Open 9:00-12:00 AM
+95 92051590

ကြုတ်ကလေးထဲက ထာဝရ သံယောဇဉ်

30 Jan, 2023 | 5 Comments

ကြုတ်ကလေးထဲက ထာဝရ သံယောဇဉ်

(၁)

ချန်ဂီလေဆိပ်။

ပျားပန်းခပ်မျှ လှုပ်ရှားသွားလာနေသော လူအရောင်အသွေးမျိုးစုံကိုကြည့်ရင်း သက်လွင်စိတ်ထဲ ရှုပ်ထွေးနေမိသည်။ ရှုပ်ရသည့်အကြောင်းကလည်း ကိုယ့်ကိစ္စကြောင့် မဟုတ်။ သိပ်ချစ်ရသည့် ချစ်သူ မျိုးမျိုး၏ မိခင်ဖြစ်သူ ရောဂါအခြေနေကြောင့်ပါ။ မျိုးမျိုးနှင့် လက်ထပ်ဖို့ စီစဉ်ခဲ့တာ လွန်ခဲ့တဲ့ ခြောက်လလောက် ကတည်းကပါ။ ဖြစ်ချင်တော့ လက်ထပ်ဖို့စီစဉ်ကတည်းက မျိုးမျိုး မိခင်က နေမကောင်းသဖြင့် ဆေးရုံတက်လိုက်၊ ဆင်းလိုက်နှင့်မို့ အချိန်တွေ နေ့ရွေ့ညရွေ့ ရွေ့ခဲ့ရသည်။ နောက်ဆုံး အဖြေတွေ့မယ့် တွေ့တော့ အသည်း ကင်ဆာတဲ့။ နောက်ဆုံးအဆင့်တဲ့။

မြန်မာပြည်က ဆရာဝန်တွေ လက်လျှော့လိုက်ပြီဆိုတော့ထုံးစံအတိုင်း ပတ်ဝန်းကျင်နိုင်ငံတွေကို မျက်စောင်းထိုးရသည်။ မျိုးမျိုးကတော့ ဘန်ကောက်ထက် ကျန်းမာရေးအဆင့်အတန်းပိုမြင့်သော စင်္ကာပူဆေးရုံတွေမှာ မိခင်ဖြစ်သူကို ဆက်ကုဖို့ ဆရာဝန်ဖြစ်သော သူ့ကို အကူညီတောင်း၏။


“မျိုး မေမေ့ကို ရသလောက်ကုပေးချင်တယ် ကိုယ်ရယ်..ဒီတခုတော့ ကူညီပေးပါနော်”

မတော်ရသေးသော ယောက္ခမမျက်နှာ၊ လက်ညှိုးလေးထောင်ရင်း ညှိုးငယ်စွာ ပြောကြားနေသော  ချစ်သူ့စကားသံတို့အောက်တွင် လက်ထပ်ဖို့ ပိုင်းဖြတ်ထားသော သူ့စိတ်ကူးအားလုံး အရည်ပျော်ကျသွားခဲ့သည်။

သည်လိုနှင့် စင်္ကာပူတွင်အလုပ်လုပ်နေသော သူငယ်ချင်းဆရာဝန်ကို အကူညီတောင်းပြီး ဆေးကုဖို့ စီစဉ်ရသည်။ ငယ်သူငယ်ချင်းဖြစ်သူ ဒေါက်တာဇင်မာနှင့် အဆက်သွယ်ရပြီး သူတို့ကုမ္ပဏီက စင်္ကာပူဆေးရုံတွေနဲ့ ချိတ်ဆက်ပြီး လိုအပ်တာအားလုံး အဆင်ပြေအောင် လုပ်ပေးပါမည်၊ ဆေးရုံတွေ အရင်လာလေ့လာပါဟု ဖိတ်ခေါ်သည်။ ချစ်သူကို ထိုကြောင်းပြောတော့ ဝမ်းသာအားရ သူ့လက်မောင်းလေးကို ကိုင်၏။

“ကိုယ်ရယ် သွားမှာဆိုလည်း မြန်မြန်စုံစမ်းပေးပါနော်၊ မေမေ့ကို ကြည့်ပြီး စိတ်မကောင်းလွန်းလို့ပါ”

မိဘအပေါ်တာဝန်ကျေပြွန်လွန်းသည့် သမီးဖြစ်သူကြောင့် ချစ်သူအပေါ်တာဝန်ကျေပြွန်ရမည့် မိမိက တာဝန်ရှိနေသည့် ဆေးခန်းအလုပ်တွေကို ဥပက္ခာပြုဖို့ ဖြစ်လာခဲ့သည်။

မယားပြောတော့ တည… ရည်းစားပြောတော့ တစ်ခဏအတွင်း ထွက်လာရသည့်အဖြစ်။ ဒီကြားထဲ လေယာဉ်လက်မှတ်အမြဲ စီစဉ်ပေးတတ်သည့် ဆေးကုမ္ပဏီဝန်ထမ်းလေးက ဆေးခန်းကို လက်မှတ်လာပို့ရင်း စသည်။

“ဆရာ့ကို သမီးတို့ရဲ့  ခသက ဖေ့စ်ဘွတ် ဂရုထဲ ထည့်လိုက်ပြီ သိလား”

“ဘာဂရုလဲ”

“ချစ်သူကြောက်သူများ စုစည်းရာ ဂရုလေ ဆရာရဲ့…”

ပတ်ဝန်းကျင်အသိုင်းအဝိုင်းက အနည်းအကျဉ်းရိပ်စားမိနေပြီမို့ အတည်လိုလို နောက်သလိုလိုပြောတော့ ကိုယ့်မှာ ရယ်ရအခက်၊ ငိုရအခက်။ သည်လိုနှင့်ပင် အဝတ်နှစ်စုံ၊ သုံးစုံထည့်၍ အစီစဉ်မရှိသော ခရီးကို ရုတ်တရက်ရောက်လာခဲ့ခြင်းဖြစ်သည်။ ရောက်ရောက်ချင်း ဟော်တယ်အရင်ဝင်မည်။ နောက်ရက်မှ ဇင်မာတို့ကို အသိပေးမည်။

ဟော်တယ်သွားမည်ဆိုတော့ စျေးသက်သာအောင် ရထားစီးသွားမည်ဟု ဆုံးဖြတ်လိုက်သည်။ ခုံတန်းပေါ် တင်ထားသောလက်ဆွဲအိတ်ကို ကောက်ယူပြီး လေဆိပ်ထွက်ပေါက် ဂိတ်အမှတ်(၂)မှ “တန်းနက်မဲယ်ရာ” ဘူတာကနေမြို့ထဲသွားဖို့ဆုံးဖြတ်လိုက်သည်။ နာရီကို ကြည့်လိုက်တော့ ည(၈)နာရီထိုးပြီ။


ရထားပေါ်ရောက်သည်နှင့် အကုန်လုံးခေါင်းတွေငိုက်ပြီး ဖုန်းကိုယ်စီပွတ်နေကြသည်။ ပတ်ဝန်းကျင်ကို ဂရုမစိုက်ကြ။ ဂရုမစိုက်အား။ ဪ…တိုင်းပြည်ဖွင့်ဖြိုးတိုးတက်သလောက် ရုပ်ဝတ္တုကို ပိုမိုတန်ဖိုးထားကြသူများအလယ်တွင် ရောက်နေပါရောလားဟု မိမိဘာသာ တွေးမိသည်။ သည်လိုကျတော့လည်း နိုင်ငံတနိုင်ငံ ဖွံ့ဖြိုးတာ ဘာများကောင်းနေသေးလို့လဲ။




(၂)


အာမီးနီးယမ်းလမ်း၊ ဝဲလ်မာ ပလေ့စ်။

စတမ်းဖို့ လမ်းကနေ ဘယ်ဖက်ချိုးကွေ့လိုက်သည်နှင့် အဖြူရောင် နှစ်ထပ်ဆောက်အဦး ရှိသည်။ သူငယ်ချင်းဖြစ်သူဒေါက်တာ ဇင်မာက ဆင်းကြိုနေသည်။

“နင်လာမယ်ဆိုလို့ စောင့်နေတာ၊ လာ…ငါတို့ ဆေးရုံတွေ အကုန် စီစဉ်ပြီးသား၊ နင်စိတ်တိုင်းကျ ရွေးရုံပဲ”

အပေါ်ထပ်တက်တော့ စောင့်ကြိုနေသည့် ဝန်ထမ်းများက နှုတ်ဆက်သည်။ ကုမ္ပဏီနာမည်ကိုတော့ အခုမှကြည့်မိသည်။ Ulink တဲ့။ နောက်မှသိတာက ဤကုမ္ပဏီသည် အရှေ့တောင်အာရှ နိုင်ငံတော်တော်များများတွင် ရုံးခွဲရှိပြီး ဆေးကုချင်သူများကို ချိတ်ဆက်ပေးသည့် ကုမ္ပဏီတဲ့။ နောက်ပြီး ကျန်းမာရေးအာမခံလည်း လုပ်ပေးသတဲ့။

“ဒါက ဂလန်းအီးဂဲလ် သူလည်းမဆိုးဘူး၊ မောင့်အယ်လိဇဘက် ကတော့ နှလုံးခွဲတာကောင်းတယ်၊ အေးရှန်းအမေရိကန်စင်တာ ကတော့…”

တစ်ခုချင်း၏ အားသာချက်၊ အားနည်းချက်ကို ရှင်းပြနေသည်။

“လောလောဆယ်တော့ နင်ဆေးရုံတွေ လိုက်လေ့လာဖို့ ဒီဆေးရုံက တာဝန်ရှိသူတွေနဲ့ တိုင်ပင်ထားတယ်၊ နင်စိတ်တိုင်းကျရွေး၊ ငါတို့က ကုန်ကျစရိတ် ပြန်တွက်ပေးမယ်။ ပုံမှန်တခြားသူတွေဆို ငါတို့က စျေးပဲတွက်ပေးတယ်။ နင်ကတော့သူငယ်ချင်းဖြစ်နေတော့ ဆေးရုံတွေ လိုက်လေ့လာဖို့ ငါတို့သူဌေးကိုပြောပေးထားတယ်၊ ပြီးတော့ ဒီနေ့ ညစာတော့ ငါတို့ကုမ္ပဏီက လိုက်ကျွေးမယ်။ သူဌေးကလည်း နင့်ကိုတွေ့ဖူးချင်နေတာ”

ပြုံးရုံသာ ပြုံးပြလိုက်ပြီး “ကျေးဇူးတင်ပါတယ်ဟာ”ဟု ပြောလိုက်သည်။




(၃)


“ဆရာ ကျွန်မ တို့ဆေးရုံရှေ့ဖြတ်သွားတာနဲ့ ထူးဆန်းတဲ့ အမွှေးရနံ့ မရဘူးလား။ စင်္ကာပူက ပုဂ္ဂလိက ဆေးရုံတိုင်းမှာ ဒီလိုထူးခြားတဲ့ အနံ့ကိုယ်စီရှိကြတယ်ဆရာ… ကိုယ်ပိုင်အမှတ်တံဆိပ်ပေါ့။ သူများနဲ့မတူတဲ့ အနံ့ရဖို့ ဒေါ်လာသန်းချီအကုန်ကျခံပြီး research လုပ်ပြီး ထုတ်ထားရတာ”

ပါ့ခ်ဝေး လုပ်ငန်းစု အကြီးတန်း ဒါရိုက်တာ မစ္စစ် ဆူ ကိုယ်တိုင် လိုက်ပြနေရာမှ ဂုဏ်ယူဝင့်ကြွားစွာဆိုလို့  ပြုံးမိသေးသည်။

“ကောင်းတာပေါ့၊ ဒါပေမယ့် ကျွန်တော်တို့ ဆီမှာ လွန်ခဲ့တဲ့နှစ် ၂၀ လောက်ကတည်းက ဆေးရုံတိုင်းမှာ ထူးခြားတဲ့အနံ့ကိုယ်စီ ရှိပြီးသား”

မစ္စဆူမျက်နှာတွင် အံ့အားသင့်ဟန် ရိပ်ခနဲ ထင်၏။

“ဘယ်လိုမျိုးလဲဆရာ”

“ဒီလိုဗျာ ခင်ဗျားတို့ဆီမှာ ဆေးရုံဝင်းထဲက ထွက်သွားတာနဲ့ အဲဒီအမွှေးနံ့မရတော့ဘူး မလား”

“ဟုတ်တယ် ဆရာ”

“အေးဗျ… ကျွန်တော်တို့ဆီမှာ လမ်းဘေးကဖြတ်လျှောက်သွားရင်တောင် ဆေးရုံမှန်း သိအောင် တခါတည်း စီစဉ်ထားပြီးသား၊ အဲ ဆေးရုံကထွက်သွားရင်တောင် လူနာမှာ အမွေးနံ့က ကပ်ကျန်နေတုန်းပဲ”

မစ္စစ်ဆူက တအံ့တသြနှင့် အမေးဇင်းဟု ရေရွတ်သည်။

“ခင်ဗျားနားလည်အောင် ကျွန်တော်နည်းနည်းရှင်းပြမယ်။ ကျွန်တော်တို့ဆီမှာ အစိုးရဆေးရုံရှေ့ဖြတ်သွားတာနဲ့ အနံ့တခုရလိမ့်မယ်။ ညှီစိုစို့ အညစ်အကြေးစွန့်ထားတဲ့အနံ့တခုရရင် သေချာတယ် ခင်ဗျားရောက်နေတာ အစိုးရဆေးရုံရှေ့ပဲ၊ ဆေးရုံထဲဝင်ပြီး ပြန်ထွက်လာရင်တောင် အဲသည်အနံ့က စွဲနေတုန်းပဲ”

ဆူက မျက်မှောင်ကြုတ်ရင်း စဉ်းစားသည်။ နားမလည်ဟန် သူ့ကိုတချက်ကြည့်သည်။ ယောင်ယောင်လေး ပြုံးနေသောာသူ့ကို မြင်မှ သဘောပေါက်သွားပြီး “ဆရာကလည်း နောက်တတ်တယ်နော်”ဟုပြောသည်။

သူတို့ စကားကောင်းနေစဉ်မှာပင် ဒေါက်မြင့်ဖိနပ်စီးပြီး စကပ်တိုတိုဝတ်ထားသည့် လှပကျော့ရှင်းသည့် မိန်းကလေးတယောက် မြင့်ကွင်းရှေ့ဝင်ရောက်လာသည်။

“ဟော…အဲဒါ ဆရာနဲ့ မိတ်ဆက်ပေးမယ့် ဒေါက်တာမယ်ရီတဲ့၊ ဆရာ့ကို ဒီလုပ်ငန်းစုအောက်က ဆေးရုံတွေအကုန် သူပဲလိုက်ပြလိမ့်မယ်”

ကောင်မလေးက လှပစွာ ပြုံးရင်း ဖိုင်လေးကို ပိုက်၍ သူ့ဆီ လျှောက်လာပါ၏။



(၄)



ဒေါက်တာ မယ်ရီလင်း…။

အသက် (၂၅)နှစ်ဝန်းကျင် တရုတ်၊မလေး ကပြားမလေးတယောက်။

တရုတ်သွေး(၇၀%)နှင့် မလေးသွေး(၂၅%)ကြားတွင် ဗမာသွေး(၅%)ခန့်ပါသည်။ အပြောချိုသလို ရွှင်ပြုံးသော မျက်နှာနှင့်အတူ ကိုယ်လုံးကိုယ်ပေါက်လည်းလှသည်။ စတိုင်လေးလည်းမိသည်။ သည်ကြားထဲ ကျေးဇူးတင်ပါတယ် ဆိုသောဗမာစကားကို မပီကလာ ပီကလာလေး ပြောတတ်သည်။

“မစ္စဆူက ယူ့ကို အရမ်းချီးကျူးနေတာ”

“ဘာလို့”

“ဪ တခါတရံစာတွေလည်း ရေးတယ်ဆိုလို့။ ဒီမှာတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ပညာထူးချွန်လို့ ပရော်ဖက်ဆာဖြစ်သွားတဲ့ဆရာဝန်တွေ မနည်းပါဘူး။ ဒါပေမယ့် သူတို့က (ခေါင်းကိုထိုးပြရင်း) ဒီတခုပဲ ကောင်းတာ၊ (နှလုံးကို ထိုးပြရင်း) ဒါကျ မတော်ဘူး။ ယူက နှစ်ခုလုံးတော်တယ်ဆိုလို့…”

ဟက်ဟက်ပက်ပက်ရယ်မိလေသည်။

“ဒါနဲ့ မယ်ရီကကော ဘာတော်တာလဲ”

“မယ်ရီလား..မယ်ရီက လူကဲခတ်တော်တာ”

နှစ်ယောက်သား ပြိုင်တူရယ်မိကြသည်။ ရယ်မိလိုက်၍လားမသိ။ ရင်ထဲက မွန်းကျပ်မှုများ နည်းနည်းတော့ ပြေပျောက်သွားသည်။




(၅)


“ဆရာ နေဦးမှာမလား”

စင်္ကာပူ ပုဂ္ဂလိက ဆေးရုံတရုံဖြစ်သော ရက်ဖဲလ်ဆေးရုံတွင် အခြေကျနေပြီဖြစ်သည့် ဒေါက်တာထိန်က ပြုံးရွှင်သောမျက်နှာထားနှင့် မေး၏။

“မသိသေးပါဘူး ဆရာရယ်၊ ကြည့်ပြီးရင် ဟိုဆရာမကြီးဆီ ရပို့တင်ရဦးမှာ”

မျိုးကို လူကိုယ်တိုင်မမြင်ဖူးပေမယ့် ဓာတ်ပုံထဲမှာ မြင်ဖူးနေကျမို့ သူက မျိုးကို ဆရာမကြီးဟု ကင်ပွန်းတပ်ခေါ်တော့ ဒေါက်တာထိန်သဘောကျစွာရယ်သည်။

“ဂျူတီကနေ့လည် ၁၂ ဆိုပြီးပြီ ဆရာ၊ တခုခုလိုက်ကျွေးပါရစေ”

ရက်ဖဲလ်ဆေးရုံ မလှမ်းမကမ်းရှိ “ထရေဇီဂေး” ဆိုသော စားသောက်ဆိုင်တခုတွင် လိုက်ကျွေးသည်။

သူငယ်ချင်း ဒေါက်တာဇင်မာလည်းပါလာသည်။

“ဒေါက်တာ မယ်ရီလင်းနဲ့ တွေ့ပြီးပြီဆို”

ဒေါက်တာထိန်က ရယ်ကျဲကျဲမေးသည်။

“ဘာလို့လဲ ဆရာရဲ့”

“ဪ အဲဒီဆရာဝန်မလေးက ကျတော်တို့လို ဗမာလူမျိုးဆရာဝန်တွေနဲ့ သိပ်ခင်တာ”

“သူကိုယ်တိုင်လည်း ဗမာသွေးပါတယ်မလား”

“ဗမာသွေးတော့ မဟုတ်ဘူး ထင်တယ်ဆရာရဲ့။ အဘိုးဖက်က မွန်သွေးလေး နည်းနည်းပါတာ”

သူ့စကားနားထောင်ရင်း ဇင်မာက ဘေးကဝင်ထောက်သည်။

“ဆရာထိန်လည်း မဟုတ်တော့ဘူးနော်၊ မိန်းမရှိလို့သာ တော်တော့တယ်။ ပြန်တိုင်လိုက်ရမလား”

ဇင်မာက စနောက်သလိုပြောသည်။ တကယ်လည်း ဒေါက်တာထိန်က ဒီမှာအခြေကျပြီး
သားတယောက်၊ သမီးတယောက်ပင် ထွန်းကားနေပါပြီ။

“ငါ့အတွက် မဟုတ်ဘူးလေကွာ၊ ဆရာစစ် အတွက်၊ ဒီမှာနေတုန်း ပျင်းနေမှာစိုးလို့
အဖော်လေးရအောင် ပြောပေးနေတာ၊ဘာပဲဖြစ်ဖြစ် မယ်ရီလေးက သွက်သွက်လက်လက်
ထက်ထက်မြက်မြက်လေးဆိုတော့ ဆရာလည်း ပျင်းရတော့မှာမဟုတ်ဘူးပေါ့”

ဇင်မာ က မျကိစောင်းထိုးရင်း “သိနေတယ်နော် သိနေတယ်”လှမ်းစတော့ သုံးယောက်သားရယ်မိကြသည်။




(၆)


“ယူအားရင် လာခေါ်ပေးရမလား”

နှစ်ရက်နီးနီး တပူးတွဲတွဲသွားပြီးနောက် ခင်မင်ရင်းနှီးနေသည့် အသံလေးက မနက်စောစော ဖုန်းထဲ ဝင်လာသည်။

“ဘယ်မှာနေလဲ သိလို့လား”

တဖက်က ရယ်သံ ခပ်လွင်လွင်ထွက်ပေါ်လာသည်။

“ဒီမှာက ကျဉ်းကျဉ်းလေးပါ။ သိချင်ရင် အလွယ်ကလေး”

“အင်း ဘယ်လိုလုပ်”

“စတာပါ၊ မစ္စစ် ဇင်မာပြောတာ၊ သဘက်ခါပြန်တော့မှာဆို”

“အင်း ဟုတ်တယ်”

“ဆေးရုံတွေကြည့်ပြီးပြီလား”

“ဒီနေ့ နှစ်ခုပြီးရင် ပြီးပါပြီ၊ မနက်ဖြန် မစ္စစ်ဇင်မာ တို့ဆီအကြောင်းပြန်ပြီး ဖိုင်နယ်လိုက်လုပ်မှာ”

“မေးသင့်လားတော့ မသိဘူး”

“ဘာသိချင်လို့လဲ မေးပါ”

“တို့ဆေးရုံကိုရွေးလိုက်လားလို့ပါ”

“မှန်တာပြောရမလား”

“ပြောပါ ပွင့်ပွင့်လင်းလင်းပေါ့”

“မယ်ရီတို့ ဆေးရုံက တို့မှန်းတာထက် မြင့်နေတယ်၊ လူနာက အကြာကြီးတက်ရမှာဆိုတော့..”

“အိုကေ တို့နားလည်ပြီ၊ ကိစ္စမရှိဘူး”

“ဒုတိယမေးခွန်းဆက်မေးရမလား”

“ဘာသိချင်သေးလို့လဲ”

“လူနာက ယူနဲ့ ဘာတော်တာလဲ”

အကောင်းဆုံးအဖြေကို တချက်စဉ်းစားလိုက်သည်။

“ကိုယ့်ဆွေမျိုးပဲ ဆိုပါတော့”

“အိုကေ နားလည်ပြီ၊ ခင်မင်ရင်းနှီးမှုအနေနဲ့ ညစာလိုက်ကျွေးရင်ရော ယူလက်ခံမလား၊ အခု ဆေးရုံကြည်ဦးမှာဆိုရင် ညကျမှခေါ်တော့မယ်လေ”

အားနာနာနှင့် ငြင်းပယ်မည်ဟု တွေးလိုက်မိကေမယ့် တဖက်ကစေတနာနှင့် ခေါ်သဖြင့် သင့်ပါ့မလားဟုတွေးမိသည်။အမှန်တော့ ဒီရက်ပိုင်း စိတ်ပင်ပန်း လူပင်ပန်းမှုကြောင့် ဖြစ်နိုင်လျှင်ဘယ်မှမသွားချင်တော့။ ဒီနေ့ဟော်တယ်မှာပဲ ညစာစားမည်ဟု တွေးထားမိသည်၊ ထို့ကြောင့် သူရောက်နေတာ ငယ်သူငယ်ချင်းအချို့ကိုပင် အသိမပေးဖြစ်ခဲ့။

“ဒီမှာက ယောကျာ်းရော မိန်းမရော အကုန်ပွင့်ပွင့်လင်းလင်းပဲနေကြပြောကြစားကြသောက်ကြတာ၊ ပြီးတော့ ခင်မင်ရင်းနှီးတဲ့သူတွေဆို ခေါ်ပြီး ဒင်နာကျွေးလေ့ရှိတယ်၊ အချင်းချင်းလေးစားသမှုပေါ့”

ဇင်မာ့စကားကြားယောင်ပြီး ငြင်းပယ်ရမှာ အားနာမိပြန်သည်။

“ညနေတော့ ပြီးမယ်ထင်တာပဲ”

“အိုကေလေ၊ ဒါဆို ဒီလိုလုပ်၊ ညနေ အေးအေးဆေးနားလိုက်၊ ညပိုင်း ဘယ်အချိန်လာခါ်ပေးရမလဲ”

“မခေါ်ပါနဲ့ ၊ ကိုယ့်ဘာသာ လာခဲ့ပါ့မယ်။ နေရာပဲပြောပါ”

“အင်း ခဏစဉ်းစားလိုက်ဦမယ်..ပြီးရင် ယူ့ဆီမက်ဆေ့ချ်ပို့လိုက်မယ်၊ စီး ယူ”

ဖုန်းပြောပြီးတော့ စစ်လွင် ဖုန်းကို ကုတင်ပေါ်တင်ပြီး ခန်းစီးလိုက်ကာကို ဆွဲတင်လိုက်သည်။ အပေါ်စီးမှ လှမ်းမြင်နေရသော အော့ချက်လမ်းပေါ်တွင် သက်ဝင်လှုပ်ရှား ဉဒဟိုသွားလာနေသော အရောင်အသွေးစုံကိုကြည့်ရင်းသက်ပြင်းကိုလေးလေးကြီးချမိသည်။ ဪ ငါလည်း သူတို့လို လှုပ်ရှားရဦးမှာပါလား။





(၇)


ဝိုက်ယက်ထ် မန်းကီး ကော်ဖီဆိုင်။

စုံတွေတွေ အထိုင်များသော ဒန်းလော့လမ်းပေါ်ရှိ ကော်ဖီဆိုင်လေးတခုသို့ မယ်ရီလင်းက ဦးဆောင်ခေါ်သွားသည်။ ကော်ဖီမျိုးစုံ၊ စက်မျိုးစုံခင်းကျငိးပြသထားသော ဆိုင်က သိပ်အကြီးကြီးတော့မဟုတ်ပေမယ့် အေးအေးဆေးဆေး စကားပြောလို့တော့ကောင်းဟန် တူ၏။ ဒီကြားထဲ စိတ်ဝင်စားလျှင် ကော်ဖီကို ကိုယ်တိုင်ဝင်လေ့လာလို့လည်း ရပြန်သည်။

“ဒါက ဘာလေးလဲ”

တွေ့တွေ့ချင်း သူလက်ဆောင်ယူလာသော ယွန်းသေတ္တာဗူးလေးကို ပေးတော့ မယ်ရီက နားမလည်သလို မေးသည်။

“အဖိုးတန်တယ်ပြောလို့ရသလို အဖိုးမတန်ဖူးပြောလို့ရတဲ့ ပစ္စည်းလေးတခုပါ၊ ကိုယ်တို့ဆီမှာ တန်ဖိုးရှိတဲ့ ပစ္စည်း၊လက်ဝတ်ရတနာလေးတွေကို ဒီယွန်းခွက်လေးထဲမှာ ထညိ့သိမ်းတတ်ကြတယ်။ မပျောက်ပျက်အောင်ပေါ့၊ သိပ်တန်ဖိုးမရှိဘူးဆိုပေမယ့် ထည့်တဲ့ပစ္စည်းပေါ်မူတည်ပြီး တန်ဖိုးတက်သွားတဲ့ ပစ္စည်းမျိုးပါ”

မယ်ရီက ယွန်းခွက်လေးကို တယုတယ လှမ်းယူရင်း “ယူက အိုင်ဒီယာ သိပ်ကောင်းတာပဲ၊ ကျေးဇူးတင်ပါတယ်”ဟုဆိုသည်။ ကျေးဇူးတင်ပါတယ် ဟူသော စကားကိုတော့ မပီကလာ ဗမာသံနှင့် ပြောသည်။

“ဪ..သဘက်ခါပြန်တော့မှာဆိုတော့ လေယာဉ်လက်မှတ်စီစဉ်ပြီးပြီလား”

“မနက်ဖြန်မှ စီစဉ်မှာပါ”

“နေပါဦး၊ ယူက ဘာလို့အဲလောက်လောနေတာလဲ၊ ဘာကူညီပေးရဦးမလဲ”

“ရပါတယ် အကုန်အစဉ်ပြေပါတယ်”

မယ်ရီက မေးပေါ် လက်ထာက်ပြီး တွေးတွေးဆဆ ပြောသည်။

“ယူ ဒီကိုလာတာ အရေးကြီးတဲ့ဆွေမျိုး အတွက်ဆိုတာ ဟုတ်လား၊ ဇင်မာပြောတော့
ယူ့မိန်းကလေးမိတ်ဆွေအတွက်ဆို”

“မိန်းကလေးက သူငယ်ချင်းလား၊ရည်းစားလား”

ပွင့်လင်းလွန်းသော ထိုမေးခွန်းကြောင့် စစ်လွင်ရုတ်တရက် ဘာပြန်ဖြေရမှန်းမသိ။

မျက်နှာပူပူနှင့် ရည်းစားပါ ဟုပြောလိုက်သည်။ မကြာခင် လက်ထပ်တော့မည့် အကြောင်းတော့ ထည့်မပြောမိ။




(၈)



“ဒါနဲ့ ကော်ဖီကြိုက်တတ်သလား၊ ဒီမှာက ကော်ဖီအစုံရတယ်”

“ကြိုက်တော့ကြိုက်ပါတယ်။ ကော်ဖီသမားစစ်စစ်တော့ မဟုတ်ဘူး”

“ဘယ်လို…”

“ဪ…ဒီကလူတွေလို ကော်ဖီခါးခါး မသောက်တတ်ဘူး့ ပြောတာပါ၊ တို့က အချိုပါမှ သောက်နိုင်တာ၊ ပြီးတော့ ကော်ဖီတစ်ခွက်စျေးကြီးကြီးပေးသောက်ရတာ သိပ်ဘဝင်မကျဘူး”

“ယူက ပွင့်လင်းတယ်နော်၊ တခြားယောကျာ်းတွေနဲ့မတူသလိုပဲ”

“မြှောက်ပြောနေတာလား၊ ကိုယ့်မှာပိုက်ဆံပါမလာဘူးနော်”

သူ့စကားကြားတော့ မယ်ရီက သဘောကျစွာရယ်သည်။

“ယူက တခါတရံနောက်လည်းနောက်တတ်တယ်နော်”

“စိတ်ရှူပ်စရာသိပ်များပြီး မွန်းကျပ်လာတဲ့အခါ စိတ်ထွက်ပေါက်တခုလိုတယ်လေ”

“ယူ အရမ်းစိတ်ရှုပ်နေတယ်ထင်တယ်”

မယ်ရီကသူ့ကို ခပ်တွေတွေလေးစိုက်ကြည့်ပြီး စကားတခွန်းဆိုသည်။

“စိတ်တော့ မဆိုးနဲ့”

“ဘာလဲ”

“ယူဒီမှာနေတုန်း စိတ်ညစ်စရာတွေ ဘေးဖယ်ပြီး ပျော်ပျော်ရွင်ရွင် နေသွားပါလား၊ အိုင် အဲတခုတော့ ကူညီနိုင်ပါတယ်”

လှပဖူးပွင့်နေသော နှုတ်ခမ်းတို့အောက်မှ ပွင့်လင်းလှစွာသော စကားတို့ အန်ထွက်ကျလာသည်။ ရင်ခုန်သံက ရုတ်ချည်းမြန်ဆန်လာပြီး မယ်ရီမျက်နှာလေးကို ငေးကြည့်နေမိသည်။




(၉)


သည်လောက်လှပနုနယ်နေသည့် မိန်းကလေးကို စိတ်မလှုပ်ရှားပါဟုပြောလျှင် သူကိုယ်တိုင် ပုံမှန်မဟုတ်သည့် ယောကျာ်းဖြစ်ရဦးမည်။ ဖူးညွတ်နေသော နှုတ်ခမ်းလေး၊ ကော့ညွှတ်နေသော မျက်တောင်အောက်က မျက်ဝန်းတွေက အရောင်တလဲ့လဲ့။ တယောက်မျက်နှာ တယောက် စိုက်ကြည့်နေရင်း ရင်ခုန်သံက ပိုမိုမြန်ဆန်လာသည်။ မျက်နှာချင်း နီးကပ်လာသည်။ နှုတ်ခမ်းချင်းထိကပ်လုမတတ်ဖြစ်သွားသည်။


အတွေးထဲတွင် ၃ နှစ်ကျော် တွဲခဲ့သည့် မျိုးမျိုး မျက်နှာလေးကိုမြင်ယောင်ပြီး မိမိကိုယ်ကို ရှက်ရွှံ့စိတ်၊သိမ်ငယ်စိတ်တို့ဖုံးလွှမ်းသွားပြီး ခေါင်းကို ရုတ်ချည်း လွှဲဖယ်လိုက်မိသည်။ မယ်ရီ့ မျက်နှာ ရှက်စိတ်ကြောင့် ရဲရဲနီသွား၏။

“ယူ… ယောကျာ်းကော ဟုတ်ရဲ့လား”

ခံပြင်းဒေါသစိတ်ဖြင့် အံလေးမသိမသာကြိတ်ရင်းမေး၏။

သူနှင့် မျက်နှာချင်း မဆိုင်ရဲတော့ဟန် မျက်စိရှေ့ကော်ဖီခွက်ကို ငေးကြည့်မိသည်။ နောက်မှ လှုပ်ရှားနေသော စိတ်ကိုထိန်းပြီး တိုးတိုးပြောသည်။

“ကိုယ့်မှာ ရည်းစားရှိတယ် မယ်ရီ”

ကောင်မလေးမျက်မှောင်ကြုတ်ရင်း…

“အဲဒီတော့ဘာဖြစ်လဲ…ဒီမှာတော့ အသက်အရွယ်ပြည့်ရင် ကိုယ့်ဆုံးဖြတ်နဲ့ကိုယ်နေကြတာပဲ၊ ဒါသူများကို ထိခိုက်တဲ့ကိစ္စမှမဟုတ်တာ”

ဒေါသတဝက်၊ ခံပြင်းစိတ် တဝက်ဖြင့် မကြေမချမ်းဆို၏။

“သူတပါးကို မထိခိုက်ဘူးဆိုတိုင်း ကိုယ့်အထင်နဲ့ကိုယ်ပြောလို့မှ မရတာ မယ်ရီ”

“ဘာပြောတယ်”

စစ်လွင် သက်ပြင်းကိုချရင်း မယ်ရီမျက်နှာက်ု လှမ်းကြည့်လိုက်သည်။





(၁၀)


“လူတိုင်းမှာ ကောင်းစိတ်၊ မကောင်းတဲ့စိတ် တလှည့်စီ ပြောင်းလဲနေတတ်တယ်ဆိုတာ မယ်ရီလက်ခံတယ်မလား”

မယ်ရီစကားပြန်မပြော။ အံလေးကိုသာကြိတ်ထားဆဲ။

“လူ့စိတ်ဆိုတာ အစဉ်အစိုးမရဘူးဆိုတဲ့စကား မှန်ပေမယ့် အစိုးမရတိုင်း လွှတ်ထားရမယ်လို့ ဆိုလိုတာမှ မဟုတ်တာ”

မယ်ရီ့မျက်နှာ ကွက်ခနဲပျက်သွားသည်။

“ယူဘာပြောချင်တာလဲ၊ ပွင့်ပွင့်လင်းလင်းပြော”

“ပွင့်ပွင့်လင်းလင်းပြောရရင် ကိုယ်တို့ချင်း မနီးစပ်သင့်တာပဲ မယ်ရီ”

“ဘာ့ကြောင့်လဲ”

“ဘာ့ကြောင့်လဲဆိုတော့ ကိုယ့်ချစ်သူက မကြာခင်လက်ထပ်မယ့်သူဖြစ်နေလို့ပေါ့”

“အဲသည်တော့ ဘာဖြစ်သေးလဲ၊ အခုကိစ္စ သူသိမှာမှ မဟုတ်တာ”

မယ်ရီ မကြေမချမ်း အတွန့်တက်မိသည်။

“သူမသိပေမယ့် ကိုယ့်ဟာကိုယ် သိနေတယ် မယ်ရီ။ ပြီးတော့…”

“ပြီးတော့ ဘာဖြစ်လဲ”

“လက်ထပ်ဖို့ ရည်ရွယ်သူရှိထားပြီးသား ယောကျာ်းတယောက်က လက်မထပ်ရသေးတဲ့ အပျိုစင် မိန်းကလေးတယောက်အပေါ် ဘယ်လိုနည်းနဲ့မှ အခွင့်ရေးမယူသင့်ဘူးလေ မယ်ရီ၊ အခွင့်အရေးယူလိုက်ရင် အဲဒီယောကျာ်းက လူယုတ်မာလုံးလုံးဖြစ်ရတော့မှာ”

“အဓိပ္ပါယ်မရှိလိုက်တာ၊ နှစ်ဦးသဘောတူ ဆုံးဖြတ်ချက်တခုက လူယုတ်မာဖြစ်သွားမယ်ပေါ့… ဟုတ်လား”

ရွဲ့သံနှင့်ပြောတော့ စစ်နိုင် ခေါင်းကို မသိမသာ ခါပြသည်။

“အထက်တန်းကျတဲ့ နိုင်ငံတနိုင်ငံမှာနေ၊ အထက်တန်းကျတဲ့ အစားအသောက်တွေ စားနေရုံနဲ့ အထက်တန်းကျတဲ့ လူတယောက် မဖြစ်နိုင်ဘူးဆိုတာ မယ်ရီလည်းသိပြီးသားပါ။ လူယုတ်မာဆိုတာ ရုပ်ရှင်ဇာတ်လမ်းထဲကလို မျက်မှန်မည်းကြီးနဲ့အမြဲတပ်လာမယ်လို့ မျှော်လင့်ထားလို့မှ မရတာ၊
မထင်မှတ်တဲ့ စိတ်၊ မထင်မှတ်တဲ့ ခံစားချက် အလိုလိုက်ပြီး အမှတ်မထင်လုပ်လိုက်တဲ့ လုပ်ရပ်တစ်ခုကနေလည်း လူယုတ်မာလုံးလုံး ဖြစ်နိုင်တယ်”

“ဒါကတော့ ကိုယ့်ဘာသာ သတ်မှတ်တာပါ”

“ဘာမှသွေးမတော် သားမစပ်တဲ့ လူနှစ်ယောက်က ခဏတာဆုံတွေ့ရတဲ့ နှောင်ကြိုးလေးတွေ ကိုယ်စီကိုင်ပြီး အချစ်ဆိုတဲ့ခေါင်းစဉ်တပ်လို့ သစ္စာတရားထားရှိရမယ့် နယ်နမိတ်ကို ကျော်လွန်လာတဲ့အခါ အရင်ဆုံးပျက်ဆီးရမှာက မယ်ရီ့ရဲ့အပျိုစင်ဘဝ၊ ဒုတိယပျက်စီးရမှာက ကိုယ့်ရဲ့ စာရိတ္တ၊ တတိယပျက်ဆီးရမှာက သူငယ်ချင်းမိတ်ဆွေ ဆိုတဲ့ ခင်မင်ရင်းနီးမှု၊ စတုတ္ထပျက်ဆီးရမှာက ကိုယ်နဲ့ မျိုးမျိုးကြားထားရှိအပ်တဲ့ သစ္စာတရား၊ ဒါတွေအားလုံး ပြိုလဲပျက်ဆီးရတော့မှာ”

မယ်ရီ ပထမဆုံးအကြိမ် ရှက်ရွံ့စွာ ခေါင်းငုံ့လိုက်သည်။

“မယ်ရီ ကိုယ့်ကို အောက်တန်းကျတဲ့ ယောကျာ်းတယောက်အဖြစ် တသက်လုံး မြင်သွားချင်လို့လားဟင်”

သူ့စကားအဆုံးမှာတော့ မယ်ရီစိတ်ထိခိုက်စွာ စားပွဲပေါ်မျက်နှာအပ်ငိုလေတော့သည်။ သက်လွင်ကတော့

မတို့ထိရသေးသည့် ကော်ဖီခွက်လေးကိုသာ တွေဝေငေးမောကြည့်နေဆဲ။

(၁၁)


“မိတ်ဆွေတယောက်အနေနဲ့ လိုက်ပို့ခွင့်ပြုမယ်မလား”

ပြန်ခါနီး လိုက်ပို့တော့ ပြောသည့်စကားလေးတခွန်း။ အပြန် ချန်ဂီလေဆိပ်ထဲထိ ကိုယ်တိုင်လိုက်ပို့ရှာသည်။

“ဟိုရောက်ရင် အီးမေးလ်တော့ လှမ်းပို့လိုက်ဦးနော်၊ မြန်မာပြည်အလည်လာရင် ရှောင်ထွက်မသွားပါဘူးလို့ ကတိပေးပါလား”

ဘာမှမဖြစ်သလို ပြုံးယောင်လေးပြုပြောတာမြင်တော့ စိတ်ထဲမကောင်းမိ။

“စိတ်ချပါ။ ရှောင်ထွက်မသွားပါဘူး။ ပုန်းပဲနေမှာ”

မယ်ရီက ပါးစပ်ကို လက်လေးနှင့်အုပ်ရင်း ရယ်သည်။ နောက်မှ…

“ဪ မေ့တော့မလို့”

အိတ်ထဲထည့်ထားသော လက်ဆောင်ဗူးလေးကို လှမ်းပေးသည်။

“ဒီမှာတော့ ချောကလက်ပဲ လက်ဆောင်ပေးကြတာ၊တမျိုးမထင်စေချင်ဘူး”

“ကျေးဇူးတင်ပါတယ် ကိုယ့်ဖက်က ပေးစရာမရှိလို့ စိတ်မကောင်းဘူး”

“မေ့ချင်ယောင် ဆောင်တာလား၊ တကယ်မေ့နေတာလား”

မယ်ရီက သူပေးထားသည့် ယွန်းထည်ကြုတ်လေးကို အိတ်ထဲက ထုတ်ပြသည်။

“ဪ… သိမ်းထားတုန်းပဲလား”

“တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ဒီယွန်းကြုတ်လေးထဲ အမြဲထည့်သိမ်းထားရတယ်ဆိုလို့ အမှတ်တရ သိမ်းထားတာ”

“ကိုယ်တို့ဆီမှာတော့ တန်ဖိုးရှိတဲ့ ပစ္စည်းမှန်သမျှ ဒီထဲထည့်ပြီး သိမ်းဆည်းတတ်ကြတယ်”

မယ်ရီက သူ့စကားကို နားထောင်ရင်း ကြုတ်ကလေးကို လှစ်ဟပ်ပြလိုက်၏။

အထဲတွင် ဘာအဖိုးတန်ပစ္စည်းမှ ရှိမနေချေ။ စက္ကူဖြူ အပိုင်းစလေးတရွက်သာရှိနေပါ၏ စာရွက်ဖြူပေါ်တွင် အနက်ရောင်မှင်နှင့် ရေးထားသော “Love”ဟူသည့် စကားလုံးလေးကို ထင်ထင်ရှားရှားမြင်လိုက်ရသည်။


“တွယ်တာမြတ်နိုးစရာ အဖိုးတန်ပစ္စည်းရယ်လို့ မရှိပါဘူး။ တန်ဖိုးထားစရာဆိုလို့ ဒီပစ္စည်းလေးကို တသက်လုံး အမှတ်တရ သိမ်းဆည်းထားမှာပါ။ ပြီးတော့ နောက်ထပ် ဘယ်သူ့ကိုမှ ထပ်ဖွင့်မပြဖူးလို့ ကတိပေးတယ်။ ကဲ… သွားတော့လေ ဟိုမှာခေါ်နေပြီ”


အင်တာကွန်မှ ကြည်လင်ပြတ်သားသော အသံကို ကြားတချက် မကြားတချက် လက်ပြနှုတ်ဆက်ရင်း အထဲသို့ ဝင်လာခဲ့၏။ လေယာဉ်ပေါ်ရောက်မှ သူပေးလိုက်သည့် ချောကလက်ဗူးလေးကို သတိတရ ဖွင့်ကြည့်လိုက်မိသည်။


အထဲတွင် ချောကလက်တောင့်လေးတွေအစီအရီရှိနေ၏။ ပြီးတော့ စာရွက်ခေါက်လေးတခုရော..။ စာရွက်လေးထဲတွင် ”friendship forever”ဟု အမျိုးသမီး လက်ရေးဖြင့် ရေးထားတာ စကားလုံးလေးတွေကို မြင်လိုက်ရသည်။


ဪ..တွယ်တာမြတ်နိုးရသည့် သံယောဇဉ်ကြိုးလေးကို မိမိဘာသာ တသက်လုံး သိမ်းဆည်းထားပြီး အပြန်အလှန်လေးစားတန်ဖိုးထားရမည့် အရာလေးတခုကို လက်ဆောင်ပြန်ပေးလိုက်သည့် ချစ်စရာ မိန်းကလေးအကြောင်း တွေးရင်းယောကျာ်းတန်မဲ့ မျက်ရည်တစ်ပေါက်လွင့်ကျလာသည်။


“ခံစားချက်တို့ကို တနေရာရာမှာ သိုဝှက်သိမ်းဆည်းထားရမယ်ဆိုရင် တန်ဖိုးရှိတဲ့ ကြုတ်လေးထဲမှာပဲ ထာဝရ

သိမ်းထားလိုက်ပါ့မယ်”

                                                                                                                   မယ်ရီ


ဒေါက်တာအေးမင်းထူး

Write Reviews

Leave a Comment

Please Post Your Comments & Reviews

Your email address will not be published. Required fields are marked *

5 Comments & Reviews

  • temp mail

    And really creative … super!

  • temp email

    I am also worried about this question. Please tell me – where can I find more information on this subject?

  • Oil Folex

    The blog is super, there would be more like it!

  • bitcoin private key

    I looked, cool …

  • ai list

    I specially registered on the forum to thank you for your support.