Open 9:00-12:00 AM
+95 92051590

ချစ်သူ့တနေရာ

26 Jan, 2023 | No Comments

ချစ်သူ့တနေရာ

(၁)

“ဘာလဲဟ ကြောင်လှချည်လား”

ကြွေရုပ်လေးလို ဝင်းမွတ်လှပနေသော မျက်နှာလေးနှင့်မလိုက်ဖက်စွာ
မျက်မှောင်ကိုကျုံ့ရင်း သူ့အပေါ် အထင်သေးသလို မျက်လုံးမျိုးနှင့်
ကြည့်သည်။ ဆေးကျောင်းတက်စကတည်းက ကျောင်းတွင်ရုပ်ရည်ချောမောမှုကြောင့်
နာမညျကွီးသူပီပီ ဒီလိုရည်းစားစာလာပေးတာမျိုးက သူ့အတွက်အထူးအဆန်းမဟုတ်ပေမယ့် လာပေးသည့်အနှီပုဂ္ဂိုလ်က အသားအရောင် မွဲခြောက်ခြောက် ပိန်ပိန်ပါးပါး ညှင်းသိုးသိုးနှင့်
အထင်ကြီးစရာတကွက်မှမရှိ။ပိုအထင်သေးစရာကောင်းနေသည်က ဤအညာသားပုံစံ
ဆေးကျောင်းသားလေးသည် သူတို့နှင့်တတန်းထဲဖြစ်နေရုံက
သာမန်မိသားစုမှပေါက်ဖွားလာသည့် အညတရတယောက် ဖြစ်နေခြင်းကို သိနေ၍ပါ။

မျက်စိရှေ့ရောက်လာသည့်ရည်စားစာကို လက်နှင့် ဆတ်ခနဲ ပုတ်ချပြီး
“တောက်..အမဲရိုးနှယ် ဟင်းအိုးမှအားမနာ…”ဟု ခပ်နာနာပြောရင်း
သူငယ်ချင်းလက်ကို ဆွဲကာ ထွက်ခွာသွားသော အဆိုပါမိန်းကလေး၏ ကျောပြင်ကို
ငေးကြည့်ရင်း တယောက်တည်းငူငူကြီး ကျန်ရစ်ခဲ့လေသည်။

ဒီကြားထဲ သူ့သူငယ်ချင်းဖြစ်သူထံမှ “အေးလေ ကိုယ့်ရုပ်ကိ်ုယ်မှ အားမနာ”ဟု
မကြားတကြားရေရွတ်သံကိုလည်း ထူပူရှက်ရွံနေသည့်ကြားမှ ကြားဖြစ်အောင်
ကြားလိုက်ပါသေးသည်။




(၂)

ရှိန်းရှိန်းတောက်ပူပြင်းနေသော နေရောင်အောက်တွင် အချိန်မည်မျှကြာအောင်
ရပ်တန့်နေမိမှန်းမသိ။သူ့ရှေ့ကျလာသော အရိပ်တခုမြင်မှ သတိဝင်လာသည်။

“ဘာလဲ..နန်းဦးဝေက ငြင်းလိုက်ပြန်ပြီမဟုတ်လား ပိုင်စိုး”

အတန်းဖော် သူငယ်ချင်းဖြစ်သူ ဖြိုးဝေဝင်းစကားကြောင့် ခေါင်းကို မသိမသာညိတ်ပြမိသည်။

“မိန်းမတွေက ဒီအတိုင်းပါပဲကွာ၊ သူ့လိုက်တဲ့ကောင်က ရုပ်ကလေးချော
မိဘအသိုင်းအဝိုင်းကလည်းရှိဆိုရင်တော့ တမျိုးနေမှာ…”

သူငယ်ချင်းဖက်က မခံရပ်နိုင်စွာ ပြောနေသည်လား၊ သို့တည်းမဟုတ် မိမိကိုပဲမသိမသာ နှိပ်ကွပ်နေသည်လား မဝေခွဲတတ်။ ပိုင်စိုးကတော့ မိမိကိုယ်ကို သိမ်ငယ်တတ်သူပီပီ သူတပါးအပေါ် အပြစ်မမြင်မိ။ ဝတ်ထားသော
ဖျင်ကြမ်းအကျီလက်ခေါက်စဖြင့် နဖူးပေါ် တတောက်တောက်စီးကျလာသောချွေးစတို့ကိုသုတ်ရင်း “ငါလို လူတယောက်ကို မကြိုက်တာလည်း သူ့အပြစ်တော့မဟုတ်ပါဘူးကွာ၊သူ့ကြိုက်တဲ့သူ ဒီလောက်များတာ”ဟု တိုးတိုးလေး အားငယ်စွာဆို၏။

“ဘာဆိုင်လို့လဲကွ၊ အဆင့်အတန်းမတူတိုင်း ဒီလိုဆက်ဆံစရာလား၊ မင်းလည်းနောက်ခြောက်နှစ်နေရင်ဆရာဝန်ဖြစ်မှာ၊ သူလည်း နောက်ခြောက်နှစ်နေရင် ဆရာဝန်ဖြစ်မှာ၊လူလူချင်းအတူတူပဲကိုး”

ငဖြိုးကတော့ မကြေမချမ်းနိုင်လေဟန် ဆက်ပြော၏။

“ဟေ့ကောင်..မင်း အဲသည်ကောင်မလေးကို ရအောင်လိုက်ကွာ၊ ပြီးတော့ ငါ့လည်း
ဘေးက တတ်နိုင်သမျှ ဝိုင်းကြိုးစားပေးမယ်”

ရုပ်ချောသလောက် အပြောကောင်းလှသူ သူငယ်ချင်း ဖြိုးဝေဝင်းစကားကြောင့်
နည်းနည်းတော့အားတက်သွားမိသည်။





 (၃)

ကြိုးစားပေးပါမယ်ဟူသော ကတိအတိုင်း သူငယ်ချင်းဖြစ်သူက
တကယ်လည်းကြိုးစားပေးရှာပါသည်။ မကြာမှီ အဆင်လည်း ပြေသွားပါသည်။
နောက်ဆုံးတော့ ချစ်သူတွေပင် ဖြစ်သွားကြသည်။သို့သော် သူနှင့်တော့မဟုတ်၊
သူငယ်ချင်း ငဖြိုးနှင့်ပါ။

ထူးဆန်းတာတခုက သူတို့ချင်း ချစ်သူဖြစ်သွားပြီဆိုကတည်းက မိမိကို သူငယ်ချင်းဖြစ်သူက မျက်နှာချင်းဆိုင်တွေ့သည့်အခါတိုင်း မလုံမလဲ ရှောင်ထွက်သွားခဲ့ခြင်းပင်။ တစ်တန်းတည်းတက်ရသူမို့ မျက်စိရှေ့တွင်ပင် သူတို့နှစ်ဦး တွဲသွား၊တွဲလာလုပ်နေသည်ကို မြင်နေခဲ့ရပေမယ့် ဝန်တိုခြင်း၊ စိတ်ကွက်ခြင်း အလျှင်းမရှိခဲ့သည့် မိမိစိတ်ကို မိမိ နားမလည်နိုင်ခဲ့။

ဒါလည်း နည်းနည်းတော့ဆန်းသည်။ ဖြစ်နိုင်ချေတခုက အဲသည်အချိန်ကလူကြိုက်များခဲ့သော နန်းဦးဝေကို တကယ်မချစ်ခဲ့၍လား၊ သို့တည်းမဟုတ် သိပ်လှပသည့် အလှပဂေးလေးနှင့် မိမိတို့ အချစ်ဇာတ်လမ်း ဘယ်နည်းနဲ့မှ ဖြစ်နိုင်ဖွယ်မရှိသည်ကို စိတ်ထဲက ခံစားသိမိနေခဲ့၍လား မသိ။ သူငယ်ချင်းဖြစ်သူနှင့် နန်းတို့ ရည်းစားဖြစ်သွားတော့ ဘေးက သဘောတူနေခဲ့မိသည်။

အင်းလေ…နေနှင့် လ၊ ရွေနှင့်မြ ပမာ လိုက်ဖက်သည့်စုံတွဲပဲဥစ္စာ။





(၄)

“ငါလည်း အဲဒီတုန်းက မင်းကို ရင်မဆိုင်ရဲခဲ့လို့ပါကွာ”

ချစ်သူသက်တမ်း ၂နှစ်ကျော်ကြာပြီး နန်းဦးဝေနှင့် ပြတ်သွားပြီဖြစ်သောအဆိုပါ သူငယ်ချင်းနှင့် ကန်တင်းတခုမှာ တွေ့တော့ သူ့ကတောင်းပန်စကားဆို၏။ နဂိုကတည်းက အမုန်းမပွားခဲ့သူပီပီ ခွင့်လွှတ်စိတ်ဖြင့်ရပါတယ်ကွာဟု နှစ်သိမ့်ရသည်။ ထိုအချိန်က သူလည်း တတိယနှစ်ရောက်ပြီ။ သူကိုယ်တိုင်လည်း စာတိုပေစလေးတွေ မတောက်တခေါက် ရေးသော ကဗျာဆရာယောင်ယောင်၊စာရေးဆရာယောင်ယောင် ဖြစ်မှန်းမသိဖြစ်နေပါပြီ။ ဘယ်ကဘယ်လို ပွင့်အန်ထွက်လာမှန်းမသိသော ခံစားချက်တို့ကိုစာအုပ်အဖြစ်ပြောင်းလဲခဲ့ပေမယ့် သူ့ကဗျာစာအုပ်က ဝယ်မည့်သူမရှိ၍ အတန်းဖော်ကျောင်းသားအချင်းချင်း လက်တို့ မုန့်ကျွေး၊ အတင်း
လက်သိပ်ထိုးရောင်းရသည်ကို သတိရနေမိပြန်သည်။ နောက်သုံးနှစ်ခန့်ထပ်အကြာမှာတော့ သူတို့အားလုံး ဆရာဝန်ဖြစ်ခဲ့ကြပြီး ကိုယ်စီလမ်းကြောင်းတွေကိုလျှောက်လှမ်းကြရသည်။ နောက်ထပ်(၁၀)နှစ်ခန့် မတွေ့ဖြစ်တော့။




(၅)

“သမီးက ဆရာ့ရဲ့ ပရိသတ်ပါ”

ငယ်ရွယ် နုပျိုလန်းဆန်းနေသည့် ဆယ်ကျော်သက်မိန်းကလေးက ဆေးကျောင်း ကန်တင်းထဲထိုင်ရင်းငယ်စဉ်က အဖြစ်အပျက်တွေကို တွေးနေသော သူ့ကိုမြင်သည်နှင့် လာမိတ်ဆက်သည်။ လွန်ခဲ့သည့်(၁၅)နှစ်ကနှင့်မတူ
အချိန်ကာလတွေပြောင်းလဲခဲ့ပေမယ့် မပြောင်းလဲသည့်ထဲမှာ ဒီဆေးကျောင်းဝင်းထဲက ကန်တင်းလေးလည်းပါ၏။ လန်းဆန်းတက်ကြွနေဟန် ဥဒဟို လှုပ်ရှားသွားလာနေသောဆေးကျောင်းသား၊ ဆေးကျောင်းသူတို့၏ အားမာန်ပြည့်ဝနေသော မျက်ဝန်းလေးတွေလည်းပါ၏။ နောက်ပြီး ယခုချိန်ထိ မပြောင်းလဲသေးသည့် စာရူး၊ပေရူး သူ၏စိတ်လေးလည်းပါနေပြန်သေးသည်။

ပြောင်းလဲသွားသည့်အချက် နှစ်ခုတော့ရှိပါသည်။ တခုက သူကိုယ်တိုင် လူငယ်ဘဝမှ လူရွယ်တယောက်အဖြစ် ရင့်ကျက်လာခဲ့ခြင်းပါ။ လွန်ခဲ့သည့် နှစ်ကာလများဆီက ဤကန်တင်းလေးရှေ့တွင် မိန်းကလေးတယောက်ကို ချဉ်းကပ်ဖို့ စာလေးကိုင်စောင့်ရင်း ရပ်နေခဲ့ဖူးသည့် လူငယ်လေးသည် လူအများ၏ယုံကြည်အားကိုးခြင်းကို ခံရသော လူရွယ်ဆရာဝန်တဦးအဖြစ် ပြောင်းလဲလာခဲ့သည်။ နောက်ပြောင်းလဲမှုတခုကတော အတော်အတန် လူသိများသော စာရေးဆရာတယောက် ဖြစ်မှန်းမသိ ဖြစ်လာခြင်းပါ။

“ဆရာနောက်ထပ်ဘာစာအုပ်တွေထွက်ဦးမလဲဟင်”
ဆေးကျောင်းသူလှလှလေးက သူ့ဘေးတွင်ရို့ရို့လေးရပ်၍ ရင်းရင်းနှီးနှီးမေးသည်။
“နောက်နှစ်ထဲမှာထွက်ဖြစ်မယ်ထင်တယ်၊ ဝတ္တုပဲနေမှာ”
“သမီးက ဆရာ့ဝတ္တုတွေရော၊ ဆောင်းပါးတွေရော အကုန်ကြိုက်တယ်ဆရာ၊ ဝတ္တုဆို
ပြီးသွားမှာစိုးရိမ်လို့ တရက်ကို တခန်းပဲဖတ်တာ”
လက်လေးတချောင်းထောင်ရင်း ချစ်ဖွယ်ဆိုတော့ သဘောကျစွာပြုံးမိသည်။ ဟုတ်တော့လည်း ဟုတ်သည်။ စာရေးခြင်းသာမက ကုသရေးတွင်ပါ အောင်မြင်နေသည့် ဆရာဝန်တယောက်အတွက် စာရေးသည့်အချိန် နည်းပါးလာခြင်းက အဓိကပြဿနာဖြစ်လာသည်။ စာကောင်းပေမွန်တွေက သိပ်မထွက်ချင်တော့။ ဒါကိုကြည့်ပြီး မိမိထက် (၁၅)နှစ်ခန့်ကြီးမည့် စီနီယာ ဆရာဝန်တယာက်က သတိပေးဖူးသည်။
“မင်းဆေးခန်းက အောင်မြင်နေတော့လည်း မလုပ်ပါနဲ့လို့ မပြောရက်ဘူး။ ဒါပေမယ့်
ကိုယ်ပါရမီရှိတဲ့စာရေးတဲ့အပိုင်း အားနည်းသွားမှာ မလိုလားဘူးကွာ”
သူတပါးအပေါ်စာနာနားလည်ပေးနိုင်စွမ်းရှိသူပီပီ စကားကို ဖေးဖေးမမ မလွန်ရလေအောင်ရိပ်ဖမ်းသံဖမ်း သတိပေးစဉ်တုန်းက ကြိုးစားပါ့မယ်ဆရာဟုပြန်ကတိပေးဖူးသည်။
“သမီးက ဆရာလာဟောမယ်ကြားလို့ ကျောင်းလာတက်တာ၊နောက်မှဆို ဒီအချိန် ကျောင်းလစ်နေကျ”
ဇက်လေးပုရင်း ရယ်ကျဲကျဲပြောသောကောင်မလေးကိုကြည့်ရင်း “သမီးက ဆရာဝန်လုပ်မှာဆိုရင် ကျောငိးလေးဘာလေးတက်မှ လူနာအပေါ် ကောင်းကောင်းကုနိုင်မှာပေါ့”ဟုပြောတော့
ကိုယ့်အပေါ်လေးစားရင်းစွဲစိတ်ရှိသူပီပီ “ဟုတ်ကဲ့ဆရာ”ဟု ပြောရှာသည်။
 ပြောသာ ပြောလိုက်ရသည်။ အဲဒီအချိန် အဲဒီအရွယ်လောက်က ကိုယ်တိုင်လည်းကျောင်းလစ်တတ်သည့် ကျောင်းသားတဦးမို့ ထိုသို့ပြောလိုက်ရခြင်းအတွက် ကိုယ့်လိပ်ပြာကိုယ် မလုံခဲ့။

“ဆရာ ခဏနေလာဟောတော့မှာမလား၊ သမီးဝင်နှင့်တော့မယ်နော်”
ခါးလေးကိုင်း၍ နှုတ်ဆက်ရင်း အတန်းရှိရာ အပြေးထွက်သွားသော သူ့ကျောပြင်ကို ငေးကြည့်ရင်းကျန်ရစ်ခဲ့သည်။




(၆)

“နှုတ်ဆက်မလို့ပါပဲကွာ၊ မင်းနှုတ်ဆက်တဲ့သူတွေ များနေလို့ မဆက်ဖြစ်တော့တာ”
ငယ်ငယ်ကနှင့်မတူ ရုပ်ရည် အနည်းငယ် ပြောင်းလဲစပြုနေပြီဖြစ်သော ဖြိုးဝေဝင်းက သူ့ကိုကြည့်ရင်း တိုးတိုးတောင်းပန်သည်။
“ဘာဆိုင်လဲကွ၊ ငါကမမြင်လို့ မနှုတ်ဆက်တာ၊ ငယ်သူငယ်ချင်း အရင်းတွေပဲဥစ္စာ”
စိတ်ရင်းအတိုင်းပြောလိုက်ပေမယ့် တဖက်က မျက်နှာအနည်းငယ်ပျက်ပြီး မလုံမလဲဖြစ်သွားသည်။
“အဲသည်ပွဲက ငါတို့စီစဉ်တဲ့ပွဲဆိုတော့ မင်းကို တကူးတကဖိတ်ပြီးမှ လူပုံအလယ်မှာ သူငယ်ချင်းလိုဆက်ဆံလို့ မကောင်းဘူးလေကွာ၊ နှစ်ဦးတည်းဆိုရင်တော့တမျိုးပေါ့”
 ဖြိုးဝေက အားငယ်စွာဆိုတော့ သူငယ်ချင်းပခုံးလှမ်းဖက်လိုက်မိသည်။
“တော်စမ်းပါကွာ၊ ပြော မင်းအခြေအနေ”
ဖြိုးဝေဝင်းက ခပ်ယဲ့ယဲ့ပြုံးရင်း သက်ပြင်းကိုချသည်။
“ပြောစရာသိပ်မဂှိပါဘူးကွာ၊ ဆေးကျောင်းပြီးတော့ သူဌေးသားပီပီ အလုပ်ထဲမဝင်ဘဲအိမ်မှာနေမယ်စိတ်ကူးတာ၊  အဖေက ကေ့စ်တခုတက်တော့ အမှုရင်ဆိုင်ရတယ်၊အိမ်ရော ခြံရော ရောင်းလိုက်ရတယ်။ နောက်တော့ အလုပ်မရှိလို့ မဖြစ်တော့ဘူးဆိုပြီး ငါဆေးကုမ္ပဏီဖက်ကူးလိုက်တာ၊ လခတော့ မဆိုးပါဘူး။ ဒေါ်လာနဲ့ရတာပေါ့၊ ဒါပေမယ့် မင်းဟောပြောပွဲ တပွဲစာမရှိပါဘူးကွာ”
သိမ်ငယ်စွာပြောသော ဖြိုးဝေဝင်းစကားကြောင့် သံဝေဂရမိသည်။ လွန်ခဲ့သည့် (၁၅)နှစ်က မိမိကိုယ်ကိုယ် ယုံကြည်ချက်ရှိသည့် သူဌေးသားဆေးကျောင်းသားလူငယ်လေးနှင့် မိမိကိုယ်ကိုယ် သိမ်ငယ်စိတ် အမြဲဝင်နေတတ်သော ဆေးကျောင်းသား လူငယ်လေးတယောက် နှစ်ပေါင်းများစွာ ကွဲကွာပြီးအခု ပြန်လည်တွေ့ဆုံချ်န်မှာတော့ အရာအားလုံး ပြောင်းပြန်တွေ ဖြစ်နေကြပြီ။ အမှန်တော့ ဖြိုးဝေဝင်းဆိုတာ ကျောင်းသားဘဝကလည်း တတ်နိုင်သော မိဘအသိုင်းအဝိုင်းနှင့်ရုပ်ရည်ချောမောမှုကြောင့် နာမည်ကြီးခဲ့သည်။
ဖခင်ကသစ်စက်ပိုင်ရှင်မို့ ကျိကျိတက်ချမ်းသာသူဖြစ်ခဲ့ပေမယ့် ဆေးကျောင်းပြီးခါနီး သစ်မှောင်ခို ကိစ္စပြဿနာတက်တော့ တရားရင်ဆိုင်ရသည်။ သူ့အဖေပင် ထောင်ကျလုနီးနီးဖြစ်သွားသည်ဟု နားစွန်နားဖျားကြားရပြီး ခြံနှင့်တိုက်က အဆစ်ပါသွားသည်။သေချာတော့ မသိခဲ့။ ဒီကြားထဲ ဖြိုးဝေတယောက်
ကံကြမ္မာ၏ အထုအထောင်းကို ခံစားရဟန်တူ၏။
“နေပါဦး မင်းကောအခု အိမ်ထောင်ကျပြီလား”
“မကျသေးပါဘူးကွာ၊ နန်းနဲ့ ကွဲပြီးကတည်းက ရည်းစားကိုမထားဖြစိတော့တာ”
နန်းဆိုတော့ သူငယ်ငယ်က ကြိုက်ခဲ့ဖူးသည့် ကောင်မလေးမျက်နှာ လှစ်ခနဲ ပြေးမြင်မိသည်။
“အခု အိမ်က သဘောတူထားတဲ့ကောင်မလေးတယောက်တော့ရှိတယ်”
“ယူတော့မှာပေါ့”
“မသေချာသေးပါဘူးကွာ၊ ကောင်မလေးက ငယ်ငယ်ချောချောလေး၊ စကားကလည်း တတ်တယ်။
ငါသူနဲ့ နှစ်ခါလောက်ပဲ ဆုံဖူးတယ်”
“အဆင်ပြေနေတယ်ဆိုပါတော့”
“ဒီလိုပါပဲကွာ၊ ရည်စားဖြစ်ဖို့ ဦးရာလူဆိုပေမယ့် အိမ်ထောင်ဖက်ကျတော့ ဖူးစာပါဦးမှ” နောက်တော့ ငယ်ငယ်ကအကြောင်းတွေဖက် ရောက်သွားသည်။




(၇)

“ဆရာ့စာတွေအရမ်းကြိုက်”
ခေတ်ရှေ့ပြေးနေတာ မဟုတ်ပေမယ့် ခေတ်ဆန်ဆန်ဝတ်ဆင်ထားသော မိန်းကလေးက ဆေးခန်းလာပြရင်း ရင်ဖွင့်သည်။
“ဖတ်ဖူးလို့လား”
“တကူးတက ဝယ်ဖတ်တာတော့မဟုတ်ပါဘူး။ ဖတ်ရင်းကြိုက်သွားတာ”
ပွင့်ပွင့်လင်းလင်း ပြောတတ်ဟန်တူသော မိန်းကလေးကြောင့် ပြုံးမိသည်။ အထူးသဖြင့် မရည်ရွယ်ပေမယ့် တိုက်ဆိုင်လွန်းစွာ တူနေတဲ့ ဇာတ်ကောင်တို့ရဲ့ ကာရိုက်တာက အပြင်လက်တွေ့မှာ သိသူတွေအဖို့ စာရေးသူကိုသာ ပြေးမြင်မိစေသတဲ့။
“ဆရာ့ ဇာတ်လမ်းတွေထဲက ဇာတ်ကောင်က ရုပ်ကလေးတွေလှတာ၊ ပညာဉာဏ်ကြီးတာ၊ ဂုဏ်သိက္ခာရှိသူတွေဆိုတော့ ဆရာ့ကိုပြေးမြင်မိတာ ကျမတို့အလွန်မဟုတ်ပါဘူးနော်”  အဆိုပါ မိန်းကလေးစာဖတ်ပရိသတ်က ပြောပြလို့ ရှက်ရှက်နှင့်ပြုံးရသေးသည်။
“ဒါကတော့ ပိုပိုသာသာလေးပြောတာပါ”
“ပိုပိုပြောတာမဟုတ်ပါဘူး။ မို့မို့ ပြောတာပါ”
မို့မို့ကျော်ဟု အမည်ရသည့်မိန်းကလေးက ရယ်ရင်း ပြောသည်။
“အံမယ်..စကားတတ်လှပါလား”
“တတ်ဆို ဆရာ့စာအုပ်တွေ၊စကားလုံးတွေ အာဂုဏ်ဆောင်ထားတာကိုး”
ချစ်စရာ မိန်းကလေးက ချစ်စဖွယ်ပြုံးပြီးပြောလို့ သဘောကျစွာ ရယ်ခဲ့ရသေးသည်။
“နောက်ထူးခြားတာတခုရှိသေးတယ် သိလား”
“ဘုရားရေ..လုပ်စမ်းပါဦး”
“ဆရာ့ဇာတ်ဆောင်တွေမှာ မင်းသားက မင်းသမီးထက် အမြဲအသက်ကြီးနေတာ” ဗုဒ္ဓေါ..မိမိကိုယ်တိုင်သတိမပြုမိခဲ့သော အမှန်တရားတခုကို သူပြောမှသတိပြုမိသည်။ အမှန်တော့စာရေးဆရာများသည် စစ်တုရင်ထိုးနေကြသူများနှင့်တူသည်။ ဘေးက ကြည့်နေသည့်
ပရိသတ်ကစစ်တုရင်သမားထက် ပို၍မြင်နိုင်စွမ်းရှိပေသည်။
“ဒါလည်း ကိုယ်ဖြစ်ချင်တာတွေကို ဇွတ်ရွတ် စိတ်ကူးယဉ်လိုက်မိလို့နေမှာပါ”
ရှက်ရှက်နှင့် စကားကိုလျှောချသော အဆိုပါကောင်မလေးက တခစ်ခစ်နှင့်ရယ်၏။
“ဒါပေမယ့် ဖတ်လို့ကောင်းပါတယ်ဆရာရဲ့”
“ပြီးတော့ ဝန်ခံစရာတခုရှိသေးတယ်၊သိလား”
လက်ချောင်းလေးထောင်ရင်း စကားကိုဆက်သည်။
“သမီးက ဆရာ့ဇာတ်ကောင်ထဲကလို တည်တည်တံ့တံ့ယောကျား်မျိုးကိုပဲ သဘောကျတာ”
နှလုံးသားတခုလုံးအေးခဲသွားပါ၏။




(၈)

ချစ်တတ်သော မိန်းကလေးတယောက်၊ တိတိပပဆိုရသော် ထိုမိန်းကလေး၏ နှလုံးသားသည် ကြာပွင့်ကြာဖတ်လို နူးညံ့၍ ချစ်စရာကောင်းလှပေသည်။ ဆောင်းရာသီမနက်ခင်း နေထွက်ခါစတွင်
တိုးဝှေ့တိုက်ခတ်လာသော အေးမြလတ်ဆတ်နေသည့် လေပြေညှင်းတွင် မြူခိုးမြူမှုန်များတွယ်ကပ်နေသယောင် အေးမြလန်းဆန်းသည့် ကြည်နူးချမ်းမြေ့မှုခံစားချကိကို ခံစားရသည်။
ချစ်ခြင်းမေတ္တာတို့မည်သည် အေးမြခြင်းသဘောကိုသာ ဆောင်ကြဉ်းပေးသည်သာ မဟုတ်။ ကြည်နူးမှု၊ချမ်းမြေ့မှုက်ုလည်း ဖြစ်စေသေးသည်မလား။ သေချာတာတခုကတော့ သည်မိန်းကလေးသည်အေးမြခြင်းရော၊ ကြည်နူးချမ်းမြေ့မှုကိုပါ တပါတည်းဆောင်ကျဉ်းပေးနိုင်သည့် အချစ်နတ်သမီးကလွှတ်လိုက်သည့် အချစ်တမန်တော်သာဖြစ်ပေသည်။ ရင်ဘတ်ချင်းလည်းတူ၊ နှလုံးသားချင်းနီးစပ်သူမို့လားမသိ။ မကြာခင် နှစ်ဦးသားခင်မင်ရင်းနှီးမှုအတိုင်းအတာက မိတ်ဆွေဆိုသည့်အဆင့်ကို မသိမသာ ကျော်လွန်ပြီး ချစ်သူတွေဖြစ်လာခဲ့သည်။




(၉)

“အစ်ကို့ကို ဝန်ခံစရာတခုရှိတယ်”
တရားဝင်ချစ်သူတွေဖြစ်ခဲ့ပြီးနောက်မှာတော့ မို့မို့ကျော်က သူ့ကို ဆရာဟု
မခေါ်တော့ပဲ အစ်ကိုဟုပြောင်းခေါ်ခဲ့သည်။
“ဘာလဲပြောလေ”
မျက်နှာလေးတချက်ရဲသွားသည်။
“မို့နဲ့ မိဘချင်းသဘောတူတဲ့သူရှိတယ်”
“ဘယ်လို”
မို့မို့က သူ့အမူအရာမြင်တော့ ပျာပျာသလဲ လက်ကာ ရှငိးပြ၏။
“အဲလိုပြောလိုက်လို့ အစ်ကိုစိုးရိမ်ဖို့မလိုပါဘူး၊ အစ်ကိုသိအောင်
ကြိုပြောထားတာပါ။ နောက်တချိန်အစ်ကိုနဲ့ လက်ထပ်ခါကျမှ ဖုံးထားသလို
ဖြစ်နေမှာစိုးလို့”
ပြောရင်းစကားလွန်သွားမှန်းသိသဖြငိ့ မျက်နှာလေး ပန်းရောင်သမ်းသွားသည်။
“ညီမက သူ့ကိုငြင်းထားပြီးသားပါ၊ဖေဖေကလည်း သမီးသဘောအတိုင်းလို့ပြောပြီးသားပါ”
ပွင့်လင်းလှသော သူ့စကားကြောင့် စိတိမကွက်မိဘဲ ပြုံးပြမိသည်။
“ဘယ်ကလဲ”
“သူလည်းဆရာဝန်ပဲ၊အခုတော့ ဆေးကုမ္ပဏီမှာ မန်နေဂျာလုပ်နေတာ”
“နာမည်က”
“ဒေါက်တာဖြိုးဝေဝင်းတဲ့”
တိုက်ဆိုင်လွန်းလှသော ကံကြမ္မာကို အံ့အားသင့်မှင်တက်ခဲ့ရသည်။





(၁၀)

လေယာဉ်ပေါ်က ဆင်းလာသည့် လူအုပ်ကြားထဲသို့ စိတ်လှုပ်ရှားစွာစောင့်မျှော်နေမိသည်။ ခွဲခွာခဲ့တာကြာပေမယ့် မှတ်မိနိုင်ကောင်းရဲ့ဟု ဖြေတွေးတွေးမိသလို တချိန်တခါက ပြောခဲ့ဖူးသော စကားတို့အတွက် ရှက်ရွံ့အားနာစိတ်ဖြင့် မျက်နှာတို့ ထူပူနေမိသည်။ တဆက်တည်းမှာပင် အဲဒီတုန်းက မခံစားခဲ့ရသည့် ရင်တုန်စအငွေ့အသက်လေးတခုကိုလည်း မသိမသာ ခံစားလိုက်ရသည် အတွေးစများနှင့် ဗျာများနေစဉ် အနောက်တိုင်းဝတ်စုံကို ချပ်ချပ်ရပ်ရပ် ဝတ်ထားသည့် လူရွယ်ကဘီးလုံးတပ်အိတ်အနက်လေးက်ု တွန်း၍ သူ့အနားလျှောက်လာ၏။ ကုမ္ပဏီအကျႌဝတ်ထားသော သူ့မြင်တော့ ရင်းနှီးစွာ ပြုံး၍ နှုတ်ဆက်သည်။
“စိုးထက်သာ ဆေးကုမ္ပဏီကလားမသိဘူး၊ ကျတော် ဒေါက်တာပိုင်စိုးပါ”
ကြည်လင်ရှင်းသန့်နေသော မျက်နှာလေးက လွန်ခဲ့သည့် (၁၅) နှစ်ကျော် ကာလအပိုင်းအခြားလောက်က မိမိကိုယ်တိုင် ရင့်ရင့်သီးသီး ငြင်းပယ်ခဲ့သည့် ပိန်ကပ်ကပ် မွဲခြောက်ခြောက် ဆေးကျောင်းသားကလေး ဖြစ်မည်ဟု ထင်ရက်စရာပင်မရှိ။  အသက်ကြီးရင့်လာပေမယ့် အိုမင်းရင့်ရော်မသွားဘဲ နုပျိုမှုနေရာတွင်
တည်ငြိမ်ရင့်ကျက်မှုတို့က အစားထိုးလာဟန်တူ၏။ မှိုင်းပြသော မျက်လုံးများကအရင်နှင့်ဘာဆိုဘာမှ မဆိုင်အောင် တောက်ပြောင်နေလေပြီ။
လာကြိုနေသောမိန်းကလေးက လက်ကို ကမ်းပေးလိုက်ရင်း “ကျမက နန်းဦးဝေပါ။
စိုးထက်သာရဲ့managing director  ပါ”ဟု မိတ်ဆက်လိုက်သည်။
တဖက်ယောကျာ်း၏မျက်နှာတွင် ရိပ်ခနဲအံ့အားသင့်ဟန် ရိပ်ခနဖြ ပေါ်လာပြီး
နန်းလားဟု နှုတ်ခမ်းလှုပ်ရုံမေးသည်။ နန်းက နှုတ်ခမ်းကို လှပစွာကွေးညွတ်၍
တပ်ထားသော နေကာမျက်မှန် အနက်လေးကို ချွတ်ချလိုက်ပါ၏။





(၁၁)

မမှတ်မိလိုက်ဘူးမလား..”
စားသောက်ဆိုင်တွင် တည့်ခင်းဧည့်ခံသော နေ့လည်စာကို စားသောက်နေရင်း
သူတို့ချင်းစကားလက်ဆုံကျတော့ မျက်စောင်လှလှလေးထိုးရင်း နန်းကမေး၏။
ငယ်စဉ်ကတည်းက လှပခဲ့သူမို့ထိုအပြုအမူလေးက ငယ်ဘဝအလှအပကို
လှပ်ခနဲသတိရလိုက်သည်။
“မှတ်မိပါတယ်၊ မျက်မှန်မည်းကြီးတပ်ထားပြီး ရုတ်တရက်ဆိုတော့..”
“အသက်တွေက ကြီးလာပြီဆိုတော့ မိတ်ဆွေချင်းမမှတ်မိအောင် မျက်မှန်တပ်ထားရတယ်လေ”
နှစ်ဦးသားရယ်မိကြသည်။နန်းက ဆက်၍…
“စနေ၊တနင်္ဂနွေမနားဘဲ ဆေးခန်းတွေ ပတ်ထိုင်နေတယ်လို့ ကြားပါတယ်၊
အိမ်ထောင်ပြုဖို့ ပိုက်ဆံတွေကုန်းစုနေတာပေါ့လေ..ဟုတ်လား”
“ကြိုးစားသမျှ အရာထင်လာတဲ့ဘဝလေးတခုအပေါ် အလေးထားမြတ်နိုးတဲ့သဘောပါ”
” workaholic လိုမျိုးလား”
” အဲဒီလိုအပြောများလို့ ကိုယ့်ဘာသာလည်း သုံးသပ်ကြည့်ဖူးပါတယ်။ အလုပ်မရှိ မနေနိုင်တာမျိုးတော့လည်း မဟုတ်ပါဘူး။ တာဝန်ယူထားရတာတွေများလို့ တာဝန်ကျေချင်တဲ့သဘောမျိုးပဲနေမှာ” နန်းဦးဝေက ခပ်လွင်လွင်ရယ်လေသည်။
“ကြားပါတယ်ဟာ…အလုပ်တွေချည်းကုန်းလုပ်နေတယ်ဆိုတာကော..နောက်ပြီး”
စကားကို ခဏဖြတ်သည်။
“တကိုယ်တည်း လူပျိုကြီးလုပ်နေတယ်ဆိုတာကိုရော…”
“နင်ပြောတာ နှစ်ခုလုံးမှားတယ်ဟ၊ အလုပ်ချည်းကုန်းလုပ်နေတာမဟုတ်ဘူး၊ သွားရင်းလာရင်း လုပ်နေတာ၊ နင်တို့ကုမ္ပဏီက product training နဲ့ marketing အတွက်ဖိတ်တော့ လာပြောရတယ်။ မနက်ဖြန်ဆို နင်တို့ဝန်ထမ်းတွေရှေ့မှာ မတ်တပ်ရပ်ရင်း အလုပ်လုပ်ရမှာ။ ပြီးတော့ ငါ လူပျိုကြီးလုပ်နေတာ မဟုတ်ဘူးဟ..သူ့ဘာသာ ဖြစ်နေတာ” နန်းက သောက်လက်စ ရေများသီးနေအောင် ရယ်ပါ၏။” အလုပ်ကြိုးစားတာကောင်းပါတယ်ဟာ.. နင်တို့ ငါတို့က
အသက်တွေကြီးလာကြပြီဆိုတော့ ဘဝလက်တွဲဖော်လေးလည်း လိုတယ်ဟ..ရှာဦးလေဟာ”
“လက်တွဲဖော် ဟုတ်လား…အင်းလေ ဒါလည်း ဖူးစာပါဦးမှ”
ပိုင်စိုးက တွေးတွေးဆဆပြောသည်။ ထိုစဉ် ဖုန်းသံဝင်လာသဖြင့် စကားပြောသံခဏရပ်တန့်သွားသည်။ ပိုင်စိုးက
ခဏနော်ဟု ဆို၍ အပြင်ထွက်ပြီး ဖုန်းပြောသည်။  ခဏနေတော့ ပြန်ဝင်လာပြီး
“ဆောရီးနော်”ဟု တောင်းပန်သည်။
“အလုပ်ကိစ္စအရေးကြီးနေလို့လား”
“အလုပ်ကိစ္စရော…ကိုယ်ရေးကိ်ုယ်တာရောဆိုပါတော့၊ ငါ သဘက်ခါပြန်တော့မယ်ဟာ၊
လေယာဉ်လက်မှတ် အချိန် ပြန်ပြောင်းပေးစမ်းပါ”
“နင်ပဲ training ပေးပြီး နောက်တရက်လည်ချင်သေးတယ်ဆို၊
နင်သွားချင်တဲ့နေရာတွေ လိုက်ပို့ပေးဖို့စီစဉ်နေတာ”
ပိုင်စိုးက ခေါင်းခါရင်း “မဖြစ်တော့ဘူးဟ၊ နောက်လထဲမှာ မို့မို့က
နိုင်ငံခြားထွက်ဖို့ လိုတာတွေ လိုက်လုပ်ပေးရဦးမှာ”ဟု ဆိုသည်။ နန်း
မျက်နှာ ကြောင်အမ်းအမ်းဖြစ်သွား၏။
“မို့မို့ ဆိုတာ”
“ငါ့ချစ်သူပါ”
ရုတ်ခြည်း အန်းတက်လာသောသွေးတို့ မျက်နှာပေါ် လျှံတက်သွားသည်။

 

(၁၂)

တဖြည်းဖြည်း သေးငယ်ပျောက်ကွယ်သွားသော လေယာဉ်ကို လေဆိပ်ကောင်းကင်ယံသို့
မော့ကြည့်ရင်း နန်းဦးဝေပါးပြင်တွင် မျက်ရည်တစလွင့်ကျလာသည်။ အချိန်သည် ပြောင်းလဲတတ်ပါသလော၊သို့တည်းမဟုတ် အချစ်သည်ကော ပြောင်းလဲတတ်ပါသလော။
ထိုမေးခွန်းတို့၏အဖြေမရှိပါ…။


ဒေါက်တာအေးမင်းထူး
ဇီဝက မဂ္ဂဇင်း

Write Reviews

Leave a Comment

No Comments & Reviews