လက်ဆောင်ပစ္စည်းတွေကို လက်မခံရဘူးလို့ ဆရာအဆက်ဆက်က
သင်ပေးခဲ့လို့လားမောင်လေး”
မျက်ခုံးလေးပင့်ချီရင်း ရယ်ရယ်မောမောပာန်ပြောနေသော သူမစကားကြောင့်
မောင်ဇော်ထက်တယောက် အငြင်းရခက်စွာ ခေါင်းခါပြ၏။
“အဲလိုမဟုတ်ပါဘူး..ဟို..ဟိုလေ..”
“ဒါဆို ဘာလဲ လက်ဆောင်က တန်ဖိုးမရှိလို့ မယူချင်တဲ့သဘောပေါ့..ဟုတ်လား မောင်လေး”
စကားတတ်လွန်းလှစွာသော ဒီအမျိုးသမီးကို ဇော်ထက် ခွန်းတုံ့ပြန်ရန် မစွမ်းသာတော့ပါ။ ပုံစံကလက်မခံမချင်း မရမကဇွတ်ပေးမည့်ပုံစံမျိုးပင်။ အမှန်ဆို လူနာ အမျိူးသမီးတယောက်ဆီမှ မည်သည့် လက်ဆောင်ပဏာမှ မယူသင့်ဟု စိတ်ကဆုံးဖြတ်မိပေမယ့် မိမိအပေါ်ထားရှိသော လူနာတယောက်၏ စေတနာကိုတော့ အသိမှတ်ပြုကောင်းသင့်သည်ဟု ထင်သည်။
“ကဲ…ထားချင် ထားခဲ့ပါအစ်မ၊ကျေးဇူးတင်ပါတယ်”
“ဟင်း.. မောင်လေးစကားကြီးကလဲ။ ဒါပဲနော်…နောက်ဆိုမောင်လေးဆီပဲ လာကုမှာ..သိလား”
မူနွဲ့နွဲ့ပြောသော မမဖြူကိုကြည့်ရင်း မောင်ဇော်ထက် သက်ပြင်းရှည်ကြီး ချလိုက်မိသည်။




(၃)

“အစ်ကို…အခုတလော ဘာတွေဖြစ်နေတာလဲဟင်၊ ကြည့်လိုက်တိုင်း ငေးငိုင်ပြီး အမြဲသက်ပြင်းတွေချနေတာ၊ ဘာလဲ ပိုးနဲ့ အတူသွားရတာ မပျော်တော့ဘူးလား” ပိုးက သူ့ပခုံးကို လှုပ်ခါရင်း အားမလိုအားမရ မေးတော့ စိတ်ရှုပ်စွာ သက်ပြင်းချရ၏။
“မဟုတ်ပါဘူးကွာ၊ ဆေးရုံက်စ္စတခုနဲ့ ခေါင်းရှုပ်နေလို့ပါ၊ ပိုးနဲ့ မဆိုင်ပါဘူး”
“မဟုတ်သေးဘူး၊ ကိုယ် ခုတလော ပုံမှန်ကို မဟုတ်ဘူး၊ တခုခုကို အမြဲတွေးနေတာ၊
ဘာမဟုတ်တာလုပ်ထားပြီလဲ ပြော..” တနေ့ မျက်တောင် ဘယ်နှစ်ကြိမ်ခပ်သလဲကအစ အရိပ်အခြေကို အကဲခတ်နေတတ်သော ပိုးဝသုန်တယောက် သိများသိသွားလေသလားဟူသော အတွေးနှင့် လှမ်းကြည့်လိုက်တော့သည်လိုတော့ဟုတ်ဟန်မတူ။
“မဟုတ်ပါဘူးကွာ၊ လူနာတယောက် ခံစားရတဲ့ ရောဂါဝေဒနာအကြောင်းကို တွေးနေမိလို့ပါ”
ထိုအဖြေ ကြားမှ စိတ်ချသွားဟန်ဖြင့် ပိုးမျက်နှာလေး ရယ်ရယ်မောမောဖြစ်နိုင်သည်။ နောက်ထပ်တော့ ဆက်မမေးတော့။ တော်ပါသေးရဲ့။ဘာရောဂါလဲ ဆက်မေးလျှင်သူ့ဖက်က  ဖြေရခက်ဦးမည်။ တကယ်တော့ သူရောဂါကနှလုံးရောဂါတမျိုးဖြစ်သည်။ အမှန်တိုင်း ဝန်ခံရလျှင်သူကိုယ်တိုင်ပင် အဆိုပါရောဂါ ခံစားနေရပြီဟုကိုယ့်ဘာသာ သံသယရှိနေသည့် ရောဂါမျိုးရယ်ပါ။




(၄)

ဒီရက်ပိုင်း မမဖြူနှင့် သူတော်တော်ရင်းနှီသွားသည်။ မရင်းနှီးလို့လည်းမရ။ မရင်းနှီးရင်းနှီးအောင် ဆေးခန်းကိုလာပြသည်။ ရောဂါသက်သာလျှင်အကြောင်းတစုံတရာမရှိဘဲ လက်ဆောင်တွေ ဝယ်ဝယ်လာတတ်သည်။ အဆိုးဆုံးက သူ့အမူအရာတို့ပင်။ အသက်(၂၃)နှစ်အရွယ်တွင်
ဆရာဝန်ဖြစ်ပြီးကာစဆေးခန်းထိုင်တာ တနှစ်ပင်မပြည့်သေးသော လူပျိုအရွယ် ဆရာဝန်ငယ်တယောက်အတွက် အသက်နှင့်မလိုက်အောင် လှပခေတ်မှီ၍ နုပျိုနေသည့် မမဖြူ၏ အလှစက်ကွင်းထဲမှ မည်သို့မည်ပုံ ရုန်းထွက်နိုင်ပါအံ့နည်း။ ပြောရလျှင် မမဖြူက တော်တော့်ကို လှသည်။ ရှမ်းသွေးပါသူပီပီ အသားဖြူဖြူအရပ်ထောင်ထောင်မောင်းမောင်းနှင့် လူတွေကြားထဲ ထင်းကနဲနေအောင်လှသောမျက်နှာ၊ ဆံပင်ကိုအပြောင်သိမ်းပြီး ထုံးဖွဲ့ထားပုံမှာ ကျက်သရေရှိလှသည်။ ပိုးလို ကလေးဆန်ဆန် ချစ်စရာကောင်းတာမဟုတ်ဘဲ ကျက်သရေရှိ ရင့်ကျက်သည့် အလှမျိူးရယ်ပါ။
ခက်တာက ပိုးလေး။ ချစ်သူသက်တမ်း (၃)နှစ်ကျော်အတွင်း မိမိချစ်သူစိတ်ဆင်းရဲအောင် တကြိမ်တခါမှမလုပ်ဖူးခဲ့သည့် ချစ်စရာမိန်းကလေးမျိုးကို သူ့ဖက်က မည်သို့မည်ပုံဖြတ်နိုင်ပါအံ့နည်း။
 သို့သော်…။




(၅)

“ငါတို့ လမ်းခွဲကြရအောင်”
ဇော်ထက်စကားကြောင့် ပိုးကိုယ်လုံးလေး ဆတ်ခနဲ တုန်လှုပ်သွားသည်။ ချစ်သူဖြစ်ကတည်းက သူ့အပေါ် ကိုးကွယ်လုမတတ်ချစ်ခဲ့သူပီပီ သူ့စကားကြောင့် တုန်လှုပ်ခြောက်ခြားသွားဟန်က အထင်းသားပေါ်၏။
“ကို..ဘာစကားပြောလိုက်တာလဲ၊ နောက်တာဆိုလည်း ဒီလိုမျိုးတော့ မနောက်ပါနဲ့ကိုရယ်”
ငိုမဲ့မဲ့လေး ပြောတော့ စိတ်မကောင်းမိ။ သို့သော် ဇော်ထက်စိတ်ကိုတင်းလိုက်ပြီး မျက်နှာတည်လိုက်သည်။
“နောက်တာ မဟုတ်ဘူးပိုး၊ ကိုယ်အတည်ပြောနေတာ၊ ပိုးနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ပြီ”
ပိုးမျက်ဝန်းမှ မျက်ရည်များ ပိုးပိုးပေါက်ပေါက်စီးကျလာ၏။
“ပိုးမှာ ဘာအပြစ်ရှိလို့လဲကို”
“ပိုးမှာ အပြစ်မရှိဘူး၊ တကယ်အပြစ်ရှ်ိတာက ကိုယ်ပါ၊ကိုယ် တောင်းပန်ပါတယ်။
ပိုးနဲ့လမ်းခွဲပါရစေ”
“ကို…”
ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်သံက နားထဲမှ ယနေ့ထက်တိုင် မထွက်နိုင်သေး။



(၆)

“မောင် ဘာတွေတွေးနေတာလဲဟင်”
မမဖြူအသံကြောင့် အတွေးတို့ ပစ္စုပ္ပန်သို့ ရောက်လာသည်။ နက်မှောင်ပျော့ပျောင်းသော ဆံသားတို့အောက်မှ အရွယ်နှင့်မလိုက်အောင် ချောမောနုဖတ်သော မဖြူမျက်နှာကို တစိမ့်စိမ့် ကြည့်ရင်းနှလုံးခုန်သံမြန်ဆန်လာသည်။ ပိုးနှင့် လမ်းခွဲပြီးကတည်းက မမဖြူနှင့် တရားဝင်ချစ်သူတွေ ဖြစ်ခဲ့ကြသည်။ မဖြူကတော့ သူ့ကိုတော်တော်ချစ်ရှာပါသည်။ မျက်စိအောက်ကပင်အပျောက်မခံနိုင်ခဲ့။ ယခုလည်း မမဖြူနှင့်သူ အင်းယားကန်ဘောင်ရှိ ခုံတန်းလေးဘေးတွင် နှစ်ယောက်သား တွဲထိုင်နေ၏။
“မောင်..”
“ပြော မမ”
“မမတို့  ဘယ်တော့ လက်ထပ်ကျမလဲ”
ဇော်ထက် မျက်စိမျက်နှာပျက်သွားသည်။
“အိမ်ကို မပြောရသေးဘူးမရယ်”
မမဖြူသက်ပြင်းကို ချလိုက်သည်။
“မိန်းမစျေးဖျက်တယ်လို့ မထင်စေချင်ဘူး။ မမ မောင်လေးနဲ့ ဒီနှစ်ထဲနှစ်ဦးသဘောတူ လက်ထပ်ချင်တယ်၊ မြန်မြန်လက်ထပ်ထားတော့ စိတ်ချရတာပေါ့။ မမတို့ချင်း အသက်ကွာတော့ မောင်လေးမိဘတွေက သဘောမတူမှာ စိုးမိတယ်ကွယ်” မျက်နှာငယ်လေးနှင့်ပြောလာသော မမဖြူကိုကြည့်ရင်း ဇော်ထက်စိတ်မကောင်းမိ။ အသက်အရွယ်ကွာနေတော့ သူလည်းစိိုရမ်မပေါ့။ နှစ်သိမ့်ပြုံးသာ ပြုံးပြလိုက်သည်
“စိတ်မပူပါနဲ့မရယ်။ ဖေဖေတို့က ကျတော့်စကားတခွန်းတည်းပါ၊စိတ်ချ၊ မမနဲ့ မခွဲစေရဘူး”
မမဖြူက သူ့စကားကြားတော့ သွားတက်ကလေးများပေါ်အောင်ပြုံးသည်။ သွားတက်ပေါ်မှ
စိန်ပွင့်ကလေးက လက်ခနဲဖြာသွား၏။




(၇)

အောက်တိုဘာလ (၁၄)ရက်။ လက်ထပ်မည့်ရက်ကို နှစ်ဦးသဘောတူ သတ်မှတ်လိုက်ကြသည်။ မိဘများကို နောက်မှအသိပေးပြီးမင်္ဂလာပွဲကို စီစဉ်ကြမည်ဟု ဆုံးဖြတ်လိုက်သည်။ ဒါကလည်း
မမဖြူသဘောအတိုင်းပင်။
“မောင်လေးနဲ့သာ ခွဲရရင် မမတော့သေမလားမသိဘူး”
မိမိအပေါ် ချစ်ခင်မြတ်နိုးလှစွာသော မမဖြူ၏ ထိုစကားတခွန်းနှင့်ပင် လက်မှတ်ထိုးဖို့ ချက်ချင်းစီစဉ်လိုက်သည်။ သူငယ်ချင်းဖြစ်သူ ကိုပေါက်နှင့်အထူးကုဆရာဝန်ပေါက်စ ဆရာကျော်တို့ကိုပင် အသိသက်သေနေရာတွင် လက်မှတ်ထိုးပေးဖို့ ပြောပြီးခဲ့ပြီ။ဘာလိုလိုနှင့် နက်ဖြန်ရောက်လျှင် လူပျိုဘဝတွင် ကုန်ဆုံးပေတော့မည်။
သည်လိုတွေးလိုက်ပြန်တော့ရင်ထဲတွင် လှိုက်မောသလိုလို မွန်းကျပ်သလိုလိုခံစားရသည်။ အိမ်ကိုအသိမပေးဘဲ လုပ်ရမည်ဆိုတော့ စိတ်အနည်းငယ်လှုပ်ရှားမိသည်။ အရင်ကတညိးက အရာရာ မိဘကို တိုင်ပင်ခဲ့သည့်သားတယောက် အိမ်ထောင်ပြုမှ မတိုင်ပင်ဘဲ နေမည်ဆိုတော့ တရားပါ့မလား။ သည်အကြောင်းကို ဆရာကျော်နှင့်တိုင်ပင်တော့ လူငယ်ဆန်ဆန် မြှောက်ပင့်ပေးသည်။
“ဟေ့ကောင်…ယူမှာကမင်း၊ ဘာမှစဉ်းစားမနေနဲ့။ လုပ်စရာရှိတာ ဆက်သာလုပ်၊ ဒီခေတ်ကြီးက လွယ်တာမဟုတ်ဘူး။ ပြီးတော့ မမဖြူကလည်း မင်းအပေါ်ဒီလောက်ချစ်တာ၊ ငါလည်း အဲလောက်ချစ်တဲ့မိန်းကလေးမျိုးတွေ့ရင် ယူမှာပဲ”
အဲလောက်ချစ်သည့် ဆိုတဲ့စကားအရောက်မှာတော့ မဆီမဆိုင် ပိုးမျကိနှာလေးကို ပြေးမြင်မိသည်။ လမ်းခွဲစကားပြောခဲ့တုန်းက မျက်ရည်လက်စဖြင့် “ကို့သဘောအတိုင်း ဖြစ်စေရပါမယ်”ပြောခဲ့သူလေး။ ဘာပဲဖြစ်ဖြစ် အခုဆို သူ့ဘဝနဲ့သူ ပျော်နေလောက်ပြီ ထင်ပါရဲ့။




(၈)

လက်ထပ်မည့်နေ့ မနက်… ။
စောစောစီးစီး ဆရာကျော်ဆီမှ ဖုန်းဝင်လာသည်။ အသံကမကောင်းလှ။
“ပိုးလေး အခုဆေးရုံရောက်နေတယ်၊ မနေ့က ဘာမီတွန် ဗူးလိုက် မော့သောက်ပြီး sucide လုပ်လို့ အရေးပေါ်ဌာနရောက်လာတာတဲ့။ အခြေအနေတော့ စောင့်ကြည့်နေတုန်းပဲတဲ့။ ဘာပဲဖြစ်ဖြစ် မင်းလက်မှတ်ထိုးပြီးရင်တော့ သွားတွေ့လိုက်ပါကွာ၊ ငါလည်း ခဏနေ တရားရုံး ထွက်ခဲ့တော့မယ်”
မကောင်းသည့် အတိတ်နမိတ်ကို ရုတ်ခြည်း ခံစားရသည်။ မနေ့ကတင် ပိုးအကြောင်း တွေးနေမိသည် မဟုတ်ပါလား။ သူ့အကြောင်း ကြားလိုက်ရတော့စိတ်ထဲမကောင်းမိ။ တကယ်ဆို ပိုးက သူ့ကိုတော်တော်ချစ်ရှာသည့် မိန်းကလေးပါ။ ဘာပဲဖြစ်ဖြစ် မတတ်နိုင်။သူ့ဖက်က မမဖြူကို ရွေးချယ်လိုက်ပြီ မဟုတ်ပါလား။ နောက်တနာရီကြာလျှင် တရားရုံးတွင် သူနှင့် မမဖြူတို့တရားဝင်လက်ထပ်ကြတော့မည်။
“မောင်ရေ..ကားထဲက ပုဝါလေး သွားယူပေးပါလား၊ တရားရုံးနောက်ကျနေမှာစိုးလို့”
 အခန်းထဲ အလှပြင်နေသော မမဖြူ၏ အသံလွင်လွင်လေး ထွက်ပေါ်လာသည်။ ဪ…မိန်းမဟူသည့်မရခင်ကတည်းက ခိုင်းစားချင်နေတတ်သည့် အမျိုးပါလား။
ကားနောက်ခန်းတွင်ထည့်ထားသော ပုဝါစကို လှမ်းယူပြီး ကားတံခါးပိတ်မည်လုပ်တော့ ရှေ့ခန်းဒက်ရှ်ဘုတ်ပေါ် တင်ထားသော မှတ်ပုံတင်တခုကို အမှတ်မထင် သတိပြုမိလိုက်သည်။
မှတ်ပုံတင်ထဲမှ ဓာတ်ပုံကိုလှမ်းမြင်လိုက်ရသည့် ခဏမှာပင် တစ္ဆေတကောင်ကို မြင်လိုက်ရသည့် နှယ်သွေးဆုတ်ဖြူရော်သွားခဲ့သည်။
“မောင်ဖြိုးလွင်ရဲ”ဟု အမည်တပ်ထားသော ယောကျာ်းလေး မျက်နှာတခုက
ဓာတ်ပုံထဲမှ ဇော်ထက်ကိုကြည့်နေပါ၏။
“ဒါ…ဒါ…မမဖြူ”
လူက မိုက်ခနဲ…..။




(၉)

“ဖြူလဲ့ရည်” သို့မဟုတ် “ဖြိုးလွင်ရဲ”
ချွေးသီးချွေးပေါက်များကြားက သွေးပျက်ထိတ်လန့်ဖွယ်ရာ အမှန်တရားတခုကို လက်ခံဖို့ကြိုးစားနေစဉ်မှာပင် ဇာတ်ကွက်တခုချင်း၊ အဖြစ်အပျက်တခုချင်း မြင်ယောင်လာတော့ ကျောရိုးထဲက အလိုလို စိမ့်တက်လာသည်။ ဇောချွေးတွေ အလိုလိုပြန်လာသည်။
တချိန်က သိုးငယ်လေးပမာ ရိုးသားသည်ဟု သူထင်မှတ်ထားသော မမဖြူသည် အမှန်တော့
အရေခြုံထားသော ဝံပုလွေသာတည်း။ သူ့ကို ကောင်းကောင်း လှည့်စားခဲ့သည်။ သူကလည်း ပိုးကိုပြန်လည်လှည့်စားခဲ့သည်။ အခု တဖန် ကံကြမ္မာ၏ လှည့်စားမှုကို သူခံရပြန်လေသည်။
လောကတွင် အပြောချိုသာသူများသည် ပို၍ကြောက်မက်ဖွယ်ကောင်းသည်။ ထိုအသိသည်
ဦးနှောက်နှင့်သိသည့် အသိမျိုးမဟုတ်။ အသွေးထဲ၊အသားထဲ၊နှလုံးသားထဲက
စိမ့်ကနဲနေအောင် သိသည့် အသိမျိုးရယ်ပါ။
“မောင်ရေ…ပုဝါလေးယူပြီး လာခဲ့တော့လေ၊ တရားရုံးသွားကြရအောင်”
မမဖြူ၏ အသံက သူ့နောက်ကျောဖက်မှ စူးရှရှ ထွက်ပေါ်လာ၏။ ကားတံခါးကိုပိတ်ပြီး
ကမန်းကတန်းလှည့်ထွက်လိုက်စဥ် မိတ်ကပ်အဖွေးသားနှင့် မျက်ခုံးမွေးကို
စက်ဖြင့် တက်တူးထိုးထားသော မမဖြူမျက်နှာ ဖျတ်ခနဲ မြင်လိုက်တော့
ကျောရိုးထဲ အလိုလို စိမ့်တက်လာသည်။ ရုတ်ခြည်း အတွေးထဲတစ်ခါက
ဆရာကျော်ပြောခဲ့ဖူးသော စကားတစ်ခွန်း နားထဲ အလိုလိုပြေးဝင်လာသည်။
“သနားစရာကွာ၊ လောကမှာ ဒီလိုလူတွေ အများကြီးရှိတယ်ကွ”



ဒေါက်တာအေးမင်းထူး

Write Reviews

Leave a Comment

No Comments & Reviews